Chapter 2.17 (Financial Management) - IPO ကုမ္ပဏီတစ်ခုရဲ့ ဘဝမှတ်တိုင်နှင့် အများပိုင်အိပ်မက်ဆီသို့ ခြေလှမ်း
Chapter 2.17 (Financial Management) - IPO ကုမ္ပဏီတစ်ခုရဲ့ ဘဝမှတ်တိုင်နှင့် အများပိုင်အိပ်မက်ဆီသို့ ခြေလှမ်း
စီးပွားရေးလောကမှာ ကုမ္ပဏီတစ်ခုအတွက် IPO လုပ်တယ်ဆိုတာဟာ လူတစ်ယောက်အနေနဲ့ပြောရင် လူလားမြောက်တဲ့ မင်္ဂလာပွဲ ကျင်းပတာနဲ့ တူပါတယ်။ မိသားစုပိုင် ဒါမှမဟုတ် လူနည်းစုပိုင်တဲ့ လုပ်ငန်းလေးတစ်ခုကနေ တကယ့်အများပြည်သူပိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်တဲ့ ဖြစ်စဉ်ပါပဲ။ ပြောရမယ်ဆိုရင်တော့ ဘဏ္ဍာရေးလောကရဲ့ အကြီးကျယ်ဆုံးသော ပွဲဦးထွက် အခမ်းအနားကြီးပါပဲ။
IPO ဆိုတာနဲ့ အပိုင်းသုံးပိုင်းခွဲပြီးပြောရပါလိမ့်မယ်။
- IPO ဆိုတာ ဘာလဲ?
- ဘာကြောင့် IPO လုပ်ကြတာလဲ?
- IPO Process
IPO ဆိုတာ (ပထမဆုံးသော လက်ထပ်ကတိ)
Initial Public Offering (IPO) ဆိုတာ မြန်မာလိုဆိုရင် အများပြည်သူထံ အစုရှယ်ယာများ ပထမဆုံးအကြိမ် ထုတ်ရောင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ကုမ္ပဏီတစ်ခုဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ ရှယ်ယာတွေကို အပြင်လူတွေဆီ ပထမဆုံးအကြိမ် ကမ်းလှမ်းလိုက်တာပါ (Brealey, Myers, & Allen, 2017)။
ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမှာက IPO ဟာ Primary Market (ဈေးဦးပေါက်ဈေးကွက်) ရဲ့ အနှစ်သာရပါပဲ။ ကိုယ်က IPO မှာ ရှယ်ယာဝယ်လိုက်ပြီဆိုရင် သင့်လက်ထဲက ပိုက်ဆံဟာ ကုမ္ပဏီရဲ့ လက်ထဲကို တိုက်ရိုက်ရောက်သွားပြီး လုပ်ငန်းတိုးချဲ့ဖို့ အင်အားဖြစ်စေပါတယ်။
ဒါဟာ အသစ်စက်စက် မျှော်လင့်ချက် တွေကို ဝယ်ယူလိုက်တာပါလိုတောင်ပြောလို့ရပါတယ်။ ကုမ္ပဏီရဲ့ အနာဂတ်မှာ ကိုယ်ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ IPO လို့ ပြောလိုက်ရင် ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ပြေးမြင်ကြမှာပါ ။ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ဆီမှာ ရှယ်ယာဆိုတာ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာပဲ စက္ကူလ က်မှတ် တွေနဲ့ အရောင်းအဝယ်လုပ်ခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု IPO လုပ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ စာရင်းအင်းတွေဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အခွန်အတိအကျဆောင်ရမယ်၊ အုပ်ချုပ်မှုစနစ် (Governance) ကောင်းမွန်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။
မြန်မာလုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်လုပ်ငန်းအတွင်းရေးကို သူများကို မသိစေချင်တဲ့ အလေ့အထ ရှိကြပါတယ်။ ဒါပေမဲ့ IPO လုပ်လိုက်ပြီဆိုတာနဲ့ အဲဒီအလေ့အထကို ဖောက်ထွက်ပြီး ငါတို့ဟာ စနစ်တကျရှိတဲ့၊ ယုံကြည်ရတဲ့ လုပ်ငန်းကြီးဖြစ်ပြီ လို့ ကမ္ဘာကို ကြေညာလိုက်တာပါ။ ဒါဟာ ငွေရှာတာထက် ပိုတဲ့ ဂုဏ်သိက္ခာ (Brand Image) တည်ဆောက်မှုပါ။
နောက်တစ်ခုအနေနဲ့ မြန်မာပြည်သူတွေဟာ အစဉ်အလာအရ ပိုက်ဆံပိုရင် ရွှေဝယ်တယ်၊ အိမ်ခြံမြေဝယ်တယ်၊ ဒါမှမဟုတ် ဘဏ်ထဲမှာပဲ ထည့်ထားလေ့ရှိပါတယ်။
IPO ပေါ်လာတဲ့အခါမှာတော့ သာမန်ဝန်ထမ်းတစ်ယောက်ကနေ လုပ်ငန်းရှင်အထိ မိမိနှစ်သက်တဲ့ ကုမ္ပဏီကြီးတွေ (ဥပမာ - FMI, MTSH, MCB) မှာ အစုရှယ်ယာရှင်အဖြစ် ပါဝင်ခွင့်ရလာပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ ရှယ်ယာကနေ အမြတ်ဝေစု (Dividend) ရလာတဲ့အခါမှာ ခံစားရတဲ့ ပီတိဟာ ဘဏ်အတိုးရတာထက် ပိုပြီး စီးပွားရေးမှာ ကိုယ်တိုင်ပါဝင်နေတယ် ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။
မြန်မာနိုင်ငံမှာ IPO လုပ်ဖို့ ပြင်ဆင်ရတာဟာ ဝင်္ကပါထဲ လမ်းလျှောက်ရတာနဲ့တာင် အတော်တူပါသေးတယ်။
Securities ကုမ္ပဏီတွေ (KBZSC, CBSC စသည်) နဲ့ လက်တွဲပြီး IPO အတွက် လိုအပ်တဲ့ Prospectus (ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လွှာ) တွေကို ပြင်ဆင်ရတာဟာ လနဲ့ချီ ကြာတတ်ပါတယ်။ ကုမ္ပဏီရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို မှန်မှန်ကန်ကန် ချပြရတာဟာ တကယ့်ကို ပညာသားပါတဲ့ အလုပ်တစ်ခုပါ။
လက်ရှိ ၂၀၂၆ ခုနှစ်အထိ မြန်မာ့စတော့ဈေးကွက်မှာ ကုမ္ပဏီအရေအတွက် နည်းနေသေးတာဟာ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမဲ့ ဒါဟာ နောက်ထပ် IPO လုပ်မယ့် ကုမ္ပဏီသစ်တွေအတွက်တော့ ရွှေရောင်အခွင့်အလမ်း တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
၂။ ဒါဆို ဘာကြောင့် IPO လုပ်ကြတာလဲ? (အရင်းအနှီးထက် ပိုတဲ့ ဂုဏ်သိက္ခာ)
ကုမ္ပဏီတွေ ဘာလို့ IPO လုပ်ချင်ကြတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေက အဓိကအားဖြင့် လုပ်ငန်း ကြီးထွားချင်လို့ ပါပဲ။
လုပ်ငန်းတိုးချဲ့လိုခြင်းက ထိပ်ဆုံး အကြောင်းပြချက်ထဲပါပါတယ်။ စက်ရုံအသစ်တွေ ဆောက်ချင်တယ်၊ နည်းပညာအသစ်တွေ ဝယ်ချင်တယ်၊ နယ်ပယ်အသစ်တွေကို ချဲ့ထွင်ချင်တဲ့အခါ ဘဏ်မှာ အတိုးပေးပြီး ချေးနေမယ့်အစား ရင်းနှီးမြှုပ်နှံသူတွေဆီကနေ အရင်းအနှီးကို မိတ်ဖက် အဖြစ် တောင်းခံလိုက်တာပါ (Brealey et al., 2017)။
IPO လုပ်ပြီးသွားတဲ့ ကုမ္ပဏီတစ်ခုဟာ ပွင့်လင်းမြင်သာမှု (Transparency) နဲ့ ယုံကြည်စိတ်ချရမှု (Credibility) အဆင့်အတန်း တစ်ခုကို ရောက်သွားပါတယ်။ အများပြည်သူပိုင် ကုမ္ပဏီဖြစ်သွားပြီဆိုတာနဲ့ သင့်ရဲ့ ဂုဏ်သိက္ခာကလည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းသွားတာပါ။
မြန်မာ့စတော့ဈေးကွက်ရဲ့ သမိုင်းဦး ပထမ
မြန်မာနိုင်ငံရဲ့ ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ တကယ့်တရားဝင် အရောင်းအဝယ် (Trading) ကိုတော့ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ စတင်ခဲ့ပါတယ် (Yangon Stock Exchange, 2016)။ အဲဒီအချိန်မှာ ပထမဆုံးသော စာရင်းဝင်ကုမ္ပဏီ (First Listed Company) အဖြစ် မှတ်တမ်းတင်ခံရတာကတော့ First Myanmar Investment Co., Ltd. (FMI) ပဲ ဖြစ်ပါတယ်။
FMI ဟာ မြန်မာနိုင်ငံမှာ ရှေးအကျဆုံး အများပိုင်ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး စတော့အိတ်ချိန်း မပေါ်ခင်ကတည်းက လူအချင်းချင်း ရှယ်ယာရောင်းဝယ်မှုတွေ ရှိခဲ့တဲ့ ကုမ္ပဏီပါ။
FMI ဟာ YSX မှာ ပထမဆုံး စာရင်းဝင်ဖို့အတွက် အဆင်သင့်အဖြစ်ဆုံး ကုမ္ပဏီဖြစ်ခဲ့ပါတယ်။ သူတို့ဟာ စာရင်းအင်းပိုင်းဆိုင်ရာရော၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ (Corporate Governance) မှာပါ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။
ထူးခြားချက်အနေနဲ့ ကတော့ FMI ဟာ စတော့အိတ်ချိန်းမှာ ပထမဆုံး စာရင်းဝင်ခဲ့ပေမဲ့ သူက IPO (ရှယ်ယာအသစ် ထုတ်ရောင်းခြင်း) ကနေတစ်ဆင့် ဝင်လာတာမဟုတ်ဘဲ Listing by Introduction (ရှိပြီးသား ရှယ်ယာတွေကို စာရင်းသွင်းခြင်း) နည်းနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က ရှယ်ယာအသစ်တွေ (IPO) ကို အများပြည်သူဆီ ပထမဆုံး ထုတ်ရောင်းပြီးမှ ဈေးကွက်ထဲ ဝင်လာတာ ဘယ်သူလဲ လို့ မေးရင်တော့ အဖြေက Myanmar Thilawa SEZ Holdings Public Ltd. (MTSH) ဖြစ်သွားပါလိမ့်မယ် (Yangon Stock Exchange, 2016)။
MTSH ဟာ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ပြည်သူလူထုဆီကနေ အရင်းအနှီးတွေ IPO ကနေတစ်ဆင့် ခေါ်ယူခဲ့တာပါ။ အဲဒီတုန်းက ပြည်သူတွေဟာ ဘဏ်တွေမှာ တန်းစီပြီးတော့ကို MTSH ရှယ်ယာတွေကို ဝယ်ယူခဲ့ကြတာဟာ မြန်မာ့ IPO သမိုင်းမှာ အစည်ကားဆုံးနဲ့ အမှတ်ရစရာအကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
၃။ IPO Process - ကြမ်းတမ်းသော်လည်း အနှစ်ရှိသော ခရီးစဉ်
IPO တစ်ခု ဖြစ်မြောက်ဖို့ဆိုတာ ကုမ္ပဏီတစ်ခုတည်း လုပ်လို့မရပါဘူး။ ရှေ့မှာ ပြောခဲ့သလိုပဲ Securities Company တွေ၊ ရှေ့နေတွေ၊ စာရင်းစစ်တွေနဲ့ လက်တွဲပြီး လပေါင်းများစွာ ပြင်ဆင်ရပါတယ်။
ဒီခရီးစဉ်မှာ
- Securities Company (Underwriter)၊
- စာရင်းစစ် (Auditor) နဲ့
- ရှေ့နေ (Legal Advisor) ဆိုတဲ့ ကျွမ်းကျင်သူ သုံးဦး နဲ့ လက်တွဲပြီး အဓိက အပိုင်း (၄) ပိုင်းကို ပြင်ဆင်ရပါတယ်။
ဒါက စနစ်တကျ စာရင်းစစ်ခံခြင်း ပါ။ အရင်က မိသားစုပိုင်တုန်းက စာရင်းတွေကို ခပ်ချောင်ချောင် ထားခဲ့လို့ရပေမဲ့၊ အခုတော့ မရတော့ပါဘူး။
နောက်ဆုံး (၃) နှစ်စာ စာရင်းတွေကို နိုင်ငံတကာစံနှုန်း (IFRS/MFRS) နဲ့အညီ ပြန်ညှိရပါတယ်။ စာရင်းစစ်တွေက ကုမ္ပဏီရဲ့ အမြတ်က တကယ်လား၊ အကြွေးတွေက ဘယ်လောက်လဲဆိုတာကို အသေးစိတ် စစ်ဆေးပါတယ်။
ကိုယ့်ရဲ့ အတိတ်က ငွေကြေးအရှုပ်အထွေးတွေကို အမှန်အတိုင်း ဝန်ခံပြီး ဖြူစင်တဲ့ စာမျက်နှာသစ် ကို ဖွင့်လှစ်လိုက်တာပါပဲ။
ကုမ္ပဏီကို ပိုင်ရှင်တစ်ဦးတည်းရဲ့ အမိန့်နဲ့ မောင်းနှင်လို့ မရတော့ပါဘူး။ စနစ်တကျ ဖွဲ့စည်းပုံရှိရပါမယ်။
Independent Directors (လွတ်လပ်သော ဒါရိုက်တာများ) ကို ခန့်အပ်ရပါတယ်။ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ့် Audit Committee လိုမျိုး အဖွဲ့အစည်းတွေ ဖွဲ့စည်းရပါတယ်။
အိမ်ထောင်စုလေးတစ်ခုကနေ စည်းကမ်းကြီးတဲ့ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သလိုမျိုး စည်းကမ်းနဲ့ စနစ် ကြားမှာ ကျင့်သားရအောင် ကြိုးစားရတဲ့ အပိုင်းပါ။
ကုမ္ပဏီရဲ့ Board of Directors (ဒါရိုက်တာအဖွဲ့) ထဲမှာ ပိုင်ရှင်ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေချည်းပဲ ရှိနေရင် ဆုံးဖြတ်ချက်တွေဟာ ပိုင်ရှင်အတွက်ပဲ ကောင်းပြီး ရှယ်ယာရှင်အငယ်စားလေးတွေအတွက် နစ်နာနိုင်ပါတယ် (Brealey et al., 2017)။
Independent Director ဆိုတာ ကုမ္ပဏီနဲ့ ဘာစီးပွားရေး အကျိုးအမြတ်မှ မပတ်သက်သူ၊ ပိုင်ရှင်ရဲ့ အမျိုးအဆွေ မဟုတ်သူတွေကို ခန့်ရတာပါ။ သူတို့ဟာ ဘက်မလိုက်တဲ့ ဒိုင်လူကြီးတွေ ဖြစ်ပါတယ်။
ဥပမာ - ကုမ္ပဏီပိုင်ရှင်က သူ့ရဲ့ တခြားလုပ်ငန်းတစ်ခုဆီကနေ ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ဖို့ ဆုံးဖြတ်တဲ့အခါ၊ Independent Director က ဒါဟာ ရှယ်ယာရှင်တွေရဲ့ ပိုက်ဆံကို ဖြုန်းတီးတာပဲ ဆိုပြီး ဗီတိုအာဏာနဲ့ တားဆီးနိုင်ပါတယ်။
သူတို့ဟာ ကုမ္ပဏီရဲ့ သိက္ခာစောင့်နတ်မင်း တွေပါပဲ။ သူတို့ရှိနေခြင်းက ရင်းနှီးမြှုပ်နှံသူတွေကို မင်းတို့ပိုက်ဆံကို ပိုင်ရှင်က စိတ်ကြိုက်ဖြုန်းလို့မရအောင် ငါတို့ စောင့်ကြည့်ပေးနေတယ် ဆိုတဲ့ လုံခြုံမှုကို ပေးပါတယ်။
ဒါရိုက်တာအဖွဲ့ဝင်တွေထဲကမှ အရည်အချင်းရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကော်မတီဟာ ကုမ္ပဏီရဲ့ စာရင်းအင်းတွေ မှန်ကန်ဖို့ကို အဓိက တာဝန်ယူရပါတယ်။
စီမံခန့်ခွဲသူ (Management) တွေဟာ အပိုဆုကြေး (Bonus) ရချင်လို့ ဒါမှမဟုတ် ရှယ်ယာဈေးတက်ချင်လို့ စာရင်းလိမ် တာမျိုးတွေ မလုပ်နိုင်အောင် စောင့်ကြည့်ဖို့ပါ။
သူတို့ဟာ အပြင်က စာရင်းစစ် (External Auditor) တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ကုမ္ပဏီရဲ့ ငွေအဝင်အထွက်တွေ တိကျရဲ့လား၊ စာရင်းတွေထဲမှာ တစ်ခုခု ဝှက်ထားတာ ရှိသလားဆိုတာကို စစ်ဆေးပါတယ်။
ကုမ္ပဏီရဲ့ ကိုယ်ခံအားစနစ် လိုပါပဲ။ အတွင်းက ရောဂါပိုး (အကျင့်ပျက်ခြစားမှု) တွေကြောင့် ကုမ္ပဏီကြီး တစ်ခုလုံး ပြိုလဲမသွားအောင် အမြဲတမ်း စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။
အများပိုင်ကုမ္ပဏီတစ်ခုမှာ အေးဂျင့်ပြဿနာ (Agency Problem) ဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကုမ္ပဏီကို မောင်းနှင်နေသူတွေက ရှယ်ယာရှင်တွေရဲ့ အကျိုးထက် သူတို့ကိုယ်ကျိုးကို ပိုကြည့်မိတာမျိုးပါ။
Independent Directors & Audit Committee တွေဟာ ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။ သူတို့က ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ရှယ်ယာရှင်အားလုံး (အနည်းစုရော အများစုပါ) အတွက် အကောင်းဆုံးဖြစ်စေဖို့ အာမခံချက် ပေးပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာဝယ်တဲ့အခါ ကုမ္ပဏီရဲ့ ထုတ်ကုန်တင်မကဘဲ ဘယ်သူတွေက စောင့်ကြည့်ထိန်းကျောင်းပေးနေသလဲ ဆိုတဲ့ Corporate Governance ကိုပါ ကြည့်ပြီး ဝယ်ကြတာပါ။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေ ရှိနေမှသာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ရေရှည်မှာ ခိုင်မာနေမှာ ဖြစ်ပါတယ်။
၃။ Legal Compliance - ဥပဒေကြောင်းအရ စင်ကြယ်ခြင်း
ဒီနေရာမှာတော့ ရှေ့နေတွေက အဓိက ပါဝင်လာပါတယ်။
ကုမ္ပဏီပိုင်ဆိုင်တဲ့ မြေကွက်တွေ၊ အဆောက်အဦးတွေက တရားဝင်ရဲ့လား၊ တခြားသူနဲ့ တရားစွဲဆိုထားတာမျိုး ရှိသလား၊ လိုင်စင်တွေ အကုန်ပြည့်စုံရဲ့လားဆိုတာကို စစ်ဆေးရပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဆီက ပိုက်ဆံယူတော့မှာဖြစ်လို့ ဥပဒေကြောင်းအရ အပြစ်အနာအဆာမရှိတဲ့ ကုမ္ပဏီ ဖြစ်ကြောင်း သက်သေပြရတာပါ။
IPO ခရီးစဉ်မှာ အရှိောက်ဆုံးနဲ့ အသည်းအထိတ်ရဆုံး အပိုင်းလို့တောင် ဆိုနိုင်ပါတယ်ဗျာ။ ကုမ္ပဏီတစ်ခုက အပြင်ပန်းမှာ ဘယ်လောက်ပဲ ဟန်ကိုယ်ဖို့ ကောင်းနေပါစေ၊ Legal Due Diligence (ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးခြင်း) လုပ်လိုက်တဲ့အခါ မြေအောက်မှာ မြှုပ်ထားတဲ့ အရိုးစုတွေလိုမျိုး ပြဿနာဟောင်းတွေ ပေါ်လာတတ်ပါတယ်။
ရှေ့နေတွေက ကုမ္ပဏီရဲ့ သမိုင်းကြောင်းအဆက်ဆက်ကို "နှိုက်နှိုက်ချွတ်ချွတ်" စစ်ဆေးရတာဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးကို "အမှိုက်ပုံထဲ" မရောက်သွားအောင် ကာကွယ်ပေးတာပါ။
Luckin Coffee (Financial & Legal Fraud)
တရုတ်နိုင်ငံက Luckin Coffee ဟာ Starbucks ကို ယှဉ်ဖို့ အရှိန်အဟုန်နဲ့ IPO လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကုမ္ပဏီဟာ ရောင်းအားတွေကို လိမ်လည်ဖော်ပြထားတာ၊ စာချုပ်အတုတွေနဲ့ လုပ်ငန်းလည်ပတ်နေတာတွေကို ရှေ့နေတွေနဲ့ စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေ ထိုးကျသွားပြီး စတော့အိတ်ချိန်းကနေ ထုတ်ပယ် (Delisted) ခံခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံသူ သန်းပေါင်းများစွာရဲ့ ပိုက်ဆံတွေ ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်မှာ Luckin Coffee ကသူ့ရဲ့ ၂၀၁၉ ခုနှစ် ရောင်းအားထဲမှ ဒေါ်လာ ၃၁၀ သန်းခန့်ကို လိမ်လည်ဖော်ပြခဲ့ကြောင်း ဝန်ခံခဲ့ရပြီးနောက် NASDAQ စတော့အိတ်ချိန်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ် (CNBC, 2020)။
IPO မလုပ်ခင် Legal Compliance သေချာမလုပ်ခဲ့ရင် ကုမ္ပဏီတင်မကဘဲ တစ်နိုင်ငံလုံးရဲ့ စတော့ဈေးကွက် ယုံကြည်မှုပါ ပျက်စီးသွားနိုင်တယ်ဆိုတာပါပဲ။
မြန်မာနိုင်ငံမှာ IPO လုပ်ဖို့ ပြင်ဆင်တဲ့ ကုမ္ပဏီတွေ အဓိကရင်ဆိုင်ရတဲ့ ဥပဒေကြောင်းအရ မစင်ကြယ်မှု ကတော့ မြေယာပိုင်ဆိုင်မှု ကိစ္စပါ။
ကုမ္ပဏီတစ်ခုက သူတို့မှာ စက်ရုံကြီးရှိတယ်ထားပါ၊ အောင်မြင်နေတယ်ဆိုပြီး IPO လုပ်ဖို့ ပြင်ပါတယ်။ ဒါပေမဲ့ ရှေ့နေတွေက မြေစာရင်းရုံးတွေအထိ ဆင်းပြီး စစ်ဆေးလိုက်တဲ့အခါ အဲဒီစက်ရုံဆောက်ထားတဲ့ မြေက လယ်ယာမြေ ဖြစ်နေပြီး စက်ရုံဆောက်ဖို့ မြေနုကျွန်း သို့မဟုတ် မြေအသုံးချခွင့် မကျသေးတာကို တွေ့တယ်။
ဘတကယ်လို့ ဒီအတိုင်းသာ IPO လုပ်လိုက်ရင် နောက်ပိုင်းမှာ အစိုးရက မြေယာဥပဒေနဲ့ ငြိစွန်းလို့ စက်ရုံကို ပိတ်သိမ်းခိုင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးမားဆုံး Risk ပါပဲ။
ရှေ့နေတွေက ဒီမြေယာကိစ္စကို ဥပဒေကြောင်းအရ အပြီးသတ်အောင် အရင်လုပ်ခိုင်းပါတယ်။ ဒါကြောင့်လည်း IPO ခရီးစဉ်ဟာ လပေါင်းများစွာ ကြာသွားရတာဖြစ်ပြီး စင်ကြယ်ပြီ ဆိုမှသာ ပြည်သူ့ဆီက ပိုက်ဆံတောင်းရတာ ဖြစ်ပါတယ်။
ရှေ့နေတွေဟာ ကုမ္ပဏီက တခြားသူကို တရားစွဲထားတာရှိသလား၊ ဒါမှမဟုတ် တခြားသူက ကုမ္ပဏီကို တရားစွဲထားတာရှိသလားဆိုတာကို အကုန်ဖော်ထုတ်ရပါတယ်။
ကုမ္ပဏီတစ်ခုက နာမည်ကြီး တံဆိပ်တစ်ခုကို သုံးနေပေမဲ့ အဲဒီတံဆိပ်က Intellectual Property (မူပိုင်ခွင့်) ချိုးဖောက်ထားလို့ တရားစွဲခံနေရတယ်ဆိုပါစို့။ IPO လုပ်ပြီးမှ အမှုရှုံးပြီး ဒဏ်ငွေ သန်းပေါင်းများစွာ ပေးရမယ်ဆိုရင် ရှယ်ယာရှင်တွေပဲ နစ်နာမှာပါ။
ရှေ့နေတွေဟာ ဥပဒေကြောင်းအရ အနာအဆာမရှိကြောင်း အာမခံချက်ပေးတဲ့ Legal Opinion ဆိုတာကို ရေးပေးရပါတယ်။ အဲဒီစာတမ်းမပါဘဲ ဘယ်စတော့အိတ်ချိန်းကမှ IPO လုပ်ခွင့် မပြုပါဘူး။
၄။ Prospectus Writing - ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လွှာ (The Story Telling) ပါပဲ
Securities Company က ဦးဆောင်ပြီး ရေးရတဲ့ ကုမ္ပဏီရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကြီးနဲ့ တောင် အလာတူပါသေးတယ်။
ပါဝင်သည့်အချက်တွေကတော့ ကုမ္ပဏီက ဘာလုပ်တာလဲ၊ အနာဂတ်မှာ ဘယ်လိုတိုးချဲ့မှာလဲ၊ ရလာတဲ့ ပိုက်ဆံတွေကို ဘယ်မှာ သုံးမှာလဲဆိုတာတွေကို အသေးစိတ် ရေးသားရပါတယ်။
ဘာလို့ ဒီလောက်တောင် အသေးစိတ် ရေးနေရတာလဲ၊ အတိုချုပ် ရေးလို့မရဘူးလား" လို့ မေးစရာရှိပါတယ်။
တကယ်တော့ ဒီစာအုပ်ကြီးဟာ ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူကြားက တရားဝင် ကတိကဝတ် ဖြစ်နေလို့ပါ။ ဒီလောက် အသေးစိတ်ကျကျ ရေးရသလဲဆို ရင်နှီးမြုပ်နံသူတွေသိချင်တာက
၂။ အနာဂတ် အလားအလာ" (Future Growth & Risks)
၃။ အချက်အလက်ဖြင့် အမှားမခံခြင်း (Liability for Misstatement) ဆိုတဲ့ အကြောင်းပြချက်တွေကြောင့်ပါ။
ပိုက်ဆံကို ဘယ်မှာသုံးမှာလဲဆိုတာဟာ ရင်းနှီးမြှုပ်နှံသူတွေ အကြည့်ဆုံး အပိုင်းပါ။ ကိုယ်က ပြည်သူ့ဆီကနေ ငွေသန်းပေါင်းများစွာ တောင်းထားပြီးမှ အဲဒီငွေကို ဘယ်မှာသုံးမှန်း မသိတာမျိုး၊ ဒါမှမဟုတ် ပိုင်ရှင်က အကြွေးဆပ်ဖို့ သုံးပစ်တာမျိုး မဖြစ်ရအောင်ပါ။
ငွေကျပ် သန်း ၁,၀၀၀ ရရင် သန်း ၄၀၀ ကို စက်ရုံသစ်ဆောက်မယ်၊ သန်း ၃၀၀ ကို နည်းပညာမြှင့်မယ်၊ ကျန်တဲ့ သန်း ၃၀၀ ကို လည်ပတ်ရင်းနှီးငွေအဖြစ် သုံးမယ် ဆိုတာမျိုးကို အတိအကျ ဖော်ပြရပါတယ်။
အကယ်၍ ကုမ္ပဏီက ပြောထားတဲ့အတိုင်း မသုံးဘဲ တခြားနေရာမှာ လွဲမှားသုံးစွဲခဲ့ရင် ဒါဟာ စာချုပ်ဖောက်ဖျက်မှု ဖြစ်ပြီး တရားစွဲခံရနိုင်သလို၊ ဈေးကွက်ရဲ့ ယုံကြည်မှုပါ ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ ကုမ္ပဏီက ဘယ်လိုတိုးချဲ့မှာလဲဆိုတာကို ရေးရသလိုပဲ၊ ဘာတွေက အန္တရာယ် (Risk Factors) ရှိနိုင်သလဲဆိုတာကိုလည်း ဖုံးကွယ်ထားလို့ မရပါဘူး။
ငါတို့ ကုမ္ပဏီက ရှယ်ယာဝယ်ရင် ကြီးပွားမှာပဲ လို့ ကောင်းကွက်ချည်းပဲ ပြောလို့မရပါဘူး။ ဒေါ်လာဈေးတက်ရင် ငါတို့လုပ်ငန်း ထိခိုက်နိုင်တယ်၊ ကုန်ကြမ်းဈေးတက်ရင် အမြတ်လျော့နိုင်တယ် ဆိုတဲ့ အဆိုးဘက်ကိုပါ ထည့်ရေးရပါတယ်။
ရင်းနှီးမြှုပ်နှံသူက အကောင်းရော အဆိုးပါ သိပြီးမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဝယ်ယူတာဖြစ်ကြောင်း သက်သေပြဖို့ပါ။ နောက်ပိုင်းမှ မင်းတို့ ဒါကို မပြောခဲ့ဘူး ဆိုပြီး တရားစွဲလို့မရအောင် ကာကွယ်ထားတာလည်း ဖြစ်ပါတယ်။
ဒီစာအုပ်ကြီးမှာ ပါသမျှ အချက်အလက်တွေအတွက် ကုမ္ပဏီဒါရိုက်တာတွေနဲ့ Securities Company တွေက တရားဝင် တာဝန်ခံရပါတယ်။
အချက်အလက်တစ်ခု မှားယွင်းဖော်ပြမိတာနဲ့ ဒါဟာ လိမ်လည်မှု (Fraud) မြောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရှေ့နေတွေ၊ စာရင်းစစ်တွေက စာလုံးတစ်လုံးချင်းစီ၊ ဂဏန်းတစ်လုံးချင်းစီကို အကြိမ်ကြိမ် စစ်ဆေးရတာပါ။
နည်းနည်းလေးတင်စားရရင် ဒါကြီးက အချစ်စာလွှာ လို့ထင်ရပေမဲ့ တကယ်တော့ သွေးနဲ့ရေးတဲ့ ကတိကဝတ် လိုပါပဲ။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ချွေးနည်းစာတွေကို တန်ဖိုးထားကြောင်း ပြသရတဲ့ နေရာဖြစ်ပါတယ်။အချက်အလက်တွေကတော့ ၁၀၀ ရာခိုင်နှုန်း တိကျမှန်ကန်နေရပါမယ်။
ဒီခရီးစဉ်ဟာ တကယ်တော့ ပင်ပန်းပါတယ်။ ကုမ္ပဏီရဲ့ အတွင်းရေးတွေ၊ စာရင်းအင်းတွေကို အများပြည်သူရှေ့မှာ အကုန်ချပြရတာမို့လို့ပါ။ ဒါပေမဲ့ အောင်မြင်စွာ IPO လုပ်ပြီးလို့ စတော့အိတ်ချိန်းရဲ့ ခေါင်းလောင်းကို တီးလိုက်ရတဲ့ အခိုက်အတန့်မှာတော့ အဲဒီပင်ပန်းမှုတွေအားလုံးဟာ ပီတိ အဖြစ် ပြောင်းလဲသွားပါတယ်။
၄။ IPO ပြီးနောက်... (Secondary Market သို့ ကူးပြောင်းခြင်း)
IPO မှာ ရှယ်ယာတွေ ရောင်းချပြီးသွားပြီဆိုရင်တော့ အဲဒီရှယ်ယာတွေဟာ Secondary Market (စတော့အိတ်ချိန်း) ဆီကို ရောက်သွားပါတယ်။
ကိုယ်က IPO တုန်းက ဝယ်မရလိုက်ဘူးဆိုရင် စတော့အိတ်ချိန်းမှာ တခြားသူဆီကနေ ပြန်ဝယ်လို့ ရပါတယ်။ ဒီလိုမျိုး ရှယ်ယာတွေ လက်ပြောင်းလက်လွှဲ လုပ်နေကြတာဟာ ကုမ္ပဏီရဲ့ တန်ဖိုးကို နေ့စဉ်နဲ့အမျှ ဈေးကွက်က တရားစီရင်ပေးနေတာ ဖြစ်ပါတယ်။
IPO ဆိုတာ ယုံကြည်မှုကို ငွေကြေးအဖြစ် ပြောင်းလဲလိုက်တဲ့ မျက်လှည့်တစ်ခု ပါ။
ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ IPO ကို စောင့်ကြည့်တတ်တာဟာ သင့်ရဲ့ ချမ်းသာကြွယ်ဝမှုအတွက် မျိုးစေ့ ကောင်းကောင်းကို ဈေးဦးပေါက်မှာ ရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါကြောင်း ။
References
Brealey, R. A., Myers, S. C., & Allen, F. (2017). Principles of corporate finance (12th ed.). New York, NY: McGraw-Hill Education.
CNBC. (2020, June 26). Luckin Coffee to delist from Nasdaq after accounting scandal. Retrieved from
Yangon Stock Exchange. (2016, March 25). History of YSX. Retrieved from

Comments
Post a Comment