Chapter 2.24 (Financial Management) - အရင်းကို နောက်ဆုံးမှဆပ်ခြင်း (Lump Sum) က ဘဏ်နှင့် လုပ်ငန်းရှင်တွေကို ဘယ်လို ချမ်းသာစေသလဲ
Chapter 2.24 (Financial Management) - အရင်းကို နောက်ဆုံးမှဆပ်ခြင်း (Lump Sum) က ဘဏ်နှင့် လုပ်ငန်းရှင်တွေကို ဘယ်လို ချမ်းသာစေသလဲ
ငွေကြေးလောကမှာ Lump Sum (သို့မဟုတ်) Bullet Repayment ဆိုတာ ကျွမ်းကျင်တဲ့ ကစားသမားတွေအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ နည်းဗျူဟာတစ်ခုပါ။ ငွေရှင်ကြီးတွေနဲ့ ဘဏ်ကြီးတွေက ဒီစနစ်ကို ဘာကြောင့် စနစ်တကျ အသုံးချရသလဲဆိုတဲ့ ကြည့်ကြရအောင်။ အဓိက ပိုင်းခြားလိုက်မယ်ဆိုရင်
အချက်လေးချက်ကြောင့်ပါ။ အဲတာတွေကတော့ -
- အရင်းအနှီးကို အထိရောက်ဆုံး အသုံးချဖို့
- ဝန်ဆောင်မှုအသစ်များ လည်ပတ်ဖို့
- ဈေးကွက်ကို လှုံ့ဆော်ရန်
- အန္တရာယ်ကို စနစ်တကျ ခွဲဝေရန် ဆိုတဲ့အချက်တွေကြောင့်ပါ။
အရင်းအနှီးကို အထိရောက်ဆုံး အသုံးချခြင်း
ဘဏ်တွေအတွက်တော့
အရင်းဆိုတာ အမြတ်ထုတ်ပေးတဲ့ အင်ဂျင် ပါပဲ။
- အရင်းကို လစဉ် ပြန်မသိမ်းဘဲ ထားလိုက်တာဟာ
အတိုးရနိုင်တဲ့ အရင်းပမာဏကို အမြင့်ဆုံးမှာ အမြဲရှိနေစေပါတယ်။ ဒါကြောင့် အရင်းအနှီးအပေါ်
ပြန်ရမယ့် အကျိုးအမြတ်ကို တသမတ်တည်းနဲ့ အများဆုံး ရရှိစေပါတယ် ။
- ရင်းနှီးမြှုပ်နှံသူတွေ အကြိုက် ဖြစ်နေရတာက ဒီလို ပုံသေဝင်ငွေရနေတဲ့ ချေးငွေတွေကို
စုစည်းပြီး Mortgage-Backed Securities (MBS) အဖြစ် ပြောင်းလဲတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေအတွက်
ခန့်မှန်းရလွယ်ကူတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်စေပါတယ် (Ross, Westerfield, & Jordan, 2013) ။
ဒါကို ပိုပြီး မြင်သာသွားအောင် သိန်း ၅၀၀၀ တန် ချေးငွေ ကိုပဲ ဥပမာထားပြီး တွက်ချက်ပြပါ့မယ်။
ဦးဖြိုးက ဘဏ်ကနေ
သိန်း ၅၀၀၀ ချေးတယ်ဆိုပါစို့။ အတိုးနှုန်းက တစ်နှစ်ကို 14.5%။
အရစ်ကျစနစ် (Installment) ကိုသုံးတယ်ဆိုပါတော့
ဒီစနစ်မှာ ဦးဖြိုးက
လစဉ် အရင်းကို နည်းနည်းစီ ပြန်ဆပ်ပါတယ်။
- ပထမလ - သိန်း ၅၀၀၀ ပေါ် အတိုးတွက်မယ်။
- ဒုတိယလ - အရင်း ၄၅၀ သိန်းပဲ ကျန်တော့ရင် ၄၅၀ ပေါ်ပဲ
အတိုးတွက်မယ်။
- ရလဒ်အနေနဲ့ ဘဏ်အတွက် ရမယ့်အတိုးငွေက လစဉ် လျော့လျော့သွားပါတယ်။ ဒါက ဘဏ်အတွက် အမြတ်နည်းသွားတာပေါ့။
Lump Sum စနစ်
ဖြစ်ရင်
ဦးဖြိုးက အရင်းကို သက်တမ်းကုန်မှ ဆပ်ရမှာမို့လို့
သိန်း ၅၀၀၀ က ဘဏ်ထဲမှာ အမြဲရှိနေပါတယ်။
- လစဉ်အတိုးအနေနဲ့ (5,000 * 14.5% ) / 12 = 60.4 သိန်း (လတိုင်း၊ လတိုင်း အတိအကျ ရနေမှာပါ)။
- ဘဏ်အတွက် အားသာချက်ကတော့ အရင်းလျော့မသွားတဲ့အတွက် ၁၂ လလုံးလုံး
လစဉ် ၆၀.၄ သိန်း တိတိ ရနေပါမယ်။
ပုံသေဝင်ငွေရနေတဲ့ ချေးငွေတွေကို စုစည်းထားတဲ့ (MBS) ကြည့်ရအောင်။
Mortgage-Backed
Securities (MBS)
MBS ဆိုတာ Mortgage-Backed Securities ရဲ့ အတိုကောက်ဖြစ်ပြီး အရိုးရှင်းဆုံးပြောရရင် အိမ်ခြံမြေချေးငွေတွေကို အစုအထုပ်ပြုလုပ်ပြီး ပြန်ရောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း လို့ အဓိပ္ပာယ်ရပါတယ်။
MBS ဖြစ်ပေါ်လာပုံ
- ချေးငွေထုတ်ပေးခြင်း
- ချေးငွေများ စုစည်းခြင်း
- MBS အဖြစ် ရင်းနှီးမြှုပ်နှံသူထံ ရောင်းချခြင်း
ဆိုတဲ့ ပုံစံနဲ့ တွေ့နိုင်ပါတယ်။
အိမ်ဝယ်ချင်တဲ့သူတွေက
ဘဏ်ဆီမှာ အိမ်ကိုအာမခံထားပြီး ငွေချေးကြပါတယ်။
ဘဏ်က အဲဒီလိုချေးထားတဲ့
လူပေါင်းထောင်ချီရဲ့ ချေးငွေတွေကို စုပေါင်းပြီး ချေးငွေအထုပ်ကြီး တစ်ခုလုပ်လိုက်ပါတယ်။
ဘဏ်က အဲဒီချေးငွေအထုပ်ကြီးကို Wall Street လို ရင်းနှီးမြှုပ်နှံမှုဈေးကွက်မှာ MBS အဖြစ် ပြောင်းလဲရောင်းချပါတယ်။
အကျိုးအမြတ်အနေနဲ့ အိမ်ဝယ်သူတွေက ဘဏ်ကို လစဉ်အတိုးနဲ့ အရင်းပြန်ဆပ်တဲ့အခါ အဲဒီငွေတွေက ဘဏ်ကနေတစ်ဆင့် MBS ဝယ်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကို စီးဆင်းသွားပါတယ်။
ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် အခုနက သိန်း ၅,၀၀၀ ချေးထားတဲ့ ဦးဖြိုးလို
လူပေါင်း ၁၀၀ ရှိတယ်ဆိုပါစို့။
- ဘဏ်က အဲဒီ သိန်း ၅,၀၀၀ တန် ချေးငွေ ၁၀၀
ခုလုံးကို စုလိုက်ရင် သိန်းပေါင်း ၅ သောင်း (၅ ဘီလီယံ) ဖိုး ချေးငွေထုပ်ကြီး ဖြစ်လာပါတယ်။
- အဲဒီ ချေးငွေထုပ်ကြီးကို အခြားသူတွေဆီမှာ
ရင်းနှီးမြှုပ်နှံမှု ပစ္စည်း အဖြစ် ပြန်ရောင်းပါတယ်။
- ရင်းနှီးမြှုပ်နှံသူတွေ ဘာကြောင့် ကြိုက်သလဲဆိုတော့
-
- လစဉ် သိန်း ၆၀၀၀ ကျော် (ဦးဖြိုးတို့
၁၀၀ ဆီက အတိုး) က အဝင်အတိအကျ ရှိနေပါတယ်။
- ရင်းနှီးမြှုပ်နှံသူက ဒီလ ငါဘယ်လောက်ရမလဲ
ဆိုတာ ခန့်မှန်းရတာ အရမ်းလွယ်ကူပါတယ်။
- ဒါဟာ ရေရှည်မှာ ပုံသေဝင်ငွေ လိုချင်တဲ့
အငြိမ်းစား ရန်ပုံငွေအဖွဲ့တွေနဲ့ ရင်းနှီးမြှုပ်နှံသူကြီးတွေအတွက် ရွှေတွင်း လို ဖြစ်နေလို့ပါပဲ။
ဒီဥပမာကို ကြည့်ရင်
-
- ဘဏ်အတွက်က အရင်းကို မသိမ်းဘဲ ထားတာဟာ အမြတ်ကို
အမြင့်ဆုံး မှာ ထိန်းထားတာ ဖြစ်ပါတယ်။
- ရင်းနှီးမြှုပ်နှံသူအတွက်ကတော့ အတိုးငွေ အဝင်တိကျမှုကို ဝယ်ယူတာ ဖြစ်ပါတယ်။
- ချေးယူသူအတွက်လည်းကောင်းကျိုးရှိပါတယ်။
သို့ပေမယ့် လစဉ် အရင်းဆပ်စရာ မလိုလို့ အစပိုင်းမှာ
သက်သာပေမယ့်၊ နောက်ဆုံးမှာ အရင်း သိန်း ၅,၀၀၀ လုံးကို ပြန်ဆပ်ဖို့ အစီအစဉ် မရှိခဲ့ရင်တော့
သံသရာချောက်ထဲ ကျသွားနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ MBS
မြန်မာနိုင်ငံရဲ့ လက်ရှိ ဘဏ်လုပ်ငန်းနဲ့ Capital Market အခြေအနေအရ MBS စနစ်ဟာ လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ အဓိကကတော့ MBS ဖြစ်ပေါ်လာဖို့အတွက် အခြေခံအချက်အချို့ လိုအပ်ပေမဲ့ မြန်မာနိုင်ငံမှာ အောက်ကဖော်ပြထားတဲ့ စိန်ခေါ်မှုတွေ ရှိနေလို့ပါ။
- MBS ဆိုတာ ဘဏ်ကနေ ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ရောင်းရတဲ့ ပစ္စည်းပါ။ မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိတ်ချိန်း (YSX) ရှိပေမဲ့ Bond/Securities တွေကို တစ်ဆင့်ပြန်ရောင်းတဲ့ဈေးကွက်က အားမကောင်းသေးပါဘူး။
- MBS ဖြစ်ဖို့ဆိုရင် အနှစ် ၂၀၊ ၃၀ ချေးတဲ့ အိမ်ချေးငွေအထုပ်ကြီးတွေ အများကြီးရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ရာချေးငွေ တွေဟာ များသောအားဖြင့် ၁၀ နှစ်မှ ၁၅ နှစ်အထိပဲ ရှိတတ်ပြီး ပမာဏကလည်း MBS လုပ်နိုင်လောက်အောင် မများသေးပါဘူး။
- ပိုင်ဆိုင်မှုတွေကို အစုအထုပ်လုပ်ပြီး ပြန်ရောင်းတဲ့ Securitization Law ဆိုတာမျိုး မြန်မာနိုင်ငံမှာ တိတိကျကျ မရှိသေးပါဘူး။
အဲ့တော့ ပြန်ချုံ့ရရင်
- Secondary Market အားနည်းတာ
- နှစ်ရှည် အိမ်ခြံမြေချေးငွေ နည်းပါးတာ
- ဥပဒေနှင့် နည်းဥပဒေတွေကြောင့်ပါ။
ဒါပေမယ့်လည်း MBS နဲ့ ပုံစံတူတဲ့ မြန်မာနိုင်ငံကအခြေအနေတွေရှိပါသေးတယ်။
MBS စစ်စစ် မရှိပေမဲ့ ဘဏ်တွေက သူတို့ရဲ့ Liquidity ဆိုတဲ့ ငွေဖြစ်လွယ်ဖို့အတွက် အောက်ကနည်းလမ်းတွေကို သုံးလေ့ရှိပါတယ်။
Syndicated Loans
MBS နဲ့ နည်းနည်းဆင်ပါတယ်။ စီမံကိန်းကြီးတစ်ခု (ဥပမာ- အိမ်ရာစီမံကိန်း) ကို ဘဏ်တစ်ခုတည်းက မချေးဘဲ ဘဏ် ၃-၄ ခု ပေါင်းပြီး ဝိုင်းချေးကြတာပါ။ ဒါဟာ Risk ကို ခွဲဝေယူတဲ့ သဘောပါပဲ။
- ဘဏ်တွေမှာ ငွေလိုလာတဲ့အခါ သူတို့ထုတ်ချေးထားတဲ့ ချေးငွေစာချုပ်တွေကို အာမခံထားပြီး ဗဟိုဘဏ်ဆီကနေ ငွေပြန်ချေးတာမျိုးပါ။ ဒါပေမဲ့ ဒါက MBS လိုမျိုး အများပြည်သူကို ရောင်းတာမဟုတ်ဘဲ ဘဏ်အချင်းချင်း လုပ်ဆောင်တာပါ။
ဝန်ဆောင်မှုအသစ်များဖြင့်
ရေရှည်ချည်နှောင်ခြင်း
ငွေကြေးရှင်ကြီးတွေနဲ့
ဘဏ်ကြီးတွေက ဘာကြောင့် Lump Sum (သို့မဟုတ်) Bullet Repayment ကိုစနစ်တကျ အသုံးချရသလဲဆိုတဲ့ ဒုတိယအကြောင်းကတော့ ဝန်ဆောင်မှုအသစ်များနဲ့ လုပ်ငန်းလည်ပတ်ဖို့
ဖြစ်ပါတယ်။
ဒီစနစ်က ချေးယူသူနဲ့
ထုတ်ချေးသူကြားမှာ ရေရှည် စီးပွားဖက် ဆက်ဆံရေးကို ဖန်တီးပေးပါတယ်။
- သက်တမ်းကုန်လို့ အရင်းပြန်ဆပ်ဖို့ လိုအပ်တဲ့အခါ
ချေးငွေအသစ် ဆိုတဲ့ ဝန်ဆောင်မှုက အဖြေတစ်ခု ဖြစ်လာပါတယ်။
- ဒါကဘဏ်အတွက် ဝန်ဆောင်ခသစ်တွေ ရရှိစေသလို၊
ချေးယူသူအတွက်လည်း လုပ်ငန်းကို မရပ်တန့်ဘဲ ဆက်လက်လည်ပတ်နိုင်တဲ့ ငွေကြေးအင်အားကို
ဖြစ်စေပါတယ် (Ross et al., 2013)။
ရှင်းလင်းသွားအောင် နမူနာလေးထပ်ကြည့်ကြည့်ပါ။
ကော်ဖီစက်ရုံပိုင်ရှင်
ဦးစံပယ်
ဦးစံပယ်ဟာ တောင်ကြီးမြို့မှာ
အောင်မြင်နေတဲ့ ကော်ဖီလုပ်ငန်းရှင်တစ်ဦးပါ။ သူ့ရဲ့လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့အတွက်
သိန်း ၁၀၀၀ ချေးဖို့ ဘဏ်ကို ရောက်လာပါတယ်။ ဘဏ်က သူ့ကို Bullet Repayment စနစ်နဲ့ ၂ နှစ်သက်တမ်း ထုတ်ချေးလိုက်တယ်။
ဒီစနစ်ကြောင့် ဦးစံပယ်ဟာ
လစဉ် အရင်းဆပ်စရာ မလိုပါဘူး။ အတိုးသက်သက်ပဲ ပေးဆောင်ရတဲ့အတွက် လက်ထဲမှာ ငွေသား အပြည့်အဝ
ရှိနေပါတယ်။ အဲဒီငွေနဲ့ စက်သစ်တွေဝယ်တယ်၊ မျိုးစေ့တွေဝယ်ပြီး လုပ်ငန်းကို အရှိန်အဟုန်နဲ့
ချဲ့ထွင်လိုက်ပါတယ်။
၂ နှစ်ပြည့်ခါနီးမှာ
ဦးစံပယ် သိန်း ၁,၀၀၀ ပြန်ဆပ်ရပါတော့မယ်။ သူ့လုပ်ငန်းက အကျိုးအမြတ်ရနေပေမဲ့ ငွေအလုံးအရင်း
သိန်း ၁,၀၀၀ ကတော့ စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေထဲမှာ ရောက်နေတာကြောင့် လက်ထဲမှာ အဆင်သင့်
မရှိသေးပါဘူး။ ဒီနေရာမှာ ဘဏ်က ဝန်ဆောင်မှုအသစ် နဲ့ စတင် ချဉ်းကပ်ပါတော့တယ်။
ဘဏ်မန်နေဂျာက ဦးစံပယ်ကို
အခုလို အကြံပေးပါတယ်။
ဦးစံပယ်...
သိန်း ၁,၀၀၀ ကို အတင်းအကျပ် ရှာဆပ်စရာ မလိုပါဘူး။ ကျွန်တော်တို့ဘဏ်ကနေ ချေးငွေသက်တမ်းတိုးတဲ့ ဝန်ဆောင်မှု ပေးပါ့မယ်။ သဘောကတော့ အရင်ကြွေးဟောင်းကို အသစ်တစ်ခုနဲ့ အစားထိုးလိုက်တာပါ။
ဒီအတွက်ကြောင့်
- ဘဏ်အတွက်က ဝန်ဆောင်ခ အသစ် ထပ်ရတယ်၊ အတိုးရငွေ ဆက်လက်
စီးဆင်းနေတယ်။
- ဦးစံပယ်အတွက်လည်း လုပ်ငန်းကို မရပ်တန့်လိုက်ရဘဲ နောက်ထပ်
၂ နှစ် အရင်းအနှီး ထပ်ရသွားတယ်။
ဒီစနစ်က ဦးစံပယ်ကို
ဘဏ်နဲ့ အမြဲတမ်း ဆက်သွယ်နေရတဲ့ ရေရှည်ဖောက်သည် ဖြစ်သွားစေပါတယ်။ ဘဏ်ကလည်း ငွေအရင်းကို ပြန်ရဖို့ထက် ဦးစံပယ်ရဲ့ လုပ်ငန်းလည်ပတ်နေသမျှ
ကာလပတ်လုံး အတိုးနဲ့ ဝန်ဆောင်ခတွေ တစိုက်မတ်မတ် ရနေတော့တာပေါ့။
ဒီ အကြောင်းအရာကို ကြည့်လိုက်ရင် Bullet Repayment ဆိုတာ ရိုးရိုးချေးငွေစနစ်တစ်ခုထက် ပိုပါတယ်။ ချေးယူသူကို ငွေကြေးအသက်ရှူချောင်စေပြီး၊ ထုတ်ချေးသူကိုတော့ အမြဲတမ်းဖောက်သည် ရရှိစေတဲ့ စနစ်တကျ ခင်းကျင်းထားတဲ့ ဗျူဟာတစ်ခု ဖြစ်ပါတယ်။
Lump Sum (သို့မဟုတ်) Bullet Repayment ကို အသုံးပြုရခြင်းရဲ့ တတိယ အားသာချက်ကတော့ ဈေးကွက် ကို လှုံ့ဆော်နိုင်စွမ်းပါ။
ဈေးကွက်ကို လှုံ့ဆော်ခြင်း
Lump Sum စနစ်ဟာ
ဝယ်လိုအားကို မြင့်တက်စေတဲ့ အားဆေး တစ်ခွက်လိုပါပဲ။
- အရင်းမဆပ်ရဘဲ အတိုးလေးပဲ ပေးရတဲ့အတွက်
လူအများအပြားဟာ ပိုင်ဆိုင်မှုတွေကို ပိုမိုဝယ်ယူနိုင်တဲ့ အခွင့်အလမ်း ရလာပါတယ်။
- ဝယ်လိုအား တက်လာတဲ့အတွက် အိမ်ခြံမြေနဲ့
တခြားပိုင်ဆိုင်မှု တန်ဖိုးတွေ မြင့်တက်လာပြီး စီးပွားရေးတစ်ခုလုံးရဲ့ တန်ဖိုး
(Market Capitalization) ကို ကြီးထွားစေပါတယ်။
အိမ်ခြံမြေဈေးကွက်နဲ့
Bullet Repayment
စိတ်ကူးကြည့်ကြည့်ပါ...
မြို့သစ်စီမံကိန်းတစ်ခုမှာ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို သိန်း ၁၀၀၀ နဲ့ ရောင်းချနေတယ်ဆိုပါစို့။
ပုံမှန်အရစ်ကျစနစ်ဆိုရင် ဝယ်ယူသူဟာ အတိုးရော အရင်းပါ လစဉ်ဆပ်ရတဲ့အတွက် တစ်လကို သိန်း
၂၀ ခန့် ပေးသွင်းရနိုင်ပါတယ်။ ဒါက လူနည်းစုပဲ တတ်နိုင်တဲ့ ပမာဏပါ။
ဒါပေမဲ့ Bullet Repayment စနစ်ကို ကျင့်သုံးလိုက်တဲ့အခါ ဝယ်ယူသူဟာ အရင်းကို
သက်တမ်းကုန်မှဆပ်ရမှာဖြစ်လို့ လစဉ် အတိုးသက်သက် (ဥပမာ- ၅ သိန်းခန့်) ပဲ ပေးရပါတော့တယ်။
ဒီအခါမှာ အရင်က မတတ်နိုင်ခဲ့တဲ့ လူလတ်တန်းစား အမြောက်အမြားဟာ ဈေးကွက်ထဲကို တိုးဝင်လာပြီး
ဝယ်ယူသူအဆမတန် မြင့်တက်လာပါတယ်။
ဝယ်လိုအား
(Demand) တက်လာတဲ့အခါ အိမ်ခြံမြေဈေးနှုန်းတွေကလည်း လိုက်ပါမြင့်တက်လာပါတယ်။
- အရင်ကတော့ တိုက်ခန်းတန်ဖိုး သိန်း ၁၀၀၀
- အခုအချိန် ဝယ်သူများလာလို့ ဈေးကွက်ပေါက်ဈေး သိန်း
၁၂၀၀ ဖြစ်သွားပါတယ်။
ဒီစနစ်က အိမ်တစ်လုံးတည်းတင်
မဟုတ်ဘဲ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတဲ့အခါ:
- Developer တွေအနေနဲ့ တိုက်ခန်းတွေ အမြန်ကုန်လို့ နောက်ထပ်
စီမံကိန်းသစ်တွေ ထပ်ဆောက်နိုင်ပါတယ်။
- ရင်းနှီးမြှုပ်နှံသူတွေကတာ့ အရင်းမဆပ်ရသေးခင်မှာတင် ကိုယ့်ပိုင်ဆိုင်မှုတန်ဖိုး
တက်လာလို့ ချမ်းသာကြွယ်ဝမှု တိုးလာပါတယ်။
- နောက်ထပ်အကျိုးဆက်အနေနဲ့ အိမ်ခြံမြေကဏ္ဍတစ်ခုလုံးရဲ့ စုစုပေါင်းတန်ဖိုးဟာ
အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး နိုင်ငံရဲ့ စီးပွားရေးကို အားကောင်းစေပါတယ်။
Lump Sum စနစ်ဟာ
ကောင်းတဲ့ဘက်မှာတော့ အရင်းရှင်ကြီးတွေနဲ့ ဘဏ်ကြီးတွေအတွက်သာမက ငွေကြေးအင်အား နည်းပါးသူတွေကိုတောင် ပိုင်ဆိုင်မှုကြီးတွေ ဝယ်ယူနိုင်အောင်
တံခါးဖွင့် ပေးလိုက်သလိုပါပဲ။ ဈေးကွက်ထဲကို ငွေကြေးအမြောက်အမြား စီးဝင်စေပြီး စီးပွားရေးကို
အပေါ်ယံကနေ ပင့်တင်ပေးလိုက်တဲ့ Leverage အားဆေး တစ်ခွက်လည်း ဖြစ်ပါတယ်။
အန္တရာယ်ကို စနစ်တကျ ခွဲထုတ်လိုက်ခြင်းပါ။
ဘဏ်ကြီးတွေက နောက်ရည်ရွယ်ချက်တစ်ခုကတော့ အန္တရာယ်ကို စနစ်တကျ ခွဲဝေစီမံချက်ချလိုက်တာပါ။
ဒါကတော့ ငွေကြေးလောကရဲ့
အဆင့်မြင့် ပညာတစ်ခုပါ။
- အန္တရာယ်ကို တစ်နေရာတည်းမှာ စုမထားဘဲ
အထုပ်လိုက်လေးတွေ ထုပ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း မျှဝေလိုက်ခြင်းဖြင့် စနစ်တစ်ခုလုံးရဲ့
ခံနိုင်ရည်ကို မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။
- ဒီနည်းလမ်းက ငွေဖြစ်လွယ်မှုကို ပိုကောင်းစေပြီး
ငွေကြေးစီးဆင်းမှုကို ပိုမိုမြန်ဆန်သွက်လက်စေပါတယ်။
ဥပမာ
ဘဏ်တစ်ခုမှာ အိမ်ချေးငွေ၊
ဆိုင်ကယ်ချေးငွေနဲ့ လုပ်ငန်းချေးငွေပေါင်း ၁,၀၀၀ ရှိတယ်ဆိုပါစို့။
- ဒီချေးငွေ ၁,၀၀၀ ထဲက တစ်ယောက်ယောက်က
အကြွေးမဆပ်နိုင်ရင် ဘဏ်မှာ နစ်နာမှု ရှိပါတယ်။
- ဘဏ်က အဲဒီချေးငွေ ၁,၀၀၀ လုံးကို စုပေါင်းပြီး ငွေစုစာချုပ် (Bond) အဖြစ် အထုပ်ကြီးတစ်ထုပ် ထုပ်လိုက်ပါတယ်။
- အဲဒီအထုပ်ကြီးကိုမှ အပိုင်းအစလေးတွေ
(Securities) အဖြစ် ခွဲပြီး တခြားရင်းနှီးမြှုပ်နှံသူတွေကို ပြန်ရောင်းပါတယ်။
ဒီနည်းလမ်းကြောင့်
ဘဏ်အနေနဲ့ ရသွားတဲ့ အကျိုးအမြတ်ကို နှစ်ခုခွဲခြားနိုင်ပါတယ်။
- အန္တရာယ်ကို ခွဲဝေခြင်းနဲ့
- ငွေဖြစ်လွယ်မှု ဖန်တီးခြင်းပါ။
အရင်က အကြွေးမဆပ်ရင်
ဘဏ်တစ်ခုတည်းပဲ ဒုက္ခရောက်ပါတယ်။ အခုတော့ အဲဒီအန္တရာယ်ကို ဝယ်ယူထားတဲ့ ရင်းနှီးမြှုပ်နှံသူ
ရာပေါင်းများစွာဆီ မျှဝေလိုက်တဲ့အတွက် ဘဏ်ရဲ့ ခံနိုင်ရည်အားပိုကောင်းသွားပါတယ်။
ပုံမှန်ဆိုရင် ချေးငွေက သက်တမ်းကုန်မှ အရင်းပြန်ရမှာပါ။ ဒါပေမဲ့ အခုလို အထုပ်ထုပ်ရောင်းလိုက်တဲ့အတွက်
ဘဏ်ဟာ ချက်ချင်း ငွေသားပြန်ရလာပါတယ်။
အဲဒီငွေသားနဲ့ နောက်ထပ် ချေးငွေအသစ်တွေကို ထပ်မံထုတ်ချေးနိုင်ပြန်ပါတယ်။ ဒါကြောင့်
ငွေကြေးစီးဆင်းမှုက အတော်ကို မြန်ဆန်သွားမှာပါ။
(2008 Financial Crisis)
ဒီစနစ်က ကောင်းပေမဲ့ အန္တရာယ်ကြီးတဲ့ ချေးငွေတွေကို အထုပ်လှလှလေးတွေထုပ်ပြီး ရောင်းချခဲ့ရာကနေ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ ဒါဟာ အန္တရာယ်ကို စနစ်တကျ မစီမံဘဲ ဖုံးကွယ်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ သင်ခန်းစာပါပဲ (Duignan, 2019)။
🛡 သတိပြုစရာအနေနဲ့
ဒီလို ပါးနပ်တဲ့
စနစ်တွေကြားမှာ ကိုယ့်လုပ်ငန်း သံသရာချောက် ထဲ မကျအောင် အောက်ကနည်းလမ်းတွေအတိုင်း ကြိုတင်ပြင်ဆင်
ခံစစ်တည်ဆောက်နိုင်ပါတယ်-
- အရင်းကို တစ်နေ့မှာ ပြန်ဆပ်ရမယ်ဆိုတာကို
သိထားပြီးသားမို့လို့ လစဉ် အရင်းအတွက် ရည်ရွယ်ပြီး ငွေကြေးအနည်းငယ်စီ ကြိုစုထားတဲ့
အလေ့အကျင့်က အကောင်းဆုံး ခံစစ်ပါ။
- ဘဏ်တစ်ခုတည်း သို့မဟုတ် ချေးငွေစနစ်
တစ်ခုတည်းအပေါ်မှာပဲ မမှီခိုဘဲ Installment နဲ့ Lump Sum ကို မျှတအောင် တွဲသုံးတာမျိုးက ပိုပြီး ဘေးကင်းပါတယ်။
- အကယ်၍ အခြေအနေတွေ ပြောင်းလဲသွားရင် ငါဘာလုပ်မလဲ ဆိုတဲ့ Plan B လေးကို အမြဲတမ်း အသင့်ရှိနေပါစေ။
နိဂုံးချုပ်ရရင် ငွေရှင်ကြီးတွေ၊ ဘဏ်တွေရဲ့ ဗျူဟာကို နားလည်ခြင်းက ကိုယ့်လုပ်ငန်းကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ့် လက်နက်ကောင်း တစ်ခုပဲ ဖြစ်ပါကြောင်း။
References
Duignan, B. (2019, May 22). Financial crisis of 2007–08. Encyclopedia Britannica. Retrieved from
Ross, S. A., Westerfield, R. W., & Jordan, B. D. (2013). Fundamentals of corporate finance (10th ed.). New York, NY: McGraw-Hill/Irwin.


Comments
Post a Comment