Chapter 2.23 (Financial Management) - Short-term Loan

Chapter 2.23 (Financial Management) - Short-term Loan 

ကာလတိုချေးငွေဆိုတာ သာမန်အားဖြင့် တစ်နှစ် (၁၂ လ) အတွင်း ပြန်လည်ပေးဆပ်ရမယ့် ချေးငွေအမျိုးအစား ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ ရုတ်တရက် ကုန်ကြမ်းဝယ်ဖို့ ငွေလိုလာတာ၊ ဝန်ထမ်းလစာပေးဖို့ ငွေသားပြတ်လပ်တာ စတဲ့ ရေတိုအခက်အခဲတွေကို ဖြေရှင်းဖို့ ထုတ်ပိုးထားတဲ့ ငွေကြေးလက်နက် တစ်ခုပါ (Gitman & Zutter, 2012) ။

ဒါပေမဲ့ ဒီလက်နက်က နှစ်ဖက်သွားပါ။ သိထားရမှာက Short-term Loan က Overdraft (အကြွေးစာရင်းပိုထုတ်ယူခြင်း) နဲ့ လုံးဝမတူဘူး ဆိုတာပါပဲ။

ကွာခြားပုံ

  • Overdraft ဆိုတာက သုံးသလောက်အပေါ်မှာပဲ အတိုးတွက်တာပါ။ (ဥပမာ- သိန်း ၁၀၀ ခွင့်ပြုချက်ရပေမယ့် ၅ သိန်းပဲ သုံးရင် ၅ သိန်းဖိုးပဲ အတိုးပေးရမယ်)။
  • Short-term Loan ကတော့ ကိုယ် သိန်း ၁၀၀ ချေးရင် ဘဏ်က သင့်အကောင့်ထဲကို သိန်း ၁၀၀ အလုံးအရင်းနဲ့ ထည့်ပေးလိုက်ပါပြီ။ အဲ့ဒီငွေကို ဗီရိုထဲမှာပဲ ထည့်ထားထည့်ထား၊ အသုံးမပြုဘဲ ဒီအတိုင်းပဲ ထားထား၊ သိန်း ၁၀၀ အပြည့်အဝအတွက် အတိုးကို စက္ကန့်မလပ် ပေးနေရမှာ ဖြစ်ပါတယ်။




ကာလတိုချေးငွေရဲ့ အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ခြင်း

ကာလတိုချေးငွေရဲ့ အဓိက ကျောရိုးက သေချာရေရာမှု  ဖြစ်ပါတယ်။ ကာလတိုချေးငွေဆိုတာနဲ့သိရမှာက

  • Fixed Interest Rates ဆိုတဲ့  အတိုးနှုန်းကို ကြိုတင်သတ်မှတ်ထားပါတယ်။ ဒါက အားသာချက်လည်းဖြစ်ပါတယ်။ စျေးကွက်ထဲမှာ အတိုးနှုန်းတွေ ဘယ်လောက်ပဲ တက်တက်၊ ကိုယ်ကတော့ စာချုပ်ချုပ်ထားတဲ့ အတိုးနှုန်းအတိုင်းပဲ ပေးရမှာမို့ လုပ်ငန်းရဲ့ အသုံးစရိတ်ကို တိတိကျကျ တွက်ချက်နိုင်ပါတယ်။

  • Repayment Schedule ကိုလည်းမေ့ထားလို့မရပါဘူး။ ချေးငွေပြန်ဆပ်ရမယ့် ပုံစံမှာ သေချာရှင်းပြရမယ့် အချက်နှစ်ချက် ရှိပါတယ် (Gitman & Zutter, 2012)။ ကိုယ်ယူတာကို ဘယ်လိုပြန်ဆပ်မလဲဆိုတဲ့  အရစ်ကျစနစ် ပုံစံနဲ့ တစ်လုံးတစ်ခဲတည်းဆပ်တဲ့ ပုံစံပါ။

    1. အရစ်ကျစနစ် ကတော့ လူအတော်များများနဲ့ ရင်းနှီးထားတဲ့အတိုင်း အရင်းနဲ့ အတိုးကို ပေါင်းပြီး လစဉ် (သို့မဟုတ်) သုံးလတစ်ကြိမ် ခွဲဆပ်ရတာပါ။ ဒါဟာ လုပ်ငန်းရှင်အတွက် အဆုံးသတ်မှာ ငွေအလုံးအရင်း ရှာရမယ့်ဒုက္ခကနေ သက်သာစေပါတယ်။

    2. တစ်လုံးတစ်ခဲတည်းဆပ်ခြင်း တစ်နည်းအားဖြင့်  Lump Sum/Bullet လိုခေါ်ကြတဲ့နည်းကတော့ အတိုးကိုပဲ လစဉ်ပေးသွားပြီး၊ သတ်မှတ်သက်တမ်းကုန်တဲ့အခါမှာ အရင်းအားလုံးကို ပြန်ဆပ်ရတာပါ။ ဒါဟာ အန္တရာယ်များပါတယ်။ သက်တမ်းကုန်ခါနီးမှာ ငွေအလုံးအရင်း မဝင်လာခဲ့ရင် လုပ်ငန်းဟာ ချောက်ထဲကျသွားနိုင်ပါတယ်။



Repayment Schedule ဟာ ချေးငွေယူတော့မယ့် လုပ်ငန်းရှင်တိုင်း အသက်ရှူမှား တတ်တဲ့ အပိုင်းဖြစ်ပါတယ်။ အထူးသဖြင့် Lump Sum ရဲ့ အန္တရာယ်ကို သေချာနားလည်ဖို့ လိုပါတယ်။

ဒါကို Balloon Risk (သို့မဟုတ်) Refinancing Risk လို့လည်း ခေါ်ပါတယ်။ 

အဆုံးသတ်မှာ ချောက်ထဲကျသွားနိုင်တယ်ဆိုတယ်လို့ ပြောခဲ့ပါတယ်။ အဓိပ္ပာယ်က Lump Sum စနစ်မှာ အတိုးကိုပဲ လစဉ် ခပ်အေးအေး ပေးလာခဲ့ပြီး သက်တမ်းကုန်ခါနီး (ဥပမာ- ၁၂ လမြောက်) ကျမှ အရင်း ချေးထားသလောက် ဥပမာ သိန်း ၅၀၀၀ ကို ပြန်ဆပ်ရမှာပါ။
  • ဒီမှာ သံသရာချောက် ဆိုတာကြီးက စောင့်ကြိုနေပါတယ်။ သက်တမ်းကုန်တဲ့နေ့မှာ ကိုယ့်လက်ထဲမှာ ငွေ သိန်း ၅၀၀၀ အဆင်သင့် မရှိနေရင် ဘဏ်က ကိုယ့်ကို Blacklist သွင်းပါတော့မယ်။ အဲဒီအချိန်မှာ လုပ်ငန်းရှင်တွေဟာ အရင်းဆပ်ဖို့အတွက် ပြင်ပအတိုးကြီးတွေဆီကနေ ငွေခဏချေးပြီး ဘဏ်ကို အရင်းသွားပြရတတ်ပါတယ်။ ပြီးမှ ဘဏ်ကနေ ချေးငွေအသစ် ပြန်ချပေးမှ အပြင်ကကြွေးကို ပြန်ဆပ်ရတာပါ။

  • အကယ်၍ အဲဒီအချိန်မှာ ဘဏ်က ပေါ်လစီပြောင်းလို့ ချေးငွေ အသစ်  ပြန်မချပေးတော့ဘူးဆိုရင် ကိုယ့်လုပ်ငန်းဟာ အပြင်ကြွေးရော၊ ဘဏ်ကြွေးရောကြားမှာ ညပ် ပြီး လုပ်ငန်းပြိုလဲသွားနိုင်ပါတယ်။ 

ကမ္ဘာ့သမိုင်းမှာ ဒီလို သံရာချောက် ထဲကျပြီး တစ်နိုင်ငံလုံး စီးပွားပျက်ကပ် ဆိုက်ခဲ့ရတဲ့ အထင်ရှားဆုံးနဲ့ အကြီးမားဆုံး ဖြစ်ရပ်မှန်ကတော့ ၂၀၀၈ ခုနှစ် အမေရိကန် အိမ်ခြံမြေ ဈေးကွက် ပေါက်ကွဲမှု  ပဲ ဖြစ်ပါတယ် (Financial Crisis Inquiry Commission [FCIC], 2011) 

ဒီဖြစ်ရပ်ဟာ အပေါ်မှာပြောခဲ့တဲ့ အရင်းကို တစ်လုံးတစ်ခဲတည်း ဆပ်ရမယ့်စနစ် ရဲ့ အားနည်းချက်ကို အရင်းရှင်ကြီးတွေက အသုံးချရာကနေ စတင်ခဲ့တာပါ။

📉 တကယ့်ဖြစ်ရပ်- The Subprime Mortgage Crisis

၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ အမေရိကန်ဘဏ်တွေဟာ လူတွေကို အိမ်ချေးငွေတွေ အလွယ်တကူ ထုတ်ပေးခဲ့ပါတယ်။ အဲဒီမှာ Interest-Only Loans လို့ခေါ်တဲ့ ချေးငွေပုံစံက အလွန်ခေတ်စားခဲ့ပါတယ်။ ချေးငွေသက်တမ်းရဲ့ သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိ (ဥပမာ - ပထမ ၅ နှစ် သို့မဟုတ် ၁၀ နှစ်) အရင်းကို ဆပ်စရာမလိုဘဲ အတိုးသက်သက်ပဲ ပေးချေရတဲ့ ချေးငွေအမျိုးအစားပါ။ ကြားဖူးမှာ အရင်းဆပ်စရာမလိုဘူး အတိုးလေးဘဲ ဆပ်ဆိုတဲ့ ပုံစံပါ။

ပုံမှန်ချေးငွေတွေမှာ လစဉ်ပေးသွင်းငွေဟာ အရင်းရော အတိုးရော ပေါင်းပြီး ဆပ်ရတာဖြစ်ပေမဲ့ Interest-Only Loan မှာတော့ အဆင့်နှစ်ဆင့် ရှိပါတယ်။

  • Interest-Only Period ဆိုတဲ့ ပထမအဆင့်မှာ  အစောပိုင်းကာလမှာ အတိုးချည်းပဲ ဆပ်ရပါတယ်။ ဒါကြောင့် လစဉ်ပေးသွင်းငွေ ပမာဏဟာ အင်မတန် နည်းပါတယ်။ ဒါပေမဲ့ ကိုယ်ဆပ်နေတဲ့ ပိုက်ဆံဟာ အရင်းထဲက လျော့မသွားပါဘူး။

  • Amortization Period ဆိုတာကတော့  အတိုးသက်သက်ပေးရတဲ့ ကာလကုန်ဆုံးသွားတဲ့အခါမှာတော့ ကျန်ရှိနေတဲ့ အရင်းကို ကျန်တဲ့သက်တမ်းနဲ့ စားပြီး အတိုးရော အရင်းရော ပြန်ဆပ်ရပါတယ်။ ဒီအချိန်မှာ လစဉ်ပေးသွင်းငွေဟာ ရုတ်တရက် အဆမတန် မြင့်တက်လာတတ်ပါတယ်။

၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ အမေရိကန်ဘဏ်တွေ ပြဿနာက ဒီလိုနဲ့စခဲ့တာပါ။

မက်လုံး (The Trap)

ဘဏ်တွေက လူတွေကို ဒီလိုပြောပါတယ် - 

ပထမ ၃ နှစ်မှာ အရင်းဆပ်စရာမလိုဘူး၊ အတိုးအနည်းငယ်ပဲ ပေးရမယ်။ ၃ နှစ်ပြည့်မှ အရင်းအားလုံးကို တစ်ခါတည်းဆပ်  ဆိုတဲ့ Lump Sum ပုံစံကိုရွေး ဒါမှမဟုတ် နောက်ထပ် ချေးငွေအသစ်တစ်ခုနဲ့ ပြန်လှည့်  လိုက်ပေါ့ 

လူတွေကလည်း အိမ်ဈေးတွေ တက်နေတာဆိုတော့ ၃ နှစ်ပြည့်ရင် အိမ်ကိုပြန်ရောင်းရင်တောင် အရင်းဆပ်ဖို့ ငွေပိုထွက်မယ်လို့ တွက်ခဲ့ကြတယ်။

ချောက်ထဲကျပါပြီ

၂၀၀၆-၂၀၀၇ ခုနှစ်မှာ အိမ်ဈေးတွေ စထိုးကျလာပါတယ်။ အဲဒီအချိန်မှာ လူပေါင်းသန်းချီဟာ သူတို့ရဲ့ အရင်းအလုံးအရင်း ဆပ်ရမယ့်ရက်ကို ရောက်လာကြတယ်။

  • ပြဿနာက အိမ်ဈေးကျသွားတော့ အိမ်ကိုရောင်းပြီး အရင်းဆပ်ဖို့ မဖြစ်နိုင်တော့ဘူး။

  • ဘဏ်တွေကလည်း စီးပွားရေး မကောင်းတော့တာကြောင့် အရင်းဆပ်ဖို့အတွက် ချေးငွေအသစ်  ထပ်မချပေးတော့ဘူး။

နောက်ဆက်တွဲ့အနေနဲ့ ပျက်စီးခြင်းစပါတော့တယ်။

လူတွေဟာ အရင်းလည်း မဆပ်နိုင်၊ ချေးငွေအသစ်လည်း မရတော့တဲ့အခါ အိမ်တွေကို ဘဏ်အသိမ်းခံလိုက်ရပါတယ်။ ဘဏ်တွေမှာလည်း ပြန်ရောင်းလို့မရတဲ့ အိမ်တွေပဲ ပုံနေပြီး ငွေသား (Cash) မရှိတော့တဲ့အတွက် ကမ္ဘာကျော် Lehman Brothers လို ဘဏ်ကြီးတွေပါ ဒေဝါလီခံ သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီကမ္ဘာ့ဖြစ်ရပ်ဟာ  Lump Sum/Bullet Repayment ရဲ့ ကြောက်စရာကောင်းတဲ့ အချက် ၃ ချက်ကို သက်သေပြခဲ့ပါတယ် -

  • လုပ်ငန်းရှင်တွေရဲ့ အနာဂတ်ကို ပုံသေတွက်ခြင်းအန္တရာယ် 
  • Asset Liquidity ပိုင်ဆိုင်မှုရဲ့ ငွေဖြစ်လွယ်မှု ကိုမေ့လျော့ခြင်
  • Systemic Risk ဆိုတဲ့အချက်တွေက သတိပြုရမယ့်အချက်တွေပါ။

လုပ်ငန်းရှင်တွေရဲ့ အနာဂတ်ကို ပုံသေတွက်ခြင်းအန္တရာယ် 

သက်တမ်းကုန်ရင် ဘဏ်က ချေးငွေအသစ် ပြန်ချပေးမှာပဲ ဆိုတဲ့ အတွေးဟာ အန္တရာယ်အရှိဆုံး ဖြစ်ပါတယ်။ ဘဏ်ဆိုတာ မိုးရွာရင် ထီးပြန်သိမ်းတတ်တဲ့ သဘောရှိပါတယ်။

Asset Liquidity ပိုင်ဆိုင်မှုရဲ့ ငွေဖြစ်လွယ်မှု ကိုမေ့လျော့ခြင်း 

အိမ်တွေ၊ မြေတွေ၊ ကုန်ပစ္စည်းတွေ ရှိနေပေမယ့် အရေးကြီးချိန်မှာ ငွေသားချက်ချင်း မဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေဟာ အရင်းဆပ်ဖို့ အသုံးမဝင်ပါဘူး။

Systemic Risk ဆိုတဲ့အချက်

တစ်ယောက်တည်း ညပ်တာမဟုတ်ဘဲ လုပ်ငန်းရှင်အားလုံး တစ်ပြိုင်တည်း ညပ်သွားတဲ့အခါ အပြင်က အတိုးကြီးပေးပြီး ချေးဖို့တောင် ငွေရှာမရတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။


အပေါ်ကအချက်တွေအရ  အနာဂတ်ကို ပုံသေတွက်တာနဲ့ ငွေဖြစ်လွယ်မှု ကိုမေ့လျော့တာကတော့ သတိထား မြင်သာထင်သာရှိပါတယ်။ System Risk ဆိုတာကတော့ လုပ်ငန်းအများအပြား၊ ပတ်ဝန်းကျင်ပေါ်မှာ မူတည်နေတာမို့ အရိမ်အမြွက်တွေကို ပိုပြီးသတိထားရပါတယ်။

Systemic Risk နဲ့ပတ်သတ်ပြီး သိကောင်းစရာ

Systemic Risk ဆိုတာဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အမှားထက် စနစ်တစ်ခုလုံး (System) ရဲ့ အားနည်းချက်ကြောင့် ဖြစ်လာတာပါ။ ဒီ Risk ဟာ အချိန်မရွေး ဖြစ်လာနိုင်ပေမဲ့ အဓိကအားဖြင့် အောက်က အခြေအနေ (၃) မျိုးမှာ အထင်ရှားဆုံး ဖြစ်ပေါ်လာတတ်ပါတယ် -

  • အားလုံးက အကောင်းမြင်လွန် နေကြတဲ့အချိန် 
  • ဒုတိယအဆင့်ကိုတော့ ပူဖောင်း ပေါက်သွားတဲ့အချိန်
  • ယုံကြည်မှု ကင်းမဲ့သွားတဲ့အချိန် 

အားလုံးက အကောင်းမြင်လွန် နေကြတဲ့အချိန် 

စီးပွားရေး အလွန်ကောင်းနေပြီး လူတိုင်းက အနာဂတ်မှာလည်း ဒီထက်မက ပိုကောင်းလာတော့မယ်လို့ ယုံကြည်နေတဲ့အချိန်မှာ Systemic Risk က တိတ်တဆိတ် စတင်ပါတယ်။

  • ဘဏ်တွေက ချေးငွေတွေကို အရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ ထုတ်ပေးလာတယ်။ လုပ်ငန်းရှင်တွေကလည်း အကြွေးကို အလွန်အကျွံယူပြီး လုပ်ငန်းတွေချဲ့ကြတယ်။

  • လူတိုင်းမှာ အကြွေးတွေ အလွန်များနေတဲ့အတွက် တစ်နေရာမှာ အဖုအထစ်လေး ဖြစ်တာနဲ့ အကုန်လုံး ပြိုင်တူလဲကျဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။

ဒုတိယအဆင့်ကိုတော့ ပူဖောင်း ပေါက်သွားတဲ့အချိန်လို့ပြောရမှာပါ။

ပိုင်ဆိုင်မှုတစ်ခုခု (ဥပမာ- အိမ်ခြံမြေ၊ ရှယ်ယာ၊ သို့မဟုတ် ရွှေ/ဒေါ်လာ) ရဲ့ ဈေးနှုန်းက တကယ့်တန်ဖိုးထက် အဆမတန် တက်နေပြီးမှ ရုတ်တရက် ဈေးပြန်ကျသွားတဲ့အချိန်ပါ။

  • လူတွေက အကြောက်လွန်ပြီး ပြိုင်တူ ရောင်းထုတ်ကြတယ်။ ဝယ်သူမရှိတော့ဘဲ ဈေးနှုန်းတွေ ထိုးကျကုန်တယ်။

  • အဲဒီပစ္စည်းတွေကို အာမခံထားပြီး ချေးငွေထုတ်ပေးထားတဲ့ ဘဏ်တွေမှာ အရင်းအနှီး ပြတ်လပ်သွားပြီး ဘဏ်တွေပါ ပြိုလဲကုန်ပါတယ်။ (၂၀၀၈ ခုနှစ် အမေရိကန် အိမ်ခြံမြေ အကျပ်အတည်းလိုမျိုး ဖြစ်ရပ်ပါ)။

ယုံကြည်မှု ကင်းမဲ့သွားတဲ့အချိန် 

စီးပွားရေးလောကမှာ ယုံကြည်မှု ဟာ အသက်သွေးကြောပါ။ တစ်ခုခုကြောင့် လူတွေက စနစ်အပေါ်မယုံကြည်တော့တဲ့အခါ Systemic Risk က ပေါက်ကွဲထွက်လာပါတယ်။

  • ဒီအချိန်မှာ ဘဏ်တွေက တစ်ခုနဲ့တစ်ခု ငွေမချေးရဲတော့ဘူး (Interbank market ရပ်တန့်သွားခြင်း)။ လူတွေက ဘဏ်ထဲက ငွေတွေကို ပြိုင်တူ သွားထုတ်ကြတယ် (Bank Run)။

  •  ဘဏ်တွေမှာ ငွေသားပြတ်လပ်ကုန်ပြီး ဘယ်သူ့ကိုမှ ချေးငွေ  ထပ်မပေးနိုင်တော့ဘဲ စီးပွားရေး စက်ဝန်းတစ်ခုလုံး ရပ်တန့်သွားပါတယ်။



အကြွေးနဲ့ပတ်သတ်ပြီး ဘယ်နေရာမှာ မှားကြလဲ

Don't give a short-term solution to a long-term problem

ဆိုတဲ့စကားရှိပါတယ်။ အတော်များများ မှားတတ်တဲ့အချက်က လုပ်ငန်းက စက်ရုံအသစ်ဆောက်ချင်တာ၊ စက်ပစ္စည်းအသစ်ဝယ်ချင်တာကို ရေတိုချေးငွေ ယူခိုင်းလိုက်တာပါပဲ  (ဒါတွေက အကျိုးအမြတ်ပြန်ရဖို့ ၂ နှစ်၊ ၃ နှစ် ကြာတတ်ပါတယ်) ။ ရလဒ်ကတော့ စက်ရုံက အမြတ်မထွက်သေးဘူး၊ ချေးငွေသက်တမ်းက ပြည့်သွားပြီ။ အဲ့ဒီမှာ လုပ်ငန်းရှင်ဟာ အကြွေးသစ်နဲ့ အကြွေးဟောင်းဆပ်တဲ့ သံသရာထဲ ရောက်သွားတော့တာပါပဲ။



ကာလတိုချေးငွေကို သုံးသင့်တဲ့အခြေနေအချိန်အခါ
ကာလတိုချေးငွေအမျိုးအစားကို အသုံးချသင့်တဲ့ အကောင်းဆုံး အခြေအနေတွေကတော့-
  • Seasonal Demand ဆိုတဲ့ ပွဲတော်ရက်တွေမှာ ပစ္စည်းအမြောက်အမြား ရောင်းရတော့မယ်၊ ကုန်ကြမ်းကြိုဝယ်ဖို့ ငွေလိုတယ်ဆိုရင် ယူပါ။
  • စျေးသက်သာနေတဲ့အချိန်မှာ ကုန်ကြမ်းကို အလုံးအရင်းနဲ့ ဝယ်လှောင်ထားချင်ရင် ယူပါ။ (ဒါပေမဲ့ အဲ့ဒီကုန်ကြမ်းကို ပြန်ရောင်းလို့ရမယ့် အချိန်က ချေးငွေသက်တမ်းထက် စောရပါမယ်)။
  • Bridge Financing အခြေအနေ၊ ဥပမာ တခြား ရေရှည်ချေးငွေတစ်ခု ကျလာဖို့ သေချာနေပြီ၊ ကြားထဲမှာ ခဏတာ ငွေလိုနေတယ်ဆိုရင် ယူပါ။

စီးပွားရေးမှာ ငွေချေးတာဟာ ရှက်စရာမဟုတ်သလို၊ ကြောက်စရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန် နဲ့ အတိုး ရဲ့ ဆက်သွယ်ချက်ကို သေချာနားမလည်ဘဲ ချေးတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူပါတယ်။


References (APA 6th Edition)

Financial Crisis Inquiry Commission. (2011). The financial crisis inquiry report: Final report of the national commission on the causes of the financial and economic crisis in the United States. Washington, DC: Government Printing Office. Retrieved from https://www.govinfo.gov/content/pkg/GPO-FCIC/pdf/GPO-FCIC.pdf

Gitman, L. J., & Zutter, C. J. (2012). Principles of managerial finance (13th ed.). Boston, MA: Pearson Education.


Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး