Chapter 2.21(Financial Management) - လုပ်ငန်းရဲ့ အသက်သွေးကြော- Sources of Business Finance

 Chapter 2.21(Financial Management) - လုပ်ငန်းရဲ့  အသက်သွေးကြော- Sources of Business Finance

လုပ်ငန်းတစ်ခုကို မောင်းနှင်တဲ့အခါ ငွေ ဆိုတာ လောင်စာဆီနဲ့ တူပါတယ်။ လောင်စာဆီပြတ်ရင် စက်ရပ်သွားသလိုပဲ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားရင် ဘယ်လောက်တော်တဲ့ လုပ်ငန်းပဲဖြစ်ဖြစ် လဲပြိုသွားနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်အတွက် ဘယ်အချိန်မှာ ဘယ်လိုငွေမျိုးကို ယူသုံးမလဲ ဆိုတာကို ခွဲခြားသိဖို့က အရေးကြီးဆုံးပါပဲ။

ကိုယ်က ငွေအကြာကြီးလိုအပ်တာလား ၊ ခဏလေးလားဆိုတဲ့ အပေါ်မူတည်ပြီးတော့ 

  •  Short-term Finance
  •  Long-term Finance ဆိုပြီး အဓိကနည်းလမ်းနှစ်မျိုးရှိလာပါတယ်။
လုပ်ငန်းတစ်ခုရဲ့ ရေရှည်တည်တံ့မှုက ရရှိနိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့ ဒါတွေကို စီမံတဲ့အပေါ်မှာ အများကြီးမှီတည်နေပါတယ် (Atrill, 2017) 



၁။ နေ့စဉ်ရှင်သန်ရေး နဲ့ ကာလတို ငွေကြေးလိုအပ်ချက် (Short-term Finance) 

မနက်ဖြန်အတွက် မဟုတ်ဘဲ ဒီနေ့ အတွက် လိုအပ်တဲ့ ငွေကြေးတွေဖြစ်တဲ့ ဝန်ထမ်းလစာပေးဖို့၊ ကုန်ကြမ်းဝယ်ဖို့ ဒါမှမဟုတ် ရုတ်တရက်ပေါ်လာတဲ့ အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ဖို့အတွက်  Short-term Finance သုံးပါတယ်။

Short-term Finance မှာတွေ့ရှိရတဲ့ အမျိုးအစားတွေက 

  • Overdraft ဆိုတဲ့ စာရင်းပိုထုတ်ချေးငွေ
  • Short-term Loans ဆိုတဲ့ ကာလတိုချေးငွေ
  • Trade Credit လို့ခေါ်ကြတဲ့ အကြွေးကုန်သွယ်တာတွေပါပဲ။
စာရင်းပိုထုတ်ချေးငွေ

Overdraft သူ့ရဲ့ အလှပဆုံးအချက်က တကယ်သုံးတဲ့အပေါ်မှာပဲ အတိုးပေးရတာ ပါ။ သိန်း ၁၀၀၀ ခွင့်ပြုချက်ရထားပေမဲ့ ဒီနေ့ ၅၀ ပဲ သုံးရင် ၅၀ ဖိုးပဲ အတိုးပေးရတယ်။ ဒီအချက်က ငွေကြေးကို တစ်ကယ်ပြောင်းလွယ်ပြင်လွယ် ဖြစ်စေပါတယ်။

  • ကျွန်တော်ကတော့ လုပ်ငန်းရှင်တွေရဲ့ အရေးပေါ် အိတ်ကပ် လို့ ခေါ်ချင်ပါတယ်။ ဘဏ်မှာ ကိုယ်တကယ်ရှိတာထက် ပိုသုံးခွင့်ရတာပါ။

ကာလတိုချေးငွေ
Short-term Loans ကတော့ Overdraft လို အေးဆေးမဟုတ်ဘဲ အတိုးပေးရမယ့်ရက်၊ အရင်းဆပ်ရမယ့်ရက် တွေကို ပြက္ခဒိန်မှာ မှတ်ထားပြီး အလုပ်လုပ်ရတဲ့အတွက် အနည်းငယ်တော့ ဖိအားရှိပါတယ်။ ဒါပေမဲ့ ပမာဏအလုံးအရင်းနဲ့ လိုတဲ့အခါမှာတော့ သူက အားကိုးရဆုံးပါ။
  • ဒီန်ည်းလမ်းက တိကျတဲ့ ပန်းတိုင်တစ်ခုအတွက် ယူတာပါ။ အတိုးနှုန်းကတော့ အသေအချာ သတ်မှတ်ပြီးသား။

အကြွေးကုန်သွယ်မှု 
Trade Credit ကတော့ Finance လောကရဲ့ အခမဲ့လက်ဆောင် ပါ။ ပစ္စည်းကို အရင်ယူ၊ ရောင်းပြီးမှ ပိုက်ဆံပေးရတာပါ။
  • အတိုးမပေးရဘဲ သူတစ်ပါးပိုက်ဆံနဲ့ ကိုယ့်စီးပွားရေးကို လည်ပတ်နေတာဖြစ်လို့ ပါးနပ်တဲ့ လုပ်ငန်းရှင် တိုင်း ဒါကို အမိအရ သုံးကြပါတယ်။ အထူးသဖြင့် ငွေဖောင်းပွနေချိန်မှာ ဒီနေ့ဈေးနဲ့ ပစ္စည်းယူထားပြီး နောက်မှပေးရတာဟာ အမြတ်ထွက်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။

၂။ အချိန်ကာလရှည် ငွေကြေးလိုအပ်ချက် (Long-term Finance) 

လုပ်ငန်းကို တိုးချဲ့မယ်၊ အဆောက်အဦသစ်တွေ ဆောက်မယ်၊ မျိုးဆက်သစ်တွေအတွက် အုတ်မြစ်ချမယ်ဆိုရင်တော့ (Long-term Finance) နည်းလမ်းတွေကို သုံးရပါတယ်။

သူကလည်း 

  • အကြွေးနည်းလမ်း
  • အစုရှယ်ယာနည်းလမ်း
  • မထုတ်သုံးသေးဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံထားသော အမြတ်ဆိုပြီး ကွဲသွားပါတယ်။

Debt 

အကြွေးနည်းလမ်း ဆိုတာ တစ်ကယ်တော့စဉ်းစားကြည့်ရင် အကြွေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တာပါ။ ကုမ္ပဏီရဲ့ အာဏာကို သူတစ်ပါးလက်ထဲ မထည့်ချင်တဲ့အခါ အကြွေးယူတာပါ။
  • ဒီမှာသတိထားရမည့်အချက်ကတော့  အကြွေးယူတာဟာ ဓားသွားနှစ်ဖက် လိုပါပဲ။ ကိုယ့်လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုနဲ့ အကြွေးအချိုးအစား (Gearing) မမျှတရင် အတိုးဝန်ပိုးအောက်မှာ ပိသွားနိုင်ပါတယ်။ ဒါပေမဲ့ အမြတ်အစွန်းကောင်းတဲ့ လုပ်ငန်းတွေအတွက်တော့ အကြွေးယူတာဟာ အမြတ်ကို အဆမတန် တိုးပွားစေတဲ့ နည်းလမ်းကောင်းပါ။ 

Equity Finance 

အစုရှယ်ယာဖြင့် ရင်းနှီးမြှုပ်နှံသူရှာဖွေပြီး ငွေရှာတဲ့နည်းပါ။ အနာဂတ်ကို အတူတူ လျှောက်လှမ်းမယ့် မိတ်ဖက် တွေကို ခေါ်ယူတာပါ။ ဒီမှာလည်း နှစ်မျိုးနှစ်စားထပ်ကွဲသွားပါတယ်။
    • Right Issue ဆိုတဲ့ ရှိပြီးသား ရှယ်ယာရှင်ဟောင်းတွေကို ထပ်ရောင်းတာ။ (ရင်းနှီးပြီးသား လူဟောင်းတွေကို ဦးစားပေးတဲ့ သဘောပါ)

    • New Issue ပုံစံနဲ့ လူသစ်တွေကို ခေါ်ယူတာမျိုးလည်းရှိပါတယ်။

အတိုးပေးစရာမလိုလို့ စိတ်အေးရပေမဲ့ ကုမ္ပဏီရဲ့ အမြတ်ကိုတော့ ဝေပေးရပါမယ်။ ဒါဟာ "အန္တရာယ်ကို အတူတူခံ၊ အကျိုးကို အတူတူစံ" မယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။

အခုပြောတဲ့ Debt နဲ့ Equity အကြောင်းကို အရင်က ဆွေးနွေးခဲ့တဲ့ အခန်း Chapter 2.4 (Fianancial Management) : Sources of Finance လုပ်ငန်းအတွက် သွေးသစ်လောင်းမည့် နည်းလမ်းနှစ်သွယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းဖူးပါတယ်။
 
မထုတ်သုံးသေးဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံထားသော အမြတ်
  • Retained Earnings ကတော့ စီးပွားရေးလောကရဲ့ အစင်ကြယ်ဆုံးသော အရင်းအနှီး  ပါ။ ကိုယ်တိုင်ရှာထားတဲ့ အမြတ်ထဲကနေ ပြန်သုံးတာဖြစ်လို့ သူတစ်ပါးကို အားကိုးစရာမလို၊ အတိုးပေးစရာမလိုတဲ့အတွက် လုပ်ငန်းရဲ့ ခံနိုင်ရည်အား ကို အထောက်အကူအများကြီးပေးပါတယ်။


တစ်ကယ်တော့ လုပ်ငန်းခွင်မှာ ငွေရှာရတာထက် ငွေကြေးအရင်းအမြစ်ကို မှန်ကန်အောင် ရွေးချယ်တတ်ဖို့ က ပိုခက်ပါတယ်။ ကာလတို လိုအပ်ချက်အတွက် ကာလရှည်အကြွေးတွေ ယူမိတာမျိုး၊ ဒါမှမဟုတ် ကာလရှည် စီမံကိန်းကြီးတွေအတွက် အတိုးကြီးတဲ့ ကာလတို အကြွေးတွေနဲ့ လည်နေတာမျိုးဟာ လုပ်ငန်းပြိုလဲရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

လုပ်ငန်းရှင်ကောင်းတစ်ယောက်ဆိုတာ ကိန်းဂဏန်းတွေကို ကြည့်ရုံတင်မကဘဲ အဲဒီငွေတွေရဲ့ နောက်ကွယ်က အချိန်ကာလ နဲ့ တာဝန်ယူမှု ကိုပါ မှန်မှန်ကန်ကန် ချိန်ဆတတ်သူပါ


References

Atrill, P. (2017). Financial management for decision makers (8th ed.). Harlow, England: Pearson Education Limited.

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး