Chapter 2.22 (Financial Management) - Overdraft - လုပ်ငန်းရှင်တိုင်း ဆောင်ထားသင့်တဲ့ အရေးပေါ်အိတ်ကပ်
Chapter 2.22 (Financial Management) - Overdraft - လုပ်ငန်းရှင်တိုင်း ဆောင်ထားသင့်တဲ့ အရေးပေါ်အိတ်ကပ်
စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ထားတဲ့ လုပ်ငန်းရှင်တိုင်းမှာ တူညီတဲ့ ညဖက်အိပ်မပျော်ခြင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ (Cash Flow) ပါပဲ။ လုပ်ငန်းက အရှုံးမရှိဘူး၊ အမှာစာ တွေကလည်း တသီတတန်းကြီး၊ ရစရာရှိတဲ့ ငွေစာရင်းတွေကလည်း သိန်းထောင်ချီရှိနေတယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ တစ်နေ့မှာတော့ ကိုယ့်လက်ထဲမှာ ငွေသား ပြတ်သွားတတ်ပါတယ်။
ဖုန်းထဲက ဘဏ်အကောင့်ကို ကြည့်လိုက်ရင် သုည နား ကပ်နေပြီ။ ရှေ့မှာက ကုန်ကြမ်းဖိုး ပေးရတော့မယ်၊ ဝန်ထမ်းတွေရဲ့ လစာနေ့ကလည်း နီးနေပြီ။ ဒါမျိုးကို ငွေစကားပြောရမယ့်အချိန်မှာ ငွေက လက်ထဲမရှိတဲ့ ငွေကြေးအကျပ်အတည်းလို့ ခေါ်ပါတယ်။ ဒီလိုအချိန်မှာ လုပ်ငန်းရှင်တစ်ယောက်ရဲ့ သက်ပြင်းဟာ သိပ်ကို လေးလံလွန်းလှပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘဏ်မှာ ချေးငွေလျှောက်ပြန်ရင်လည်း အချိန်က မစောင့်နိုင်တော့ဘူး။
ဒီနေရာမှာပဲ Overdraft (ခေါ်) စာရင်းပိုထုတ်ချေးငွေ ဆိုတာ ပေါ်ထွက်လာပါတယ်။ ဒါဟာ ချေးငွေသက်သက်မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ ဘဏ်အကောင့်ထဲမှာ အမြဲရှိနေမယ့် အရေးပေါ် အိတ်ကပ် တစ်ခုပါ (Atrill & McLaney, 2017) ။ ဘဏ်မှာ ကိုယ်တကယ်ရှိတာထက် ပိုသုံးခွင့်ရတာကြောင့် အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးနိုင်တဲ့ လက်နက်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
သုံးသလောက်ပဲ အတိုးပေးရခြင်း
Overdraft ရဲ့ ဆွဲဆောင်မှုက သူ့ရဲ့ မျှတမှုနဲ့ Flexibilityပါ။ သာမန် အရစ်ကျချေးငွေ တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်
သိသာပါတယ်။
Term Loan မှာကိုယ်က သိန်း ၁၀၀၀ ချေးရင် ဘဏ်က သင့်အကောင့်ထဲကို သိန်း ၁၀၀၀ ထည့်ပေးလိုက်
မယ်။ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ အဲဒီ သိန်း ၁၀၀၀ လုံးအပေါ်မှာ အတိုးကို နေ့ချင်း စတွက်ပါတော့
တယ်။ ဒါဟာ တစ်ခါတလေ လုပ်ငန်းရှင်အတွက် မလိုအပ်ဘဲ အတိုးဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
Overdraft ကတော့ တစ်မျိုးပါ။ ဘဏ်က ကိုယ့်ကို သိန်း ၁၀၀၀ အထိ သုံးစွဲခွင့် (Limit) ပေးထားပေမဲ့ ကိုယ်
က ဒီနေ့ ၅၀ ပဲ ထုတ်သုံးရင် ၅၀ ဖိုးအတွက်ပဲ အတိုးတွက်ပါတယ်။ ကျန်တဲ့ ၉၅၀ ဖိုး အတိုးဟာ Zero ပါပဲ။
သင်္ချာနည်းအရ ကြည့်ရအောင် -
- ကိုယ်သုံးလိုက်တဲ့ ပမာဏ P ၊
- အတိုးနှုန်း က r
- ရက်ပေါင်း d ဆိုရင်
အတိုးတွက်ချက်ပုံက Interest = (P × r × d )/ 365
ဖြစ်ပါတယ်။ အကယ်၍ P=0 (မသုံးစွဲထားပါက) ဖြစ်နေရင် အတိုးကလည်း သုည ဖြစ်နေမှာပါ။
ဒါဟာ ငွေကြေးစီမံခန့်ခွဲမှုမှာ Cost-Effective ဖြစ်တဲ့ နည်းလမ်းပါ။ လုပ်ငန်းရှင်တွေအနေနဲ့ အတိုးစရိတ်ကို
ကိုယ့်စိတ်ကြိုက် ထိန်းချုပ်ခွင့်ရသွားတာ ဖြစ်ပါတယ်။ ငွေပိုရင် ပြန်ထည့်ထားလိုက်မယ်၊ အတိုးရပ်သွားမယ်။
ငွေလိုရင် ပြန်ထုတ်သုံးမယ်၊ အတိုးပြန်တက်မယ်။ ဒါဟာ တကယ့်ကို အသက်ဝင်နေတဲ့ ငွေကြေးစနစ်တစ်ခု
ပါ။
မှတ်ချက် - Commitment Fee နှင့် အခြားစရိတ်များ
OD မှာ အသုံးမပြုတဲ့ Limit အပေါ်မှာ အတိုးမပေးရပေမဲ့၊ ဘဏ်အတော်များများက OD Limit ချပေးထားတဲ့
အတွက် Management Fee ဒါမှမဟုတ် Commitment Fee (ဥပမာ - ၁ နှစ်ကို ၁% ခန့်) ကောက်ခံ
ပါတယ်။ မသုံးရင် အတိုးလုံးဝမပေးရပေမဲ့ ဝန်ဆောင်ခတော့ ရှိပါတယ်။
စီးပွားရေးရဲ့ ခံစစ်နဲ့ တိုက်စစ်
ကျွန်တော်ကတော့ OD ကို လုပ်ငန်းရှင်တစ်ယောက်ရဲ့ အရေးပေါ် အိတ်ကပ် လို့ တင်စားချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူက ခံစစ်ရော တိုက်စစ်ပါ ကူညီပေးနိုင်လို့ပါ။
ခံစစ်အနေနဲ့
လုပ်ငန်းလည်ပတ်တဲ့နေရာမှာ မမျှော်လင့်တဲ့ အဖုအထစ်တွေ ရှိတတ်ပါတယ်။ ဝယ်သူဆီက ငွေဝင်ဖို့
နောက်ကျနေချိန်မှာ Operating Expenses ဆိုတဲ့ ကိုယ့်ရဲ့ လုပ်ငန်းလည်ပတ်မှုစရိတ် တွေက မရပ်တန့်ပါ
ဘူး။ ဝန်ထမ်းလစာ၊ လျှပ်စစ်ခ၊ အိမ်လစာ စတာတွေကို OD နဲ့ ဖြည့်ဆည်းပေးလိုက်ခြင်းဖြင့် လုပ်ငန်းရဲ့
ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပါတယ်။
တိုက်စစ်အနေနဲ့
စီးပွားရေးမှာ အချိန်က ငွေပါပဲ။ ဥပမာ - ကုန်ကြမ်းဈေးတွေ ရုတ်တရက် ကျသွားတဲ့အချိန်မှာ ကိုယ့်လက်ထဲ
ငွေသားအဆင်သင့်ရှိဖို့ လိုပါတယ်။ အဲဒီအခါ OD က သင့်အတွက် အသင့်သုံးနိုင်တဲ့ ငွေသား ဖြစ်နေပါပြီ။
ဘဏ်မှာ စာရွက်စာတမ်းတွေ သွားတင်နေစရာ မလိုဘဲ ချက်ချင်း ငွေထုတ်ပြီး အခွင့်အလမ်းကိုအရယူနိုင်တာ
ကြောင့် ပြိုင်ဘက်တွေထက် ခြေလှမ်းတစ်လှမ်း ပိုသာစေပါတယ်။
စိတ်ပိုင်းဆိုင်ရာ အားသာချက်
စီးပွားရေးလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အလုပ်ပါ။ ဒါပေမဲ့ OD ရှိထားတဲ့ လုပ်ငန်းရှင်တစ်
ယောက်ရဲ့ စိတ်အခြေအနေဟာ မရှိတဲ့သူနဲ့ သိသိသာသာ ကွာခြားပါတယ်။
Psychological Safety
ဘဏ်အကောင့်ထဲမှာ ကိုယ့်ပိုင်ငွေ ၀ ပြနေရင်တောင် ငါ့မှာ သုံးစရာ Limit ကျန်သေးတယ် ဆိုတဲ့ အသိက
လုပ်ငန်းရှင်ကို စိုးရိမ်စိတ်ကနေ ကင်းဝေးစေပါတယ်။ လူတစ်ယောက်ဟာ စိုးရိမ်စိတ်ကင်းမှသာ မှန်ကန်တဲ့
ဆုံးဖြတ်ချက်တွေကို ချနိုင်တာပါ။
Credit Reputation
ငွေကြေးအခက်အခဲကြောင့် ချက်လက်မှတ် (Check) အမတ်ခံရတာမျိုး၊ အကြွေးပေးဖို့ နောက်ကျတာမျိုး
ဟာ လုပ်ငန်းရှင်တစ်ယောက်ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုကို တစ်ခဏချင်း ပျက်စီးစေနိုင်
ပါတယ်။ OD ဟာ အဲဒီလို အဖြစ်အပျက်တွေ မဖြစ်အောင် ကြားခံတံတိုင်း တစ်ခုလို ကာကွယ်ပေး
ထားတာပါ။
မြန်မာနိုင်ငံက ဘဏ်အတော်များများမှာ OD ရဖို့ဆိုရင် ခိုင်မာတဲ့ အာမခံပစ္စည်း (ဥပမာ - မြေနဲ့အဆောက် အအုံ) ရှိဖို့ လိုပါတယ်။ ဘဏ်က ကိုယ့်ကို သိန်း ၁၀၀၀ သုံးခွင့်ပေးလိုက်တာဟာ လက်ထဲမှာ ငွေသားထုတ်ပေးလိုက်တာနဲ့ အတူတူပဲမို့လို့၊ ပြန်မဆပ်နိုင်ခဲ့ရင် သိမ်းဆည်းနိုင်မယ့် အာမခံပစ္စည်းကို အဓိက ကြည့်ပါတယ်။
ငွေအဝင်အထွက်
OD ရဲ့ သဘောသဘာဝက Current Account ဆိုတဲ့ စာရင်းရှင်ပေါ်မှာ အခြေခံတာပါ။
ကိုယ့်အကောင့်ထဲမှာ ငွေက အမြဲစီးဆင်းနေရမယ် (Cash Flow)။
ဘဏ်က ဘာကိုကြည့်လဲဆိုတော့ ဒီလူက ပိုက်ဆံတော့ ထုတ်သုံးတယ်၊ ဒါပေမဲ့ သူ့ဆီ ပြန်ဝင်လာတဲ့ ပိုက်ဆံတွေကလည်း ပုံမှန်ရှိရဲ့လား ဆိုတာကို ကြည့်တာပါ။
အကောင့်က သေနေတယ် (ငွေအဝင်အထွက်မရှိဘူး) ဆိုရင် ဘဏ်က OD ပေးဖို့ ဝန်လေးတတ်ပါတယ်။
ဘဏ်ဆိုတာ အရှုံးမခံချင်တဲ့ အဖွဲ့အစည်းပါ။ သင်လုပ်နေတဲ့ လုပ်ငန်းက တကယ်ရော အမြတ်ထွက်ရဲ့လား၊ ရေရှည်ရပ်တည်နိုင်ပါ့မလားဆိုတာကို စစ်ဆေးပါတယ်။
အနည်းဆုံး လုပ်ငန်းသက်တမ်း (၂) နှစ် (သို့) (၃) နှစ်ရှိရမယ်။
လုပ်ငန်းလိုင်စင်၊ စာရင်းဇယားတွေ မှန်ကန်ရမယ်။
အမြတ်ခွန်ဆောင်ထားတဲ့ အထောက်အထားတွေ ပြရတတ်ပါတယ်။
တခြားဘဏ်တွေမှာ အကြွေးတင်နေလား၊ အကြွေးဆပ်တာ နောက်ကျဖူးလား ဆိုတာကို စစ်ဆေးပါတယ်။ အရင်က အကြွေးဆပ်တာ မမှန်ကန်ခဲ့ဘူးဆိုရင် OD ရဖို့ ခက်ခဲသွားပါပြီ။
မြန်မာနိုင်ငံမှာ Overdraft ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရဲ့ ခွင့်ပြုချက်ရထားတဲ့ ပုဂ္ဂလိကဘဏ်အားလုံးနီးပါး
မှာ လျှောက်ထားလို့ ရပါတယ် (Central Bank of Myanmar, 2019) ။ဒါပေမဲ့ ဘဏ်တစ်ခုနဲ့တစ်ခုကတော့
ဝန်ဆောင်မှုပေးပုံ၊ အတိုးနှုန်းနဲ့ လိုအပ် ချက်လေးတွေ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ လက်ရှိ မြန်မာ့
စီးပွားရေး လောကမှာ လုပ်ငန်းရှင်တွေ အသုံးအများဆုံး ဘဏ်တွေကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါ
တယ် -
KBZ Bank - မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တာနဲ့အညီ SME လုပ်ငန်းရှင်တွေအတွက် OD ဝန်ဆောင်မှု အစုံအလင်ရှိပါတယ်။ (SME Banking ကနေတစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်)
AYA Bank - အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက် SME Overdraft ဆိုပြီး သီးသန့် ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။
CB Bank - လုပ်ငန်းသုံးအတွက် OD ပေးရာမှာ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ပေးနေတဲ့ ဘဏ်တစ်ခုပါ။
UAB Bank - လုပ်ငန်းရှင်တွေအတွက် မျက်နှာပန်းလှတဲ့ (Corporate Banking) ဝန်ဆောင်မှုတွေနဲ့ OD ကို ပံ့ပိုးပေးပါတယ်။
Yoma Bank - Jumper OD လိုမျိုး နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ သွက်လက်တဲ့ OD ဝန်ဆောင်မှုတွေ ရှိတတ်ပါတယ်။
AGD Bank, MAB Bank - ဒီဘဏ်တွေမှာလည်း လုပ်ငန်းရှင်တွေအတွက် OD သီးသန့်ရှိပါတယ်။
မြန်မာနိုင်ငံမှာ OD လျှောက်မယ်ဆိုရင် ဘဏ်တွေက အောက်ပါ (၃) မျိုးကို အဓိက တောင်းဆိုလေ့ရှိပါတယ် -
အမျိုးအစား | လိုအပ်ချက်များ |
အာမခံပစ္စည်း | မြေနဲ့ အဆောက်အအုံ (Grant/BCC)၊ ဒါမှမဟုတ် FDR (Fixed Deposit) ကို အာမခံပေးရပါတယ်။ |
လုပ်ငန်းစာရွက်စာတမ်း | လုပ်ငန်းလိုင်စင် (DICA)၊ အမြတ်ခွန်ပြေစာ (Tax)၊ ကုမ္ပဏီ Profile နှင့် Audit Report များ။ |
ငွေအဝင်အထွက် (C/A) | အဲဒီဘဏ်မှာ စာရင်းရှင်စာရင်း (Current Account) ဖွင့်ထားပြီး အနည်းဆုံး ၆ လ (သို့) ၁ နှစ် ငွေအဝင်အထွက် ပုံမှန်ရှိရပါမယ်။ |
သိထားသင့်တဲ့ အခြားအချက်အလက်တွေ
အတိုးနှုန်းကို လက်ရှိ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ ရှိပါမယ်။ ပုံမှန်အားဖြင့် ၁၀% မှ ၁၄.၅% ကြားမှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။
သက်တမ်း အနေနဲ့ OD က များသောအားဖြင့် (၁) နှစ် သက်တမ်း ပေးပါတယ်။ တစ်နှစ်ပြည့်ရင် လုပ်ငန်းအခြေအနေကို ပြန်ကြည့်ပြီး သက်တမ်းတိုး (Renew) ပေးလေ့ရှိပါတယ်။
စောင့်ဆိုင်းချိန်ကတော့ လျှောက်လွှာတင်ပြီး အာမခံပစ္စည်း ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ရတဲ့အတွက် ပုံမှန်အားဖြင့် ၁ လ ကနေ ၃ လ အထိ ကြာမြင့်နိုင်ပါတယ်။
သတိပြုရန်နှင့် စီမံခန့်ခွဲမှု
OD က ကောင်းကျိုးတွေ အများကြီး ရှိပေမဲ့ ဓားသွားထက်က ပျားရည် လိုလည်း သတိထားရပါမယ်။
အရေးပေါ် အိတ်ကပ်ကို စနစ်တကျ မကိုင်တွယ်တတ်ရင် အန္တရာယ်ရှိနိုင်ပါတယ်။
စည်းကမ်းOD ဆိုတာ လုပ်ငန်းအတွက်ပဲ ဖြစ်ရပါမယ်။ အိမ်သစ်ဝယ်ဖို့၊ ကားအသစ်လဲဖို့ ဒါမှမဟုတ် ကိုယ်ပိုင်အသုံးစရိတ်တွေအတွက် မသုံးမိဖို့ အထူးသတိထားရပါမယ်။ ဒါဟာ အရင်းအနှီး (Capital) ဖြစ်ရမှာဖြစ်ပြီး စားသုံးမှု (Consumption) မဖြစ်ရပါဘူး။
ကိုယ့်လုပ်ငန်းရဲ့ တစ်နှစ်တာ လည်ပတ်မှု ပမာဏနဲ့ လျော်ညီတဲ့ကိုပဲ လျှောက်ထားသင့်ပါတယ်။ အတိုင်းအတာထက် ပိုများတဲ့ Limit ဟာ မလိုအပ်တဲ့ ဝန်ဆောင်ခတွေ ပေးရတတ်ပါတယ်။
OD ကို အမြဲတမ်း ပြည့်နေတဲ့ အကြွေး လိုမျိုး မထားသင့်ပါဘူး။ ငွေဝင်လာတာနဲ့ ပြန်ထည့်ပြီး အတိုးကို လျှော့ချတတ်တဲ့ အလေ့အကျင့်ရှိရပါမယ်။
လုပ်ငန်းရှင်ဘဝဆိုတာ ပင်လယ်ပြင်ကြီးထဲမှာ ရွက်လွှင့်နေရသလိုပါပဲ။ OD ဆိုတာ ကိုယ့်လှေမှာ အမြဲတမ်း
အရန်သင့်ရှိနေတဲ့ အသက်ကယ်အင်္ကျီ ပါပဲ။ မသုံးဖြစ်တာ အကောင်းဆုံးဆိုပေမဲ့ ဆောင်ထားခြင်းက သင့်ကို
ပိုပြီး ယုံကြည်မှုရှိရှိနဲ့ ခရီးဆက်နိုင်စေမှာပါ။
.
ကိုယ့် ရဲ့ အရေးပေါ် အိတ်ကပ် ကို အခုပဲ စနစ်တကျ ပြင်ဆင်ထားလိုက်ပါ။ အဲဒီအခါမှာကိုယ်ဟာ ငွေကြေးရဲ့
ကျွန်မဖြစ်တော့ဘဲ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
References
Atrill, P., & McLaney, E. (2017). Financial management for decision makers (8th ed.). Harlow, England: Pearson Education Limited.
Central Bank of Myanmar. (2019). Instruction on lending rates and bank overdrafts.
The Myanmar Times. (2019). Challenges in financing for Myanmar SMEs. The Myanmar Times.

Comments
Post a Comment