Chapter 2.25 (Financial Management) - အကြွေးကို စက္ကူ အဖြစ်ပြောင်းပြီး ရောင်းစားခြင်း- Securitization Law ရဲ့ အလုပ်လုပ်ပုံ

Chapter 2.25 (Financial Management) - အကြွေးကို စက္ကူ အဖြစ်ပြောင်းပြီး ရောင်းစားခြင်း- Securitization Law ရဲ့ အလုပ်လုပ်ပုံ

ပုံမှန်အားဖြင့် အကြွေး ဆိုတာ ပေးဆပ်ရမယ့် တာဝန်တစ်ခုလို့ပဲ ကျွန်တော်တို့ မြင်ကြပါတယ်။ ဒါပေမဲ့ ပါးနပ်တဲ့ အရင်းရှင်ကြီးတွေနဲ့ ဘဏ်ကြီးတွေအတွက်တော့ အကြွေးဆိုတာ ရောင်းကုန် တစ်ခုပါ။ သူတို့တွေက သာမန်လူတွေ မမြင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အိမ်ကြွေး၊ ကားကြွေးတွေကို စုပေါင်းပြီး Wall Street လို ဈေးကွက်ကြီးတွေမှာ ငွေသားအဖြစ် ပြောင်းလဲပစ်နေကြပါတယ်။

ဒါပေမဲ့ ဒီလို အကြွေးတွေကို အထုပ်လိုက်ရောင်းချတဲ့ နေရာမှာ ဝယ်ယူမယ့် ငွေရှင်ကြီးတွေဘက်က အကြီးမားဆုံး စိုးရိမ်မှုတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ငါတို့ဝယ်ထားတဲ့ အကြွေးထုပ်ကြီးက လုံခြုံရဲ့လား ဆိုတဲ့ အချက်ပါပဲ။ ဒီစိုးရိမ်မှုကို ဖြေရှင်းပေးပြီး အကြွေးတွေကို စက္ကူ (Securities) အဖြစ် တရားဝင် ပြောင်းလဲပေးလိုက်တာကတော့ Securitization Law ပဲ ဖြစ်ပါတယ်။

Securitization Law ဆိုတာ တကယ်တော့ အကြွေးစာချုပ်တွေကို ငွေသားအဖြစ် ပြောင်းလဲတဲ့အခါ လိုက်နာရမယ့် စည်းကမ်းလမ်းညွှန် ပဲ ဖြစ်ပါတယ် (Fabozzi & Kothari, 2008) ။

MBS အတွက် Securitization Law က လိုအပ်တဲ့အကြောင်းအရင်းကငွေရှင်ကြီးတွေရဲ့ စိုးရိမ်မှုကို ကာကွယ်ဖို့ပါ။

ငွေကြေးရှင်တွေက ဘာကို ကြောက်တာလဲ

ဘဏ်က လူပေါင်း ၅၀၀၀ ဆီက ရမယ့် အကြွေးစာချုပ်အထုပ်ကြီး ကို Wall Street က အရင်းရှင်တွေကို ရောင်းချင်ပါတယ်။ ဒါပေမဲ့ ငွေရှင်ကြီးတွေက တစ်ခုပဲ ကြောက်ပါတယ်။

ငါတို့က ဒီအကြွေးထုပ်ကြီးကို ဘဏ်ဆီက ဝယ်လိုက်ပြီ။ ဒါပေမဲ့ နောက် ၅ နှစ်နေလို့ ဘဏ်ကြီး ဒေဝါလီခံသွားရင် (သို့မဟုတ်) အစိုးရက ဘဏ်ကို ပိတ်လိုက်ရင် ငါတို့ဝယ်ထားတဲ့ အကြွေးထုပ်ကြီးပါ အသိမ်းခံရမလား

ဒီမှာတင် Securitization Law က ဝင်လာတာပါ။အကြောင်းက 

ဥပဒေက ပေးတဲ့ အာမခံချက် ရှိလာလို့ပါ။

ဒီဥပဒေမှာ အရေးကြီးဆုံး အချက်က ဒါဟာ အငှားမဟုတ်ဘူး၊ အပိုင်ရောင်းတာ လို့ သတ်မှတ်ပေးတာပါ။

  • တစ်ကယ်လို့  ဥပဒေသာမရှိရင် ဘဏ်က ဒေဝါလီခံရင် ဘဏ်ရဲ့ အကြွေးရှင်တွေက ဒီအကြွေးထုပ်ကြီးကိုပါ ဝိုင်းလုကြပါလိမ့်မယ်။

  • ဥပဒေရှိနေရင်တော့ ဘဏ်က ဒီအထုပ်ကို ရောင်းပြီးတာနဲ့ ဒါဟာ ဘဏ်နဲ့ လုံးဝ (လုံးဝ) မဆိုင်တော့ဘူးလို့ ဥပဒေက ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒါကြောင့် ဘဏ်ကြီး ဘာဖြစ်ဖြစ် ဝယ်ထားတဲ့ ငွေရှင်တွေရဲ့ ပိုင်ဆိုင်မှုက ကျောက်ခဲလို ခိုင်မာနေမှာပါ။


ဒါဆို ဥပဒေက သတ်မှတ်တဲ့ ကြားခံစနစ် (SPV) အကြောင်းကို သိဖို့လိုအပ်လာပါပြီ။

(SPV) ဆိုတာ Special Purpose Vehicle ရဲ့ အတိုကောက်ဖြစ်ပြီး မြန်မာလိုပြောရရင် သီးသန့်ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ အစည်း လို့ အဓိပ္ပာယ်ရပါတယ်။

သူ့ကို နားလည်အောင် အလွယ်ဆုံး ပြောရရင် SRV ဆိုတာ

  • စာရွက်ပေါ်က ကုမ္ပဏီ သက်သက်ပါ
  • ကာကွယ်ရေးတံတိုင်း လိုလည်း အလုပ်လုပ်ပါတယ်

SPV ဆိုတာ ပုံမှန်ကုမ္ပဏီတွေလို ဝန်ထမ်းတွေ၊ ရုံးခန်းတွေ၊ ကားတွေ အများကြီးရှိတဲ့ ကုမ္ပဏီမျိုး မဟုတ်ပါဘူး။ သူက ဥပဒေအရ တည်ဆောက်ထားတဲ့ ကြားခံအဖွဲ့အစည်း တစ်ခုပါ။ သူ့မှာ လုပ်စရာ အလုပ်တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကတော့ ဘဏ်ဆီက အကြွေးထုပ်ကြီးကို ခေတ္တလက်ခံပေးထားဖို့ ပါပဲ။

 

နောက်တစ်ခုက SPV ကို ဘာလို့ သုံးရသလဲဆိုရင် ဘဏ်နဲ့ အကြွေးထုပ်ကို လုံးဝခွဲထုတ်ပစ်ဖို့ အတွက်ပါ။ ပြောရမယ်ဆိုရင်  ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလအတွင်းမှာ အမေရိကန်မှာရှိတဲ့ Lehman Brothers ဘဏ်ကြီး ဒေဝါလီခံ ပြိုလဲသွားတဲ့အချိန်မှာ  ဒီဘဏ်နဲ့ သီးခြားခွဲထုတ်ထားသည့် Securitized Assets တွေက SPV ဖွဲ့စည်းပုံကြောင့်လည်း တရားဥပဒေအရ ကာကွယ်မှု ရရှိခဲ့တာပါ(Anderson, 2008)  ။အဲ့တော့ ဥပမာအားဖြင့် 

  • ငွေရှင်တွေနဲ့ ‌အလုပ်လုပ်ထားတဲ့ ဘဏ်ကြီး ပြိုလဲသွားတယ်ပါ။ ဘဏ်ကြီးတစ်ခုလုံး ဒေဝါလီခံပြီး ပျက်စီးသွားပါစေ၊ SPV ထဲကို ရောက်သွားတဲ့ အကြွေးထုပ်ကြီးကတော့ ဘာမှမဖြစ်ပါဘူး။ ဘဏ်ရဲ့ အကြွေးရှင်တွေကလည်း ဒီ SPV ထဲက ငွေတွေကို လာသိမ်းလို့ မရပါဘူး။

  • ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ Wall Street က ငွေကြေးရှင်တွေက ဘဏ်ကို မယုံပေမဲ့ ဒီ SPV သေတ္တာထဲက အကြွေးတွေကိုတော့ ယုံကြည်စိတ်ချစွာ ဝယ်ရဲကြပါတယ်။

SPV ဘယ်လို အလုပ်လုပ်သလဲဆိုတာ ဥပမာလေးနဲ့ ကြည့်ကြည့်ပါ

၁။ ဘဏ်က အိမ်ချေးငွေ အကြွေးစာချုပ်တွေကို SPV ထံ ရောင်းချလိုက်ပါတယ်။ 

၂။ SPV က အဲဒီအကြွေးတွေကို အခြေခံပြီး MBS (Securities) လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု လက်မှတ်တွေကို ထုတ်ဝေပါတယ်။ 

၃။ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီလက်မှတ်တွေကို ဝယ်ကြပါတယ်။ 

၄။ အိမ်ရှင်တွေဆီက အတိုးနဲ့ အရင်းတွေ ဝင်လာရင် SPV ကနေတစ်ဆင့် ရင်းနှီးမြှုပ်နှံသူတွေဆီကို ပြန်ခွဲပေးပါတယ်။

MBS လက်မှတ်တွေဝယ်ယူခြင်း

SPV ကနေ MBS လက်မှတ်တွေ ထုတ်ဝေတဲ့အခါ ဘာလို့ ဝယ်ချင်တာလဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘဏ်မှာ ငွေစုထားတာထက် ပိုများတဲ့ အတိုးနှုန်းကို ရရှိနိုင်သလို၊ လစဉ်လည်း ပုံသေဝင်ငွေ ရနေတဲ့အတွက် ဒီလက်မှတ်တွေကို ဝယ်ယူကြတာပါ။


ပြောရရင်

SPV ဆိုတာ ဘဏ်ဆီက ပိုင်ဆိုင်မှု  တွေကို ရင်းနှီးမြှုပ်နှံသူဆီ လုံလုံခြုံခြုံ လွှဲပြောင်းပေးနိုင်ဖို့ ကြားကနေ ခံပေးထားတဲ့ တရားဝင် သေတ္တာ တစ်လုံးပါပဲ။ သူရှိနေမှသာ အရင်းရှင်တွေက ဘဏ်ရဲ့ ပြဿနာတွေကို မကြောက်ဘဲ စိတ်ချလက်ချ ငွေထည့်ဝင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Securitization စနစ် ကျယ်ကျယ်ပြန့်ပြန့် မပေါ်ပေါက်သေးတာကို အရှေ့အပိုင်းမှာဖော်ပြခဲ့ပါတယ်။ ပြန်ပြောရရင် 

  • Secondary Market အားနည်းတာ
  • နှစ်ရှည် အိမ်ခြံမြေချေးငွေ နည်းပါးတာ
  • ဥပဒေနှင့် နည်းဥပဒေတွေကြောင့်ပါ။

သို့ပေမယ့် အခြားဘယ်နိုင်ငံတွေမှာတော့ ဒီဥပဒေဟာ အရေးကြီးတဲ့အပိုင်းကနေပါဝင်နေပါတယ်။

Securitization Law ဟာ Capital Market ဖွံ့ဖြိုးပြီးသား နိုင်ငံတိုင်းမှာ အလွန်အရေးပါတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။


အမေရိကန် 

  • Securitization ရဲ့ မိခင်နိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ Securities Act of 1933 နဲ့ နောက်ပိုင်း ပြင်ဆင်ချက်တွေအရ MBS နဲ့ ABS (Asset-backed Securities) ဈေးကွက်ဟာ ကမ္ဘာမှာ အကြီးမားဆုံးပါ (U.S. Securities and Exchange Commission, 2021)။

အိန္ဒိယ (India)
  • ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ဥပမာပါ။ အိန္ဒိယမှာ SARFAESI Act (2002) ဆိုတဲ့ ဥပဒေရှိပါတယ် (Ministry of Law and Justice, 2002)။ အဲဒီဥပဒေက ဘဏ်တွေရဲ့ အကြွေးတွေကို အစုအထုပ်လုပ်ပြီး ရောင်းချဖို့နဲ့ SPV တွေ တည်ထောင်ဖို့အတွက် ခိုင်မာတဲ့ လမ်းကြောင်းပေးထားပါတယ်။

ထိုင်းနှင့် ဗီယက်နမ် (ASEAN)
  • အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းမှာလည်း Special Purpose Vehicle for Securitization Act ဆိုပြီး သီးသန့်ရှိပါတယ် (Securities and Exchange Commission Thailand, 1997)။ ဗီယက်နမ်မှာလည်း အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ဒီဥပဒေလမ်းကြောင်းတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်နေပါတယ် (National Assembly of Vietnam, 2019)။

ဥရောပနိုင်ငံတွေ
  • EU Securitization Regulation အရ ဥရောပတစ်ခွင်မှာ စံနှုန်းတစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်အောင် စနစ်တကျ ပြဋ္ဌာန်းထားပါတယ် (European Union, 2017)


နိုင်ငံတကာမှာ ဒီဥပဒေကို ပြဋ္ဌာန်းရတဲ့ အဓိက ရည်ရွယ်ချက်က ဘဏ်တွေထဲမှာ ငွေမမြုပ်နေစေဖို့ ပါပဲ။
  • ဘဏ်က အိမ်ချေးငွေ အနှစ် ၂၀ ထုတ်ပေးလိုက်ရင် အဲဒီငွေ သိန်း ၅,၀၀၀ ဟာ ဘဏ်ထဲမှာ ၂၀ နှစ်ကြာ မြုပ်နေပါလိမ့်မယ်။

  • Securitization Law ရှိရင် ဘဏ်က အဲဒီအကြွေးစာချုပ်ကို အရင်းရှင်တွေဆီ ပြန်ရောင်းပြီး ငွေသား ချက်ချင်း ပြန်ရပါတယ်။

  • အဲဒီငွေသားနဲ့ နောက်ထပ် လူသစ်တွေကို ထပ်ချေးနိုင်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဟာ အဆက်မပြတ် လည်ပတ်နေတာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် -

Securitization Law ဆိုတာ -

  • အကြွေးတွေကို အရောင်းအဝယ် လုပ်လို့ရတဲ့ ပစ္စည်း အဖြစ် တရားဝင် အသိအမှတ်ပြုပေးတဲ့ ဥပဒေ။

  • ဝယ်တဲ့သူ (ငွေရှင်) အတွက် ဘဏ်နဲ့ မပတ်သက်ဘဲ စိတ်အေးအေးထားပါ လို့ အာမခံပေးတဲ့ ဥပဒေ။

  • အလယ်က ကြားခံသေတ္တာ (SPV) ကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ လက်စွဲစာအုပ် ပေးတဲ့ ဥပဒေ ဖြစ်ပါတယ်။



References



Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး