Chapter 2.26 (Financial Management) -ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit
Chapter 2.26 (Financial Management) -ဘဏ်ချေးငွေထက် ပိုအစွမ်းထက်တဲ့ Trade Credit
စီးပွားရေးလောကမှာ ငွေသားဟာ ဘုရင် လို့ ဆိုကြပေမဲ့၊ တကယ်တမ်းတော့ ငွေသားစီးဆင်းမှုဟာ မိဖုရားကြီး' ပါပဲ။ နန်းတော်တစ်ခုလုံးကို ခြယ်လှယ်မောင်းနှင်နေတာက ငွေသားစီးဆင်းမှုသာ ဖြစ်ပါတယ်။လုပ်ငန်းတစ်ခုဟာ အမြတ်ထွက်နေရုံနဲ့ မလုံလောက်ပါဘူး၊ Cash Flow လည်ပတ်နေဖို့က ပိုအရေးကြီးပါတယ်။
လုပ်ငန်းရှင်အချင်းချင်းကြားက အားအကောင်းဆုံး ငွေကြေးလက်နက်တစ်ခုဖြစ်တဲ့ Trade Credit လို့ခေါ်တဲ့ အကြွေးစနစ် အကြောင်းကို နဲ့ပတ်သတ်ပြီးပြောချင်ပါတယ်။
Trade Credit ဆိုတာ
Net 30 ဆိုပြီးရေးတဲ့ အဓိပ္ပာယ်ကတော့ ပစ္စည်းရပြီး ရက် ၃၀ အတွင်း အပြည့်အဝ ငွေချေရမယ်ဆိုတဲ့ အမှတ်အသားပါ။
2/10, Net 30 လို့ရေးထားတာကို တွေ့ဖူးမှာပါ။ ဒါကလုပ်ငန်းရှင်တွေအတွက်တော့ တကယ့် အခွင့်အရေးပါ။ (၁၀) ရက်အတွင်း အမြန်ငွေချေရင် ၂ ရာခိုင်နှုန်း (2%) လျှော့စျေး ရမယ်။ မယူဘူးဆိုရင်တော့ ရက် ၃၀ အတွင်း အပြည့်ပေးရမယ်ဆိုတဲ့ပုံစံမျိုးပါ။ ဒီ ၂ ရာခိုင်နှုန်းဟာ သေးငယ်တယ်လို့ ထင်ရပေမဲ့ တစ်နှစ်စာ တွက်ချက်ကြည့်ရင် ဘဏ်အတိုးနှုန်းထက်တောင် အကျိုးအမြတ် ပိုများနိုင်ပါတယ် (Ross et al., 2013)။
Trade Credit လောကမှာ ဒါတွေအပြင် ထပ်မံဖြည့်စွက် သိထားသင့်တဲ့ အခေါ်အဝေါ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်-
EOM (End of Month) - ဥပမာ -
Net 15 EOMလို့ ရေးထားရင် ပစ္စည်းဝယ်တဲ့လရဲ့ လကုန်ရက်ကနေစပြီး ၁၅ ရက်အတွင်း ငွေချေရမယ်လို့ ဆိုလိုတာပါ။ လလယ်မှာ ဝယ်ဝယ်၊ လဆန်းမှာ ဝယ်ဝယ် လကုန်မှ စတွက်တာမို့ အကြွေးသက်တမ်း ပိုရတတ်ပါတယ် (Weygandt, Kimmel, & Kieso, 2015)။ROG (Receipt of Goods)၊ ဒါကတော့
Net 30 ROGလို့ သုံးရင် အဝေးကနေ မှာယူရတဲ့ ပစ္စည်းတွေအတွက် အသုံးဝင်ပါတယ်။ Invoice ထွက်တဲ့ရက် မဟုတ်ဘဲ ပစ္စည်းလက်ထဲ ရောက်တဲ့ရက် ကနေစပြီး ရက် ၃၀ တွက်တာပါ။
CIA အရှည်ကတော့ (Cash in Advance)၊ ပစ္စည်းမပို့ခင် ငွေကြိုလွှဲရတဲ့စနစ် ပါ။ Supplier နဲ့ အဆက်အသွယ် အသစ်ဖြစ်နေချိန် ဒါမှမဟုတ် ကိုယ့်ရဲ့ Credit ယုံကြည်မှု မခိုင်မာသေးချိန်မှာ ဒီ Term ကို တွေ့ရတတ်ပါတယ်။
COD (Cash on Delivery)၊ ဒါက အသုံးအများဆုံးပါ။ ပစ္စည်းရောက်တာနဲ့ လက်ငင်းငွေချေ ရတဲ့စနစ် ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်တဲ့အခါ ပို့ဆောင်ခ ဘယ်သူပေးမလဲဆိုတာကလည်း ကုန်ကျစရိတ်မှာ စကားပြောပါတယ်။
FOB Shipping Point (Free on Board) ဆိုတာ ပစ္စည်းကို Supplier က ကားပေါ်တင်ပေးလိုက်တာနဲ့ ပိုင်ဆိုင်မှုက ဝယ်သူဆီ ရောက်သွားပါပြီ။ လမ်းခရီး ပို့ဆောင်ခနဲ့ အန္တရာယ်ကို ဝယ်သူက တာဝန်ယူရပါတယ်။
FOB Destination ဆိုတာကတော့ ပစ္စည်းက ဝယ်သူ့ဆီ ရောက်တဲ့အထိ Supplier က ပို့ဆောင်ခရော၊ အန္တရာယ်ကိုပါ တာဝန်ယူပေးတာ ဖြစ်ပါတယ် (Weygandt et al., 2015) ။
အကြွေးဆပ်ခြင်းနဲ့ပတ်သတ်တဲ့ အခြားအသုံးတွေ
Credit Limit ဆိုတာကိုမြင်ဖူးမှာပါ။ အဓိပ္ပာယ်ကတော့ Supplier တစ်ဦးက ကိုယ့်ကို အကြွေးပေးမယ့် အများဆုံး ပမာဏကိုပြောတာဖြစ်ပါတယ်။ (ဥပမာ - သိန်း ၁၀၀ အထိပဲ အကြွေးပေးမယ် ဆိုတာမျိုး)။
Past Due / Overdue သတ်မှတ်ထားတဲ့ ရက် (ဥပမာ - ရက် ၃၀) ကျော်သွားတဲ့ အကြွေးကို ခေါ်တာပါ။
Late Fee / Interest Charge ဆိုတာကတော့ အကြွေးဆပ်ရမယ့်ရက် ကျော်သွားရင် ပေးရမယ့် ဒဏ်ကြေး သို့မဟုတ် အတိုးနှုန်း ဖြစ်ပါတယ်။
Past Due နမူနာတစ်ခုနဲ့ ပြရရင်
ကုန်စုံဆိုင်ဖွင့်ထားပြီး Supplier တစ်ဦးထံမှ ကုန်ပစ္စည်း သိန်း ၁၀၀ ဖိုးကို Net 30 Term ဖြင့် ဝယ်ယူလိုက်ပြီဆိုပါစို့။
Invoice Date - မတ်လ ၁ ရက်။
Credit Term - ရက် ၃၀။
နောက်ဆုံးပေးချေရမည့်ရက် - မတ်လ ၃၀ ရက်။
အကယ်၍ ကိုယ်က မတ်လ ၂၅ ရက်နေ့မှာ ငွေချေလိုက်ရင် ဒါကို Current ဆိုတဲ့ သတ်မှတ်ရက်အတွင်း ရှိနေဆဲ အခြေနေလို့ ခေါ်ပါတယ်။
Past Due / Overdue ဆိုတာကတော့
မတ်လ ၃၀ ရက်နေ့ ကျော်သွားသည်အထိ ငွေမချေရသေးတာမျိုးပါ။
မတ်လ ၃၁ ရက်နေ့ - ကိုယ့်အကြွေးက 1 Day Past Due
ဧပြီလ ၁၀ ရက်နေ့ထိ ကိုယ်ငွေမချေရသေးရင် 10 Days Overdue ဖြစ်နေပါပြီ။
လုပ်ငန်းလောကမှာ Overdue ကို သတ်မှတ်ပုံ
လုပ်ငန်းကြီးများတွင် အကြွေးနောက်ကျမှုကို အောက်ပါအတိုင်း အဆင့်ခွဲ၍ စောင့်ကြည့်လေ့ရှိသည် (ဒါကို Accounts Receivable Aging လို့ခေါ်ပါတယ်)။
| အဓိပ္ပာယ် | အဆင့်အတန်း | |
1 - 30 Days Past Due | ရက် ၃၀ ထက်မပိုဘဲ နောက်ကျနေခြင်း | သတိပေးရမည့် အဆင့် (Reminder) |
31 - 60 Days Past Due | ၂ လနီးပါး နောက်ကျနေခြင်း | စိုးရိမ်ရသည့် အဆင့် (Follow-up) |
Over 90 Days Past Due | ၃ လကျော် နောက်ကျနေခြင်း | အကြွေးဆုံးနိုင်သည့် အဆင့် (Bad Debt Risk) |
Trade Credit အသုံးချသင့်တဲ့အကြောင်းတွေ
ငွေလိုတာနဲ့ ဘဏ်ကိုပဲသွားစရာမလိုပါဘူး။ တကယ်တော့ Trade Credit ကို သုံးတတ်ရင်-
ကိုယ့်ပိုက်ဆံကို အိတ်ထဲမှာ ခဏထားပြီး Supplier ဆီက ပစ္စည်းနဲ့ အရင်အရောင်းအဝယ် လုပ်လို့ရလို့ငွေသားကို ထိန်းသိမ်းနိုင်မယ်။
- သတ်မှတ်ရက်အတွင်း ပြန်ဆပ်သရွေ့ အတိုးပေးစရာ မလိုပါအပ်တာမို့ အတိုးမဲ့သဘောချေးငွေ ရမယ်။
- လက်ထဲမှာ ငွေအလုံအလောက် မရှိသေးရင်တောင် လုပ်ငန်းကို ရပ်မထားဘဲ လည်ပတ်နေစေပါတယ်။တစ်နည်းအားဖြင့် လုပ်ငန်းချဲ့ထွင်နိုင်ပါမယ်။
ဒါပေမယ့် Trade Credit က လုပ်ငန်းရှင်တိုင်း အလိုအလျောက် ရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရောင်းချသူ ဘက်ကလည်း သူ့ပစ္စည်းကို အကြွေးပေးလိုက်ရတာဖြစ်လို့ အခြေအနေပေါ် မူတည်ပြီးမှ ပေးလေ့ရှိပါတယ်။
Trade Credit ရဖို့ ဆိုရင်
- ယုံကြည်မှုနှင့် သမိုင်းကြောင်းက အတော်အရေးကြီးပါတယ်။ အသစ်စဖွင့်ခါစ လုပ်ငန်းတစ်ခုကို Supplier က ချက်ချင်း အကြွေးမပေးပါဘူး။ ပထမအကြိမ်တွေမှာ လက်ငင်းငွေချေ နဲ့ အရင်ဝယ်ရလေ့ရှိပြီး၊ ငွေပေးချေမှု မှန်ကန်ကြောင်း ပြသနိုင်မှသာ နောက်ပိုင်းမှာ Credit Term ပေးတာမျိုးပါ။
- လုပ်ငန်းခိုင်မာမှုကနောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ လုပ်ငန်းက တကယ်ပဲ လည်ပတ်နေတာလား၊ ရုံးခန်း ဒါမှမဟုတ် ဆိုင် ရှိလားဆိုတာမျိုးကိုလည်း Supplier က ကြည့်တတ်ပါတယ်။
- ဝယ်ယူတဲ့ ပမာဏကလည်း အတော်စကားပြောပါတယ်။ လုပ်ငန်းတိုင်းကိုအကြွေးမပေး ပေမယ့် ပစ္စည်းအမြောက်အမြား ပုံမှန်ဝယ်ယူတဲ့ ဖောက်သည်ကြီး တွေကို Supplier တွေက လက်မလွတ်စေချင်တဲ့အတွက် Trade Credit ပေးပြီး ထိန်းထားတတ်ကြပါတယ်။
- နောက်ဆုံးတစ်ခုက အပေါ်ကအချက်တွေဘယ်လောက်ပြည့်စုံနေပါစေ Supplier ရဲ့ ငွေကြေးအင်အားကလည်း အကြွေးပေးမယ်မပေးဘူးအပေါ်သက်ရောက်မှု များစွာရှိပါတယ်။ Supplier ကိုယ်တိုင်ကလည်း ငွေအင်အားတောင့်တင်းမှသာ သူ့ဖောက်သည်တွေကို အကြွေးပေးနိုင်မှာပါ။
ဒါကြောင့် Supplier ဆီကနေ အကြွေးစနစ် လိုချင်တယ်ဆိုရင်
ယုံကြည်မှုတည်ဆောက်။
အကြိမ်အရည်အတွက်များစွာ လက်ငင်းငွေအပြည့်ချေပြီး ကိုယ်က ငွေပေးချေမှု တိကျသူဖြစ်ကြောင်း သက်သေပြတာမျိုးပါ။
လိုချင်တဲ့ ရက်ပမာဏကို တဖြည်းဖြည်း တောင်းဆိုတာမျိုးပါ။ ချက်ချင်း ရက် ၃၀ မတောင်းဘဲ ဒီတစ်ခါတော့ ၇ ရက် ဒါမှမဟုတ် ၁၅ ရက် ခရက်ဒစ် ပေးလို့ရမလား ဆိုပြီး တဖြည်းဖြည်းချင်း စတင်ပါ။
Financial Statement ပြသတာကလည်းယုံကြည်မှုကို ပိုရစေပါတယ်။ အထူးသဖြင့် လုပ်ငန်းကြီးတွေနဲ့ ဆက်ဆံရင်တော့ ကိုယ့်လုပ်ငန်းရဲ့ ငွေဝင်ငွေထွက် မှတ်တမ်းတွေကို ပြသပြီး ကိုယ့်မှာ ပြန်ဆပ်နိုင်စွမ်းရှိကြောင်း အာမခံနိုင်ပါတယ်။
တွေ့ရခဲပေမယ့် ဒါလည်းထည့်စဉ်းစားသင့်တဲ့ နည်းလမ်းထဲပါဝင်ပါတယ်။တခြား Supplier တွေဆီကနေ ကိုယ့်ရဲ့ ငွေပေးချေမှုကောင်းမွန်ကြောင်း ထောက်ခံချက်မျိုး ယူထားခြင်းမျိုးပါ။
Trade Credit ဟာ ဓားနှစ်ဖက်သွားနဲ့ တူပါတယ်။ အချိန်မီ ပြန်မဆပ်နိုင်ရင် ကိုယ့်ရဲ့ လုပ်ငန်းဂုဏ်သတင်း ထိခိုက်နိုင်တာကိုတော့ နှလုံးသွင်းထားရမှာပါ။
ဒါကြောင့် Supplier တွေနဲ့ ရေရှည်လက်တွဲချင်ရင် အကြွေးဆပ်ရက်မှန်တယ်ဆိုတဲ့တိကျမှုကို ကိုယ့်လုပ်ငန်းက ပြဖို့လိုအပ်ကြောင်း ။
References
Weygandt, J. J., Kimmel, P. D., & Kieso, D. E. (2015). Financial accounting (9th ed.). Hoboken, NJ: Wiley.

Comments
Post a Comment