Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်
Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်
စီမံခန့်ခွဲမှု (Management) ဆိုတာ စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်ရုံနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ ဒါဟာ အနုပညာတစ်ခုလိုပဲ အချိန်ယူပြီး ပေါင်းစပ်ညှိနှိုင်းရတဲ့ အတတ်ပညာတစ်ခုပါ။ Manager တစ်ယောက်ရဲ့ ပခုံးပေါ်မှာ တာဝန်တစ်ခုရှိလာပြီဆိုရင် သူ့ရဲ့ အရည်အချင်းတွေကို အခြေအနေပေါ်မူတည်ပြီး အချိုးကျကျ ထုတ်သုံးတတ်ဖို့ လိုပါတယ်။
Manager တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းများ
အဆင့်ဆင့်သော Management Role တွေမှာ အောက်ပါ Skill ၃ ခုကို မျှတစွာ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်-
Technical Skills - လုပ်ငန်းခွင်သုံး ကိရိယာတွေ၊ နည်းစနစ်တွေကို နားလည်ကျွမ်းကျင်မှု (ဥပမာ- စာရင်းကိုင်ခြင်း၊ စက်ပစ္စည်းကိုင်တွယ်ခြင်း)။
Human Skills - တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး ကောင်းမွန်ခြင်း၊ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်ခြင်း။
Conceptual Skills - ပြဿနာကြီးတွေကို ခြုံငုံသုံးသပ်နိုင်စွမ်းရှိခြင်းနဲ့ အနာဂတ်အတွက် မဟာဗျူဟာမြောက် စဉ်းစားနိုင်ခြင်း (ဒါဟာ Top-level Management အတွက် အရေးအကြီးဆုံးပါ)။
ကျွန်တော်တို့ရဲ့ပြောနေကြတဲ့ Skill(၃) မျိုးဟာ Manager တစ်ယောက်အတွက် ဘယ်လိုအရေးပါတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ခွဲခြမ်းကြည့်ကြရအောင်။
၁။ Technical Skill - အလုပ်ကို လက်တွေ့ကျကျ နားလည်ခြင်း (The Tools of the Trade)
ဒါဟာ လုပ်ငန်းခွင်ရဲ့ အောက်ခြေအုတ်မြစ် ပါပဲ။ ကိုယ်က ဘဏ်တစ်ခုမှာ Manager လုပ်မယ်ဆိုရင် ဘဏ်လုပ်ငန်းရဲ့ စာရင်းဇယားတွေ၊ ငွေကြေးသုံးသပ်ချက်တွေနဲ့ Software တွေကို ကိုယ်တိုင် ကျွမ်းကျင်နေရပါမယ်။
- ဥပမာ - စားဖိုမှူးကြီးတစ်ယောက်ဟာ ဟိုတယ်တစ်ခုလုံးရဲ့ မီးဖိုချောင်ကို စီမံခန့်ခွဲရသူ (Manager) ဖြစ်ပါတယ်။ သူက ဘယ်သူတွေ ဘာလုပ်ရမယ်ဆိုတာကို ခိုင်းစေနေရုံနဲ့ မလုံလောက်ပါဘူး။ သူကိုယ်တိုင်က ဓားကို ဘယ်လိုကိုင်ရမလဲ၊ အသားကို ဘယ်လောက်အပူချိန်နဲ့ ချက်ရမလဲ၊ အရသာကို ဘယ်လိုစပ်ရမလဲ ဆိုတဲ့ အခြေခံအကျဆုံး အတတ်ပညာ (Technical Skill) ကို ကျွမ်းကျင်နေရပါမယ်။
အကယ်၍ စားဖိုမှူးကြီးက ဟင်းတစ်ခွက် ဘယ်လိုချက်ရမှန်း ကိုယ်တိုင်မသိရင် သူ့လက်အောက်က လူတွေကို ဘယ်လိုမှ လမ်းညွှန်လို့မရသလို၊ ဝန်ထမ်းတွေရဲ့ လေးစားမှုကိုလည်း ရမှာမဟုတ်ပါဘူး။
- အလုပ်ရှင်တွေက အစပိုင်းမှာ ကိုယ့်ဆီကနေ ဒီ Skill ကိုပဲ အရင်ကြည့်မှာပါ။ မင်းကတော့ Management တက်ထားတာပဲ၊ ဒါပေမဲ့ ဒီအလုပ်ကို လက်တွေ့လုပ်တတ်ရဲ့လား ဆိုတဲ့ မေးခွန်းအတွက် အဖြေဟာ ဒီ Technical Skill ပါပဲ။
၂။ Human Skill - လူတို့ရဲ့ နှလုံးသားကို ကိုင်တွယ်ခြင်း (The Art of Connection)
ဒါဟာ ကျွန်တော့်အကြိုက်ဆုံးနဲ့ အရေးအကြီးဆုံး လို့ ယူဆတဲ့ အပိုင်းပါ။ စက်ပစ္စည်းတွေကိုတော့ ခလုတ်နှိပ်ပြီး ခိုင်းလို့ရပေမယ့် လူ တွေကိုတော့ အဲဒီလို ခိုင်းလို့မရပါဘူး။
- လူတစ်ယောက်နဲ့တစ်ဦးကြားမှာ ယုံကြည်မှု (Trust) တည်ဆောက်တာ၊ ဝန်ထမ်းတစ်ယောက် စိတ်ဓာတ်ကျနေချိန်မှာ ဘယ်လိုပြန်ပြီး အားပေးမလဲ (Motivation) ဆိုတာတွေဟာ ဒီ Skill ပေါ်မှာပဲ မူတည်ပါတယ်။
- မြင်သာအောင် ပြောရရင် - Manager တစ်ယောက်ဟာ သံလိုက် တစ်ခုလို ဖြစ်နေရပါမယ်။ သံလိုက်ဟာ အနားမှာရှိတဲ့ အရာဝတ္ထုတွေကို ဆွဲငင်နိုင်သလို၊ ပြန့်ကျဲနေတဲ့ အစိပ်အပိုင်းတွေကိုလည်း တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းပေးနိုင်ပါတယ်။
ဆွဲဆောင်နိုင်ခြင်း (Attraction) - ကိုယ့်ရဲ့ ပြောဆိုဆက်ဆံပုံ၊ ကိုယ်ချင်းစာတရားနဲ့ စိတ်ဓာတ်ခွန်အားပေးနိုင်မှုတွေက ဝန်ထမ်းတွေကို ကိုယ့်နောက်ကနေ ကြည်ကြည်ဖြူဖြူ လိုက်ပါလာအောင် ဆွဲဆောင်နိုင်ရပါမယ်။
ပေါင်းစည်းပေးခြင်း (Integration) - မတူညီတဲ့ စရိုက်ရှိတဲ့ ဝန်ထမ်းတွေကြားမှာ ပဋိပက္ခမဖြစ်အောင် ညှိနှိုင်းပေးပြီး အဖွဲ့အစည်းကြီးတစ်ခုလုံး တစ်ခုတည်းသော ရည်မှန်းချက် ဆီကို ဦးတည်သွားအောင် စုစည်းပေးရပါမယ် (Whetten & Cameron, 2011)။
၃။ Conceptual Skill - အနာဂတ်ကို မြော်မြင်တဲ့ စိတ်ကူးဉာဏ် (The Big Picture)
ဒါကတော့ လင်းယုန်ငှက်တစ်ကောင်ရဲ့ အမြင် မျိုးပါ။ အောက်ခြေက ပြဿနာသေးသေးလေးတွေကိုပဲ ကြည့်မနေဘဲ လုပ်ငန်းတစ်ခုလုံးကို အမြင့်ကနေ ခြုံငုံကြည့်မြင်နိုင်စွမ်း ဖြစ်ပါတယ်။
- တစ်ခါတလေမှာ ကိုယ့်ဌာနအတွက် ကောင်းပေမယ့် ကုမ္ပဏီတစ်ခုလုံးအတွက် ဆိုးကျိုးဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးကို ရှောင်ကြဉ်တတ်ရမယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကြားကနေ အခွင့်အလမ်း ကို မြင်အောင်ကြည့်တတ်ရပါမယ်။
- ဥပမာ - နာရီတစ်လုံး အချိန်မှန်ဖို့ဆိုတာ အတွင်းက ဘီးစိတ်လေးတွေ အချင်းချင်း ချိတ်ဆက် အလုပ်လုပ်နေကြလို့ပါ။ နည်းပညာသမား (Technical) က ဘီးစိတ်တစ်ခုချင်းစီကို ပြင်တတ်ပေမယ့်၊ ခေါင်းဆောင် (Conceptual) ကတော့ ဘီးစိတ်တစ်ခုကို လှည့်လိုက်ရင် ကျန်တဲ့ ဘီးစိတ်တွေအပေါ် ဘယ်လိုသက်ရောက်သွားမလဲဆိုတဲ့ အဆက်အစပ် ကို ကြည့်တတ်ရပါမယ်။
လက်တွေ့လုပ်ငန်းခွင်မှာဆိုရင် Marketing ဌာနက အရောင်းတက်ဖို့အတွက် ဈေးနှုန်းတွေ အကြီးအကျယ် လျှော့ချလိုက်တယ်ဆိုပါစို့။ ဒါဟာ Marketing အတွက်တော့ အောင်မြင်မှု (Technical Win) ဖြစ်နိုင်ပေမယ့်၊ Finance ဌာနအတွက် အမြတ်ငွေလျော့နည်းတာ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ရေရှည် Brand တန်ဖိုး ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအရည်အချင်းဟာ အဆင့်မြင့်ခေါင်းဆောင်ပိုင်း (Top Management) ရောက်လေလေ ပိုပြီး တန်ဖိုးရှိလာလေလေပါပဲ။
ဘယ်အချိန်မှာ ဘယ်အရည်အချင်းက ပိုအရေးကြီးသလဲ?
Manager တိုင်းမှာ ဒီ Skill (၃) ခုလုံး ရှိနေရမှာ မှန်ပေမယ့်၊ ကိုယ်ရောက်နေတဲ့ အဆင့် (Level) ပေါ်မူတည်ပြီး အလေးထားရတဲ့ အချိုးအစားကတော့ ကွာခြားသွားပါတယ် (Robbins & Coulter, 2012)။
- Lower Management (အောက်ခြေပိုင်း) - အခုမှ အလုပ်စလုပ်တဲ့ Supervisor တွေ၊ ဌာနခွဲတာဝန်ခံတွေအတွက်တော့ Technical Skill က ထမင်းစားလက်မှတ်ပါပဲ။ ကိုယ့်လက်အောက်ကလူတွေကို အလုပ်သင်ပေးနိုင်ဖို့ ကိုယ်တိုင် အသေးစိတ် တတ်နေရပါမယ်။
- Middle Management (အလယ်အလတ်ပိုင်း) - ဒီအဆင့်မှာတော့ Human Skill က ဇာတ်လိုက်ပါ။ အထက်လူကြီးဆီက ညွှန်ကြားချက်ကို အောက်ခြေဝန်ထမ်းတွေ နားလည်အောင် ဘာသာပြန်ပေးရသလို၊ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ကိုလည်း အထက်ကို တင်ပြပေးရတဲ့ ပေါင်းကူးတံတား ဖြစ်လို့ပါပဲ။
- Top Management (အဆင့်မြင့်ပိုင်း) - CEO တွေ၊ Director တွေဆီ ရောက်သွားပြီဆိုရင်တော့ လက်တွေ့အလုပ်လုပ်တာထက် ဆုံးဖြတ်ချက်ချရတာ ပိုများလာပါပြီ။ ဒါကြောင့် Conceptual Skill က အဓိက လက်နက်ဖြစ်လာပါတယ်။
Skill (၃) ခု ပေါင်းစပ်သွားတဲ့အခါ
ဥပမာ - ကုမ္ပဏီမှာ Project အသစ်တစ်ခု စတော့မယ်ဆိုပါစို့။
- Technical က - ဒီ Project ကို ဘယ်လိုနည်းပညာတွေသုံးပြီး အကောင်အထည်ဖော်မလဲဆိုတာကို တွက်ချက်ပေးမယ်။
- Human က - ဒီ Project မှာ ပါဝင်မယ့်သူတွေ စိတ်အားထက်သန်အောင် ဘယ်လိုစည်းရုံးမလဲဆိုတာကို လုပ်ဆောင်ပေးမယ်။
- Conceptual ကတော့ - ဒီ Project ပြီးသွားရင် ကုမ္ပဏီအတွက် ရေရှည်မှာ ဘယ်လိုအကျိုးရှိမလဲ၊ ပြိုင်ဘက်တွေထက် ဘာသာသာသွားမလဲဆိုတာကို ကြည့်ပေးမယ်။
ဒီ (၃) ခုလုံး ပြည့်စုံမှသာ အဲဒီ Project ဟာ အောင်မြင်တဲ့ စီမံကိန်းတစ်ခု ဖြစ်လာမှာပါ။
Manager ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေကြတဲ့ကျွန်တော့်တို့အတွက်တော့ ဒီ Skill (၃) ခုဟာ သီးခြားစီမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ Technical ရှိမှ ဝန်ထမ်းတွေက လေးစားမယ်၊ Human Skill ရှိမှ ဝန်ထမ်းတွေက ချစ်ခင်မယ်၊ Conceptual Skill ရှိမှသာ လုပ်ငန်းတစ်ခုလုံးကို အောင်မြင်မှုဆီ ပို့ဆောင်နိုင်မှာပါ။ဒါတွေကသီးခြားခွဲထုတ်ထားလို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။ Manager တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေရမယ့် အစိတ်အပိုင်းတွေလိုပါပဲ။ တစ်ခုအားနည်းသွားတာနဲ့ စီမံခန့်ခွဲမှု ယန္တရားကြီးတစ်ခုလုံး ယိုင်နဲ့သွားနိုင်ပါတယ်။
References
Robbins, S. P., & Coulter, M. (2012). Management (11th ed.). Upper Saddle River, NJ: Prentice Hall.
Whetten, D. A., & Cameron, K. S. (2011). Developing management skills (8th ed.). Upper Saddle River, NJ: Prentice Hall.

Comments
Post a Comment