Chapter 2.19 (Financial Management) - အစုရှယ်ယာလောကရဲ့ ဝင်္ကပါ - Common Stock နဲ့ Preferred Stock ဘယ်သူက ပိုမိုက်လဲ

Chapter 2.19 (Financial Management) - အစုရှယ်ယာလောကရဲ့ ဝင်္ကပါ - Common Stock နဲ့ Preferred Stock ဘယ်သူက ပိုမိုက်လဲ

စီးပွားရေးလောကထဲ ခြေလှမ်းစတင်လိုက်ပြီဆိုတာနဲ့ ရှယ်ယာ (Stock) ဆိုတဲ့စကားလုံးကို ခဏခဏ ကြားရမှာပါ။ ဒါကို အရိုးရှင်းဆုံး နှိုင်းယှဉ်ပြရရင်တော့ အိမ်တစ်လုံးကို အတူတူဝယ်ကြသလိုပါပဲ။ ကိုယ်က အိမ်ရှင်စာရင်းထဲမှာ ပါဝင်ခွင့်ရပေမဲ့ အိမ်ကြီးရှင်ကြီး (Common Stock) ဖြစ်မလား ဒါမှမဟုတ် အိမ်လခကိုပဲ အသေရချင်တဲ့ (Preferred Stock) လူဖြစ်မလားဆိုတာကတော့ ရွေးချယ်စရာ ဖြစ်လာပါတယ်။ ငွေကြေးစီမံခန့်ခွဲမှု (Financial Management) ရဲ့ အခြေခံသဘောတရားတွေအရ ရှယ်ယာရှင်တွေဟာ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှုကဏ္ဍမှာ အချိုးကျပါဝင်ခွင့် ရရှိကြတာဖြစ်ပါတယ် (Gitman & Zutter, 2015)။

ငွေကြေးစီမံခန့်ခွဲမှု (Financial Management) ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဒီရှယ်ယာ အမျိုးအစားနှစ်ခုအကြောင်းကို  ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။



ရှယ်ယာဆိုတာ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှုအပိုင်းအစလေးတွေကို ဝယ်ယူလိုက်တာပါ။ ဒါပေမဲ့ အဲဒီအပိုင်းအစတွေမှာ ရရှိမယ့် အခွင့်အရေးချင်း မတူပါဘူး။

  • Common Stock (သာမန်ရှယ်ယာ) ဆိုတာ  ကုမ္ပဏီတစ်ခုရဲ့ စစ်မှန်တဲ့ ပိုင်ရှင် အခွင့်အရေးပါ။ ကုမ္ပဏီကြီးပွားရင် အမြတ်တွေအများကြီးရနိုင်သလို၊ ရှုံးရင်လည်း အရင်းပြုတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

  • Preferred Stock (ဦးစားပေးရှယ်ယာ) ကတော့ ရှယ်ယာနဲ့ ချေးငွေ ကြားညှပ် လို့ ပြောလို့ရပါတယ်။ အမြတ်ဝေစု (Dividend) ကို သတ်သတ်မှတ်မှတ် အသေရချင်သူတွေအတွက် ဖြစ်ပါတယ်။

ကိုယ်က စွန့်စားရတာကြိုက်ပြီး ကုမ္ပဏီရဲ့ အနာဂတ်မှာ ဆုံးဖြတ်ချက်ပေးချင်ရင် Common ကို ရွေးရမှာဖြစ်ပြီး၊ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ဝင်ငွေပဲ လိုချင်ရင်တော့ Preferred က ကိုယ့်အတွက်ပါ။

လူအများစု ရောထွေးတတ်တဲ့ Preferred Stock (ဦးစားပေးရှယ်ယာ) နဲ့ Loan (ချေးငွေ/Bond) ကြားက ကွာခြားချက်တွေကတော့

၁။ ပိုင်ဆိုင်မှု အဆင့်အတန်း (Ownership vs. Debt)
၂။ ပေးချေရမည့် တာဝန် (Obligation)
၃။ အခွန်ကိစ္စ (Tax Implications)
၄။ ကုမ္ပဏီ ဖျက်သိမ်းခြင်း (Liquidation)တွေပါပဲ။

Preferred Stock က  
  • Equity (ပိုင်ဆိုင်မှု) အမျိုးအစားထဲမှာ ပါပါတယ်။ ကိုယ်ဟာ ကုမ္ပဏီရဲ့  ပိုင်ရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံရဆဲပါ။
  • ကုမ္ပဏီမှာ အမြတ်မရှိရင် အမြတ်ဝေစု (Dividend) ကို ခေတ္တရပ်ဆိုင်းထားပိုင်ခွင့် ရှိပါတယ်။ ဒီနှစ် အမြတ်မထွက်လို့ နောက်နှစ်ကျမှ ပေါင်းပေးမယ်" ဆိုပြီး လုပ်လို့ရပါတယ်။ (ဒါကို Cumulative Preferred Stock လို့ ခေါ်ပါတယ်)။

  • ပေးရတဲ့ အမြတ်ဝေစု (Dividend) ကတော့ အခွန်ဆောင်ပြီးသား အသားတင်အမြတ်ထဲက ခွဲပေးရတာဖြစ်လို့ ကုမ္ပဏီအတွက် အခွန်သက်သာခွင့် မရှိပါဘူး။

Loan က
  • Liability (ကြွေးမြီ) ဖြစ်ပါတယ်။ ငွေချေးပေးထားသူဟာ ကုမ္ပဏီရဲ့ အကြွေးရှင် သာဖြစ်ပြီး ပိုင်ရှင်မဟုတ်ပါဘူး။

  •  ကုမ္ပဏီ အမြတ်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အတိုးကို မဖြစ်မနေ ပေးရပါတယ်။ မပေးနိုင်ရင် တရားစွဲခံရနိုင်သလို၊ ကုမ္ပဏီ သိမ်းဆည်းခံရနိုင်ပါတယ်။
  • ကုမ္ပဏီတစ်ခုဟာ ချေးငွေအတွက် ပေးရတဲ့ အတိုး  ကို အသုံးစရိတ်အဖြစ် ပြလို့ရတဲ့အတွက် အခွန်သက်သာခွင့် (Tax Deductible) ရပါတယ်။


အကယ်၍ ဆိုင်ပိတ်လိုက်ရပြီဆိုရင် ပိုက်ဆံပြန်အမ်းတဲ့ ဦးစားပေးအစဉ်အတိုင်းက ဒီလိုသွားပါတယ် -

  1. Lenders/Creditors (ချေးငွေရှင်များ) - အရင်ဆုံး ရပါတယ်။

  2. Preferred Stockholders - ဒုတိယ ရပါတယ်။

  3. Common Stockholders -နောက်ဆုံးမှ အကျန်ကို ယူရပါတယ်။





Preferred StockLoan (Bond/Debt)

အမျိုးအစား

ပိုင်ဆိုင်မှု (Equity)ကြွေးမြီ (Debt)

ပြန်ရငွေ

အမြတ်ဝေစု (Dividend)အတိုး (Interest)

မဖြစ်မနေပေးရန်

အမြတ်ရှိမှ ပေးရလေ့ရှိတယ်အမြတ်ရှိရှိ မရှိရှိ ပေးရ

ကုမ္ပဏီရှုံးပါက

ချေးငွေရှင် နောက်မှ ရတယ်အရင်ဆုံး ရပိုင်ခွင့်ရှိ

သက်တမ်း

များသောအားဖြင့် အကန့်အသတ်မရှိ (Perpetual)သတ်မှတ်ထားတဲ့ သက်တမ်းရှိ (ဥပမာ ၅ နှစ်)

ဥပမာ - မြန်မာနိုင်ငံမှာ YSX (ရန်ကုန်စတော့အိတ်ချိန်း) ရှိသလို၊ SME လုပ်ငန်းလေးတွေမှာလည်း အစုစပ်လုပ်ကိုင်ကြတာ ရှိပါတယ်။

ရန်ကုန်က လူငယ်လုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ လက်ဖက်ရည်ဆိုင်လုပ်ငန်း ကို ချဲ့ထွင်ဖို့ သူငယ်ချင်းတွေဆီက ရင်းနှီးမြှုပ်နှံမှု ခေါ်ပါတယ်။ သူငယ်ချင်းတစ်စုက Common Stock ယူပါတယ်။ သူတို့က ဆိုင်ခွဲဘယ်နှစ်ခုဖွင့်မလဲဆိုတာ မဲပေးခွင့်ရသလို၊ ဆိုင်အရမ်းအောင်မြင်သွားတဲ့အခါ သူတို့ရဲ့ ရှယ်ယာတန်ဖိုးက ၁၀ ဆလောက် တက်သွားပါတယ်။

နောက်သူငယ်ချင်းတစ်ယောက်ကတော့ Preferred Stock ပုံစံမျိုးနဲ့ ငါ့ကို အမြတ်ရှိရှိမရှိရှိ တစ်လ ၅ သိန်းပဲ ပေး လို့ ဆိုပြီး ရင်းနှီးပါတယ်။ ဆိုင်က မျှော်လင့်ထားတာထက် ၁၀၀ ဆ အောင်မြင်သွားပေမဲ့ သူကတော့ တစ်လ ၅ သိန်းပဲ ဆက်ရနေပါတယ်။ တစ်ဖက်မှာလည်း ဆိုင်ရှုံးရင် သူက အရင်ဆုံး ငွေပြန်ရပိုင်ခွင့်ရှိတာမို့ ဘေးကင်းပေမဲ့ ကြီးပွားမယ့်အခွင့်အရေး ကိုတော့ လက်လွတ်လိုက်ရတာမျိုးပါ။

ဒီ Common Stock နဲ့ Preferred Stock အမျိုးအစား နှစ်ခုရဲ့ ကွာခြားချက်ကို အချက် ၃ ချက်နဲ့ ကြည့်ရအောင် -

(က) မဲပေးပိုင်ခွင့် (Voting Rights) - အသံထွက်ခွင့်

  • Common Stock ကကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကို ရွေးချယ်ရာမှာ မဲပေးခွင့်ရှိပါတယ်။ ကိုယ်ဟာ စတီယာရင် ကို ကိုင်ခွင့်ရတဲ့အဖွဲ့ထဲမှာ ပါပါတယ်။

  • Preferred Stock ကတော့ များသောအားဖြင့် မဲပေးခွင့်မရှိပါဘူး။ ကိုယ်က ခရီးသည် လိုပါပဲ။ ကားဘယ်မောင်းမောင်း လိုက်စီးရုံပါပဲ။ ပိုင်ဆိုင်မှု (Equity) အမျိုးအစားဖြစ်ပေမယ့် ပုံသေဝင်ငွေရရှိမှု သဘောသဘာဝကြောင့် Hybrid Security ဟုလည်း ခေါ်ဆိုကြပါတယ်။ (Brealey, Myers, & Allen, 2017)။

စားသောက်ဆိုင်လုပ်ငန်းဆိုပါတော့

လူငယ်လုပ်ငန်းရှင် ၃ ယောက်က နွေရိပ်လက်ဖက်ရည်ဆိုင် ကို ထောင်လိုက်တယ်။

  • ကိုညီညီ (Common Stockholder) က ဆိုင်ရဲ့ ၆၀% ပိုင်တယ်။ သူက ဆိုင်မှာ ဘယ်သူ့ကို အလုပ်ခန့်မလဲ၊ မီနူးအသစ် ဘာထည့်မလဲဆိုတာ မဲပေးဆုံးဖြတ်တယ်။ ဆိုင်နာမည်ကြီးလာလို့ တန်ဖိုးတက်ရင် သူက အချမ်းသာဆုံး ဖြစ်လာမယ်။

  • မစုစု (Preferred Stockholder) ကတော့  ဆိုင်မှာ သိန်း ၁၀၀ ရင်းနှီးထားတယ်။ သူက ဆိုင်အလုပ်တွေထဲ ဝင်မပါဘူး (မဲပေးခွင့်မရှိဘူး)။ ဒါပေမဲ့ ဆိုင်က အမြတ်ထွက်ထွက်၊ မထွက်ထွက် တစ်လကို အမြတ်ဝေစု ၁ သိန်း (Fixed Dividend) ပုံမှန်ရဖို့ သဘောတူထားတယ် ဆိုတဲ့ပုံစံပါ။

(ခ) အမြတ်ဝေစု (Dividends) - အသီးအပွင့်

  • Common Stock က ကုမ္ပဏီက အမြတ်ကျန်မှ ပေးတာပါ။ အမြတ်မကျန်ရင် မရပါဘူး။ ဒါပေမဲ့ အမြတ်တွေ သောင်းသောင်းဖျဖျရရင်တော့ ကောင်းကင်ဘုံရောက်သလိုပါပဲ။

  • Preferred Stock ကဆန့်ကျင်ဘက်ပါ အမြတ်ဝေစုကို ရာခိုင်နှုန်းအသေ (Fixed) နဲ့ ရပါတယ်။ ကုမ္ပဏီက အမြတ်နည်းနည်းပဲရရ၊ အရင်ဆုံး ခွဲတမ်းရမှာက Preferred သမားတွေပါ။

Nyi Nyi Coffee Shop လေးကို နမူနာအနေနဲ့ ကြည့်လိုက်ရအောင် 

ဒီဆိုင်မှာ သူငယ်ချင်းနှစ်ယောက် ရင်းနှီးမြှုပ်နှံထားတယ် ဆိုပါစို့။

  • မောင်မောင် (Preferred) က သိန်း ၁၀၀ ရင်းနှီးထားပြီး တစ်နှစ်ကို အမြတ်ဝေစု ၁၀% (၁၀ သိန်း) ပုံသေယူမယ်လို့ သဘောတူထားတယ်။

  • ကျော်ကျော် (Common) က ကျန်တဲ့ ရှယ်ယာအားလုံးကို ပိုင်တယ်။

အခြေအနေ (က) - ဆိုင်က အမြတ် ၁၂ သိန်းပဲ ရတယ်ဆိုရင်

  • မောင်မောင်က ၁၀ သိန်း အရင်ရသွားမယ်။ (သူကတော့ အေးဆေးပဲ)

  • ကျော်ကျော်ကတော့ ကျန်တဲ့ ၂ သိန်း ပဲ ရပါမယ်။ (သူကတော့ စိတ်ညစ်ရပြီ)

အခြေအနေ (ခ) - ဆိုင်က အရမ်းပေါက်သွားလို့ အမြတ် သိန်း ၅၀၀ ရတယ်ဆိုရင်

  • မောင်မောင်ကတော့ သူ့ကတိအတိုင်း ၁၀ သိန်း ပဲ ဆက်ရပါမယ်။ (သူ့အတွက် တိုးမလာဘူး)

  • ကျော်ကျော်ကတော့ မောင်မောင်ကို ၁၀ သိန်းပေးပြီး ကျန်တဲ့ ၄၉၀ သိန်း လုံးကို ပိုင်ဆိုင်သွားပါပြီ။ (ဒါဟာ ကောင်းကင်ဘုံပါပဲ)

(ဂ) အရင်းပြန်ရမှု (Liquidation Priority) - အဆိုးဆုံးအခြေအနေ

  • ဘာကြောင့် ဒါကို သိရမလဲဆိုတော့ ကုမ္ပဏီဖျက်သိမ်းရတဲ့အခါ ဘယ်သူက အရင် ပိုက်ဆံပြန်ရမလဲဆိုတာ အရေးကြီးလို့ပါ။

  • ဦးစားပေးအဆင့်အလိုက်သွားရမယ်ဆိုရင် အကြွေးရှင်များ > Preferred Shareholders > Common Shareholders။ သာမန်ရှယ်ယာရှင်တွေက တန်းစီဇယားရဲ့ နောက်ဆုံးမှာ ရှိနေတာကို သတိပြုပါ။

စီးပွားရေးလောကမှာ အမြဲတမ်းမမြတ်ပါဘူး၊ အဲ့တော့ အရှုံးပေါ်တဲ့ အခြေနေကိုလည်း မေ့ထားလို့မရတော့ပါဘူး။
အစောက ကော်ဖီဆိုင် ရှုံးတယ်ဆိုတဲ့ ပုံစံလေးကို ပြန်ကြည့်မယ်ဆိုရင်
 ဥပမာ -  ဆိုင်ပိတ်လိုက်ရလို့ ဆိုင်ထဲက ပစ္စည်းတွေ (ကော်ဖီစက်၊ စားပွဲ၊ ကုလားထိုင်) အားလုံး ရောင်းလိုက်တာ သိန်း ၁၀၀ ရတယ်ဆိုပါစို့။

ဒါပေမဲ့ ပေးစရာရှိတာတွေက အောက်ကအတိုင်း ဖြစ်နေမယ်-

  1. ဘဏ်ကြွေးနဲ့ ဝန်ထမ်းလစာ - သိန်း ၇၀

  2. Preferred Stock ရင်းနှီးမြှုပ်နှံသူ - သိန်း ၄၀

  3. Common Stock (ပိုင်ရှင်) - သိန်း ၅၀ (မူလရင်းနှီးငွေ)

ဒါကခွဲဝေပုံပေးရတော့မှာပါ။

  • ရရှိတဲ့ သိန်း ၁၀၀ ထဲက သိန်း ၇၀ ကို အကြွေးရှင်တွေကို အရင်ပေးလိုက်ရလို့ သိန်း ၃၀ ပဲ ကျန်ပါတော့တယ်။

  • ကျန်တဲ့ သိန်း ၃၀ ကို Preferred Stock သမားက ယူသွားပါတယ်။ (သူတောင် ၄၀ ရရမှာကို ၃၀ ပဲ ရလို့ ၁၀ သိန်း ရှုံးသွားပါပြီ)။

  • နောက်ဆုံးမှာရှိတဲ့ Common Stock သမား (ပိုင်ရှင်) ကတော့ သုည (၀) ပဲ ရပါတော့တယ်။ မိမိရင်းနှီးထားတဲ့ သိန်း ၅၀ လုံး ဆုံးရှုံးသွားတာပါ။

သတိထားရမှာက ရှယ်ယာဆိုတာ အာမခံချက်ရှိတဲ့ အတိုး မဟုတ်ပါဘူး။

  • Common Stock သမားတွေအတွက် အကြီးမားဆုံး အန္တရာယ်က ကုမ္ပဏီဒေဝါလီခံရင် အရင်းပါ ဆုံးရှုံးနိုင်ခြေ အမြင့်ဆုံးဖြစ်တာပါ။

  • မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (Myanmar Companies Law 2017) အရ ရှယ်ယာအမျိုးအစားတွေကို ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Constitution) မှာ တိတိကျကျ ရေးသားထားရပါတယ်။ မိမိဝယ်မယ့် ရှယ်ယာက ဘာအမျိုးအစားလဲဆိုတာ စာချုပ်မှာ သေချာဖတ်ဖို့ လိုပါတယ် (Directorate of Investment and Company Administration [DICA], 2017)။။

Common Stock ဆိုတာ အာဏာ နဲ့ အလားအလာ (Control & Growth) ပါ။ 
Preferred Stock ဆိုတာ တည်ငြိမ်မှုနဲ့ ဝင်ငွေ (Stability & Income) ကို လိုချင်သူအတွက်ပါ။

ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ကိန်းဂဏန်းတွေချည်းပဲ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်တတ်ဖို့ပါ။ ကိုယ်က လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင်ပြီး အကြီးကြီးဖြစ်လာဖို့ စိတ်ကူးယဉ်ရင် Common Stock က ကိုယ့်လမ်းစဖြစ်ပြီး၊ တည်ငြိမ်တဲ့ အနာဂတ်နဲ့ စိတ်အေးရမှုကို လိုချင်ရင်တော့ Preferred Stock က ကိုယ့်အဖော်မွန်ဖြစ်မှာပါ။


References 

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး