Chapter 2.18 (Financial Management) - ရင်းနှီးမြှုပ်နှံမှု နယ်ပယ်က Equity နှင့် Debt အခင်းအကျင်း
Chapter 2.18 (Financial Management) - ရင်းနှီးမြှုပ်နှံမှု နယ်ပယ်က Equity နှင့် Debt အခင်းအကျင်း
ရုပ်ရှင်တစ်ကားမှာ ဇာတ်လိုက် (Hero) ဟာ အောင်မြင်ရင်လည်း နာမည်ကြီးသလို၊ အန္တရာယ်နဲ့ ကြုံရင်လည်း အရင်ဆုံး ထိပ်တိုက်ရင်ဆိုင်ရသူပါ။ ဇာတ်ပို့ (Supporting Role) ကတော့ ဇာတ်လိုက်လောက် နာမည်မကြီးပေမယ့် ပုံမှန်သရုပ်ဆောင်ကြေး ရနေသလို ဘေးကင်းကင်းနဲ့ ရုပ်ရှင်ပြီးအောင် ကူညီပေးသူပါ။
စီးပွားရေးလောကမှာလည်း Equity ဝယ်သူဟာ ဇာတ်လိုက် ပါ။ လုပ်ငန်းကြီးပွားရင် ကောင်းကင်အထိ လိုက်ပါချမ်းသာခွင့်ရှိပေမယ့်၊ လုပ်ငန်းကျဆုံးရင်တော့ အရင်းအနှီးအားလုံးကို စတေးရသူပါ။ Debt ဝယ်သူကတော့ ဇာတ်ပို့ ပါ။ လုပ်ငန်းဘယ်လောက်ကြီးပွားပွား သူရမယ့် အတိုးကတော့ ပုံသေသတ်မှတ်ထားပြီးသားပါ။ ဒါပေမဲ့ လုပ်ငန်းအခက်အခဲဖြစ်ရင် ဇာတ်လိုက်ထက် အရင်ဦးဆုံး အကာအကွယ်ရသူ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒါကို The Capital Stack (အရင်းအနှီး အထပ်အလွှာ) လို့ ခေါ်တဲ့ ပိရမစ်ပုံစံနဲ့ မြင်ကြည့်လို့ ရပါတယ်။
Equity (အရင်းအနှီးအစု) - Residual Claim (အကြွင်းအကျန်ကို တောင်းဆိုပိုင်ခွင့်) လို့ ခေါ်ပါတယ်။ ကုမ္ပဏီက ဝန်ထမ်းလစာပေး၊ အခွန်ဆောင်၊ အကြွေးဆပ်ပြီးလို့ ပိုတဲ့ အသားတင်အမြတ် အားလုံးကို ပိုင်ဆိုင်တာပါ။ မြန်မာလိုဆိုရင်တော့ အကြွင်းအကျန်အားလုံးရဲ့ အရှင်သခင် ပါပဲ(Brealey, Myers, & Allen, 2011) ။
Debt (အကြွေးစာချုပ်) ကတော့ Contractual Obligation (စာချုပ်ပါ တာဝန်ရှိမှု) ပါ။ ကုမ္ပဏီမြတ်တာ ရှုံးတာ သူနဲ့မဆိုင်ပါဘူး။ စာချုပ်ပါအတိုင်း အတိုးနဲ့ အရင်းကို ရဖို့ပဲ အဓိကပါ။ မြန်မာလိုဆိုရင်တော့ ကတိကဝတ်အရ ရပိုင်ခွင့်ရှိသူ လို့ ဆိုရပါမယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခင်းအကျင်းမှာ ဒီနှစ်ခုရဲ့ သဘာဝက သိသိသာသာ ကွဲပြားပါတယ်။
Equity ရဲ့ အကြောင်းပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာ့ထိပ်တန်း လုပ်ငန်းစုကြီးတွေမှာ အစောပိုင်း ရှယ်ယာထည့်ဝင်ခဲ့သူတွေကို ကြည့်ပါ။ သူတို့ဟာ လုပ်ငန်းတိုးချဲ့မှု (Expansion) ကြောင့် ရရှိလာတဲ့ Bonus Shares (အပိုရှယ်ယာ) တွေနဲ့ အမြတ်ဝေစုတွေကြောင့် ဒီနေ့မှာ ကနဦးရင်းနှီးငွေထက် အဆပေါင်း ၁၀၀ မက ကြွယ်ဝလာကြပါတယ်။ ဒါဟာ Exponential Growth ရဲ့ ရလဒ်ပါ။
ကျွန်တော်တို့ လုပ်ငန်းခွင်မှာ ရုန်းကန်နေရတဲ့အခါ Linear Growth (ပုံမှန်တိုးတက်မှု) ကိုပဲ အကျွမ်းတဝင်ရှိကြပါတယ်။ ဥပမာ- လစာ ၅ သိန်းကနေ ၇ သိန်းဖြစ်ဖို့ တစ်နှစ်စောင့်ရတာမျိုးပေါ့။ ဒါပေမဲ့ Equity ကတော့ Exponential Growth နိယာမအတိုင်း အလုပ်လုပ်တာပါ။
အစောပိုင်းမှာ ဘာမှမထူးခြားသလိုနဲ့ နှေးကွေးနေတတ်ပေမဲ့ အချိန်တစ်ခုရောက်တဲ့အခါ ဒုံးပျံလို ထိုးတက်သွားပါတယ်။ မြန်မာ့ထိပ်တန်း လုပ်ငန်းစုကြီးတွေရဲ့ အစောပိုင်း ရှယ်ယာရှင်တွေဟာ ဒီနိယာမရဲ့ အရသာကို အပြည့်အဝ ခံစားခဲ့ရသူတွေပါ။
မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး Real Case တစ်ခုကို ပြပါဆိုရင် FMI ကို ပြရပါလိမ့်မယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက FMI စတင်တည်ထောင်ချိန်မှာ ရှယ်ယာတစ်စုကို (၁,၀၀၀) ကျပ် ဝန်းကျင်နဲ့ စတင်ခဲ့တာပါ (The Myanmar Times, 2016)။
အစောပိုင်းယုံကြည်မှုနဲ့ စရပါတယ်။ အဲ့ဒီအချိန်က ရန်ကုန်စတော့အိတ်ချိန်းလည်း မရှိသေး၊ အာမခံချက်လည်း မခိုင်မာသေးတဲ့ ခေတ်ပါ။ ဒါပေမဲ့ အမြော်အမြင်ရှိသူတွေဟာ ကုမ္ပဏီရဲ့ အလားအလာကို ကြည့်ပြီး ဝယ်ယူခဲ့ကြပါတယ်။
ကုမ္ပဏီက အမြတ်ရလာတဲ့အခါ ငွေသားအပြင် Bonus Shares တွေကို ထပ်ခါတလဲလဲ ထုတ်ပေးခဲ့ပါတယ်။ ဥပမာ- ရှယ်ယာ ၂ စုရှိရင် ၁ စု လက်ဆောင်ပေးတာမျိုးပေါ့။
ရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က ရှယ်ယာ အစောင် ၁၀၀ (၁ သိန်းဖိုး) ဝယ်ထားသူတစ်ယောက်ဟာ Bonus Shares တွေ၊ Right Issues တွေကြောင့် ဒီနေ့မှာ ရှယ်ယာပေါင်း သောင်းနဲ့ချီ ပိုင်ဆိုင်သွားနိုင်ပါတယ်။ ရှယ်ယာတန်ဖိုးကလည်း ၁,၀၀၀ ကနေ ၁၀,၀၀၀ ကျော် (သို့မဟုတ် ထို့ထက်မက) တက်သွားတဲ့အတွက် ကနဦးရင်းနှီးငွေရဲ့ အဆပေါင်း ၁၀၀ မက ကြွယ်ဝသွားတာဟာ ပုံပြင်မဟုတ်ဘဲ တကယ့်လက်တွေ့ဖြစ်ရပ်ပါ။
ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ ငါ့အလုပ်က ငါ့အတွက် ဘာလဲ လို့ ပြန်မေးကြည့်ဖို့ လိုပါတယ်။
အလုပ်သမားတစ်ယောက်ဟာ အချိန်ကို ရောင်းပြီး ပိုက်ဆံရှာတယ်။ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ကတော့ စနစ် (System) ကို ဝယ်ပြီး အနာဂတ်ကို ရှာတယ်။
Compound Interest (ပေါင်းစပ်တိုးပွားနှုန်း)ကိုထည့်ပြောရပါမယ်။ Equity ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ဟာ Compound Interest ပါပဲ။ အမြတ်ကို ပြန်ရင်းနှီးတယ်၊ အဲဒီကနေ အမြတ်ထပ်ရတယ်၊ အဲဒီအပေါ်မှာ Bonus ထပ်ရတယ်။ ဒီစက်ဝန်းက လူတစ်ယောက်ကို အိပ်နေရင်းနဲ့တောင် ကြွယ်ဝစေတာပါ။
စိတ်ရှည်သည်းခံမှု (Patience)က တစ်ကယ်ကို အရေးကြီးပါတယ်။ အစောပိုင်း ရှယ်ယာရှင်တွေဟာ ချက်ချင်းချမ်းသာဖို့ မကြည့်ခဲ့ကြပါဘူး။ တိုင်းပြည်ရဲ့ အကျပ်အတည်းပေါင်းစုံကြားမှာ သူတို့ရဲ့ Equity ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ကြလို့သာ ဒီနေ့မှာ သီးပွင့် တွေကို စားသုံးခွင့်ရတာပါ။
Debt ရဲ့ အမှောင်ဘက်ခြမ်းကလည်းမေ့ထားလို့မရပါဘူး။။ လုပ်ငန်းတချို့ဟာ အပြင်ကနေ အတိုးနှုန်းကြီးကြီးနဲ့ ငွေတွေအများကြီး ချေးယူခဲ့ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအခြေအနေကြောင့် ဝင်ငွေမကောင်းတော့တဲ့အခါ ကုမ္ပဏီက Debt Trap (အကြွေးကျော့ကွင်း) ထဲ ရောက်သွားပါတယ်။ အဲဒီအခါမှာ အကြွေးရှင် (Debt Holder) တွေက သူတို့ရဲ့ ပိုက်ဆံပြန်ရဖို့အတွက် ကုမ္ပဏီရဲ့ ကားတွေ၊ မြေတွေကို သိမ်းဆည်းရောင်းချခိုင်းရပါတော့တယ်။ ရှယ်ယာရှင် (Equity Holder) တွေကတော့ ဘာမှပြန်မရဘဲ လက်ဗလာနဲ့ ကျန်ခဲ့ရတာမျိုးတွေ ရှိပါတယ်။
ဒီနေရာမှာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ဘာကြောင့် ဒါကို လုပ်ရသလဲ ဆိုတဲ့ မဟာဗျူဟာမြောက် အချက် ၃ ချက်ကို ကြည့်ရပါမယ်။
(၁) The Risk-Reward Tradeoff (စွန့်စားမှုနှင့် အကျိုးအမြတ် လဲလှယ်ခြင်း)
Equity (High Volatility) သဘောတရားအရတော့ ရှယ်ယာဈေးဟာ နေ့ချင်းညချင်း တက်နိုင်ကျနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ငွေဖောင်းပွမှု (Inflation) ကို အကောင်းဆုံး အနိုင်ယူနိုင်တဲ့ လက်နက်ဖြစ်ပါတယ်။
Inflation ကို အနိုင်ယူတာလဲဆိုတော့
ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုယ့်ဆီမှာ ငွေကျပ် သိန်း ၁၀၀ ရှိတယ်ဆိုပါစို့။
သိမ်းထားတယ်ထားပါ။ အဲဒီအချိန်က သိန်း ၁၀၀ နဲ့ ဝယ်လို့ရတဲ့ ပစ္စည်း (ဥပမာ- ရွှေ သို့မဟုတ် အိမ်ခြံမြေ) ဟာ ဒီနေ့မှာ သိန်း ၅၀၀ ကျော် ဖြစ်နေပါပြီ။ ကိုယ့်လက်ထဲက သိန်း ၁၀၀ ကတော့ ဂဏန်းအရ သိန်း ၁၀၀ ပဲ ရှိနေပြီး ဝယ်ယူနိုင်စွမ်း (Purchasing Power) က ၈၀% ကျော် ကျဆင်းသွားပါပြီ။ ဒါဟာ Inflation ရဲ့ အန္တရာယ်ပါ။
Equity ထဲ ထည့်ထားလိုက်မယ်ဆိုရင် ကိုယ်ဟာ မြန်မာ့ထိပ်တန်း ဘဏ်တစ်ခု ဒါမှမဟုတ် လူသုံးကုန်လုပ်ငန်းတစ်ခုရဲ့ ရှယ်ယာကို ဝယ်ထားတယ်ဆိုပါစို့။ ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ အဲဒီကုမ္ပဏီတွေကလည်း သူတို့ရဲ့ ဝန်ဆောင်မှုခနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို လိုက်တင်ရပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ အမြတ်က Inflation နဲ့အညီ လိုက်တက်ပါတယ်။Debt ရဲ့ ထောင်ချောက်
Debt Instrument တွေဖြစ်တဲ့ ဘဏ်အပ်ငွေ (Fixed Deposit)၊ အစိုးရ ငွေတိုက်စာချုပ် (Treasury Bonds) တွေဟာ ကိုယ့်ကို Fixed Rate (ပုံသေအတိုးနှုန်း) တစ်ခု ပေးပါတယ်။ ဥပမာ- တစ်နှစ်ကို 9% အတိုးရတယ်ဆိုပါစို့။
ဒါပေမဲ့ တကယ့်လက်တွေ့ စီးပွားရေးလောကမှာ Inflation (ငွေဖောင်းပွမှု) က 10% ဖြစ်နေတယ်ဆိုရင် ဘာဖြစ်မလဲ?
စာရင်းထဲက ဂဏန်းမှာ ပိုက်ဆံဟာ ၁ သိန်းကနေ ၁ သိန်း ၉ ထောင် ဖြစ်လာပါတယ်။ (တိုးလာသလိုထင်ရတယ်)
လက်တွေ့ဝယ်ယူနိုင်စွမ်းမှာတော့ အရင်က ၁ သိန်းတန်တဲ့ ပစ္စည်းက အခု ၁ သိန်း ၁ သောင်း ဖြစ်နေပါပြီ။
အဖြေကတော့ ကိုယ်ဟာ ဂဏန်းအရ ပိုက်ဆံတိုးလာပေမဲ့၊ တကယ်တမ်းမှာတော့ အရင်ကထက် ပစ္စည်းကို လျော့ဝယ်ရတော့မှာပါ။ ဒါကို Negative Real Interest Rate လို့ ခေါ်ပါတယ်။
ဒါပေမယ့် Debt က အသုံးမကျတာတော့ မဟုတ်ပါဘူး။ သူ့မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ ရှိပါတယ်။
Emergency Fund (အရေးပေါ်ရန်ပုံငွေ)အနေနဲ့ ချက်ချင်း ထုတ်သုံးဖို့ လိုတဲ့ ပိုက်ဆံကိုတော့ Equity ထဲ ထည့်မထားသင့်ပါဘူး။ (ဈေးကျနေရင် ဒုက္ခရောက်နိုင်လို့ပါ)
Risk Management ကိုတွက်ချက်ရင် အသက်အရွယ်ကြီးလာတဲ့အခါ သို့မဟုတ် စီးပွားရေး မတည်ငြိမ်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်းတစ်ခုကို Debt ထဲမှာ ဘေးကင်းအောင် သိမ်းထားရပါတယ်။
(၂) Tax Implications (အခွန်နှင့် ပတ်သက်သော ကိစ္စရပ်များ)
Debt Interest ကောင်းတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ အကြွေးယူရင် အတိုးပေးရတာဟာ ကုန်ကျစရိတ် ထဲ ထည့်တွက်လို့ရလို့ အခွန်သက်သာစေပါတယ် (Brealey et al., 2011)။ ဒါကြောင့် ကုမ္ပဏီတွေက Debt ကို သုံးရတာပါ။
Equity Dividends ဆိုးကျိုးအနေနဲ့ အမြတ်ဝေစုဆိုတာ အခွန်ဆောင်ပြီးသား အမြတ်ထဲက ပေးတာဖြစ်လို့ ရှယ်ယာရှင်တွေအတွက်တော့ အခွန်နှစ်ထပ် (Double Taxation) ဖြစ်တတ်တဲ့ သဘောရှိပါတယ်။
ကုမ္ပဏီတစ်ခုက လုပ်ငန်းချဲ့ထွင်ဖို့ ဘဏ်ကနေ ချေးငွေ (Debt) ယူလိုက်တယ်ဆိုပါစို့။ အဲဒီချေးငွေအတွက် ပေးရတဲ့ အတိုး (Interest Expense) ဟာ စာရင်းကိုင်ပညာအရ "ကုန်ကျစရိတ်" (Expense) ထဲမှာ ပါဝင်ပါတယ်။
Tax Deductible: အခွန်မဆောင်ခင် အမြတ် (EBIT) ထဲကနေ ဒီအတိုးကို အရင်နုတ်ခွင့်ရပါတယ်။
ရလဒ်: အခွန်ဆောင်ရမယ့် အမြတ်ပမာဏ နည်းသွားတဲ့အတွက် အစိုးရကို ပေးရမယ့် အခွန်ငွေ သက်သာသွားပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေက "သူများပိုက်ဆံနဲ့ အလုပ်လုပ်ပြီး အခွန်သက်သာခွင့်ယူတာ" ကို သဘောကျကြတာပါ။
နာကျင်ရတဲ့ အခွန်နှစ်ထပ် (Double Taxation)
Equity (ရှယ်ယာ) ရဲ့ သဘောကတော့ တစ်မျိုးပါ။ ရှယ်ယာရှင်တွေကို ပေးတဲ့ အမြတ်ဝေစု (Dividend) ဆိုတာ ကုမ္ပဏီက အစိုးရကို အခွန်ဆောင်ပြီးမှ ကျန်တဲ့ "အသားတင်အမြတ်" (Net Income) ထဲက ခွဲပေးတာ ဖြစ်ပါတယ်။
ဒါကို ဘာလို့ Double Taxation လို့ ခေါ်တာလဲ?
ပထမအဆင့်အနေနဲ့ ကုမ္ပဏီက အမြတ်ရတယ်။ အဲဒီအမြတ်ပေါ်မှာ Corporate Income Tax (ကုမ္ပဏီဝင်ငွေခွန်) ဆောင်လိုက်ရပြီ။
ဒုတိယအဆင့်ကတော့ အခွန်ဆောင်ပြီးသား အမြတ်ထဲကနေ ရှယ်ယာရှင်ကို အမြတ်ဝေစုခွဲပေးတယ်။ အဲဒီအမြတ်ဝေစုကို ရရှိတဲ့ ရှယ်ယာရှင်ကလည်း သူ့ရဲ့ Personal Income Tax (တစ်ဦးချင်းဝင်ငွေခွန်) ကို ထပ်ဆောင်ရပြန်ပါတယ်။
ပြောရရင် ပိုက်ဆံတစ်အိတ်တည်းကို အစိုးရက လမ်းဆုံမှာတစ်ခါ တောင်းတယ်၊ အိမ်ပေါက်ဝရောက်တော့ တစ်ခါထပ်တောင်းတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပါ။
ကုမ္ပဏီနှစ်ခုလုံးဟာ အခွန်မဆောင်ခင် အမြတ် သိန်း ၁,၀၀၀ စီ ရတယ်ဆိုပါစို့။ (အခွန်နှုန်းထားကို ၂၀% ထားလိုက်ပါမယ်)
အကြောင်းအရာ | ကုမ္ပဏီ A (Debt သုံးစွဲသူ) | ကုမ္ပဏီ B (Equity သက်သက်) |
Operating Profit | သိန်း ၁,၀၀၀ | သိန်း ၁,၀၀၀ |
အတိုးပေးရမှု (Interest) | (သိန်း ၁၀၀) | ၀ |
အခွန်ဆောင်ရမယ့်အမြတ် | သိန်း ၉၀၀ | သိန်း ၁,၀၀၀ |
ကုမ္ပဏီအခွန် (၂၀%) | သိန်း ၁၈၀ | သိန်း ၂၀၀ |
အသားတင်အမြတ် | သိန်း ၇၂၀ | သိန်း ၈၀၀ |
ဒီနမူနာအရ ကုမ္ပဏီ A က အခွန် သိန်း ၂၀ ပိုသက်သာသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ Debt ရဲ့ အားသာချက်ပါ။
(၃) Control & Governance (ထိန်းချုပ်ပိုင်ခွင့်)
Equity ကို တင်စားရရင် လက်ကိုင်ဘီး (The Steering Wheel) နဲ့တူပါတယ်။ ကိုယ်ဟာ ကုမ္ပဏီ ဘယ်ဘက်ကို ကွေ့မလဲဆိုတာ ဆုံးဖြတ်ခွင့်ရှိပါတယ် (Brealey et al., 2011) ။
Equity ပိုင်ဆိုင်သူတွေဟာ ဆုံးဖြတ်ချက်ချခွင့် ရတာလဲဆိုတော့
- ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အထွေထွေအစည်းအဝေးတွေမှာ မဲပေးခွင့်ရှိပါတယ်။ ဒါဟာ တစ်စုလျှင် တစ်မဲ စနစ်နဲ့ ကုမ္ပဏီရဲ့ အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်တာပါ။
- ကုမ္ပဏီကို တကယ်တမ်း စီမံခန့်ခွဲမယ့် ဒါရိုက်တာအဖွဲ့ (Board of Directors) ကို ရွေးချယ်တင်မြှောက်ခွင့် ရှိပါတယ်။ ကိုယ်ယုံကြည်ရတဲ့သူကို အာဏာအပ်နှင်းခွင့်ရှိတာဟာ အကြီးမားဆုံးသော ထိန်းချုပ်မှု ပါပဲ။
- ကုမ္ပဏီကို တခြားလုပ်ငန်းနဲ့ ပေါင်းစည်းမလား (Merger)၊ ဒါမှမဟုတ် လုပ်ငန်းအသစ်တွေ ထပ်ချဲ့မလားဆိုတဲ့ အရေးကြီးတဲ့ မူဝါဒအပြောင်းအလဲတွေကို အတည်ပြုခွင့် သို့မဟုတ် ကန့်ကွက်ခွင့် ရှိပါတယ်။
- ကုမ္ပဏီရဲ့ ငွေစာရင်းနဲ့ မှတ်တမ်းတွေကို စစ်ဆေးကြည့်ရှုခွင့် ရှိပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှုကို တောင်းဆိုနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး မသမာမှုတွေကို ဟန့်တားနိုင်တဲ့ လက်နက်တစ်ခုပါ။
- ရလာတဲ့အမြတ်တွေကို ရှယ်ယာရှင်တွေကိုပဲ ပြန်ခွဲပေးမလား၊ ဒါမှမဟုတ် လုပ်ငန်းထဲမှာပဲ ပြန်ရင်းနှီးမြှုပ်နှံမလား ဆိုတာကို ဆုံးဖြတ်ရာမှာ ပါဝင်ခွင့်ရှိပါတယ်။
၁။ မဲပေးပိုင်ခွင့်ရှိတာ (Voting Rights)
၂။ ဒါရိုက်တာအဖွဲ့ ရွေးချယ်တာ (Electing the Board)
၃။ မူဝါဒနှင့် လုပ်ငန်းချဲ့ထွင်မှုတဲ့ အပိုင်းကိုပါဝင်ခွင့်ရတာ (Strategic Decisions)
၄။ စာရင်းစစ်ဆေးပိုင်ခွင့် (Right to Inspect)
၅။ အမြတ်ဝေစု မူဝါဒ (Dividend Policy) ဆိုတဲ့ အချက်တွေကြောင့်ပါပဲ။
Debt ကတော့ လောင်စာဆီ (The Fuel) ပါ။ စက်ယန္တရား လည်ပတ်ဖို့ ငွေကြေးထောက်ပံ့ပေးရုံသက်သက်ဖြစ်ပြီး မောင်းနှင်သူနေရာကိုတော့ ဝင်ရောက် စွက်ဖက်ခွင့် မရှိပါဘူး။
Debt ဆိုတာ "အရောင်းအဝယ်" သဘောထက် "စာချုပ်" သဘော ပိုဆောင်ပါတယ်။
ဘဏ်ကနေ သိန်း ၁၀၀ ချေးရင် ဘဏ်က ကိုယ့်ကို အတိုး ၉% ပေးရမယ်၊ ၅ နှစ်အတွင်း အရင်းပြန်ဆပ်ရမယ် ဆိုတဲ့ စည်းကမ်းပဲ သတ်မှတ်ပါတယ်။
စွက်ဖက်ခွင့်မရှိပါဘူး။ ကိုယ်က အဲဒီပိုက်ဆံနဲ့ ဝန်ထမ်းအသစ် ခန့်မလား၊ ရုံးခန်းပြင်မလားဆိုတာကို ဘဏ်က လာရောက်ညွှန်ကြားခွင့် မရှိပါဘူး။ သူတို့ လိုချင်တာက သတ်မှတ်ထားတဲ့ အတိုးနဲ့ အရင်း ပြန်ရဖို့ပဲ ဖြစ်ပါတယ်။
အကြွေးရှင်တွေဟာ ကုမ္ပဏီ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ သတ်မှတ်ထားတဲ့ အတိုးနှုန်းထက် ပိုမရပါဘူး။
ကုမ္ပဏီက ဒီနှစ်မှာ အမြတ် ၁၀ ဆ တက်သွားရင်တောင် Debt ပေးထားတဲ့သူကတော့ မူလသဘောတူထားတဲ့ ၉% အတိုးပဲ ရမှာပါ။
အကျိုးဆက်ကတော့ အမြတ်အစွန်း အများကြီးရလာရင် ခံစားခွင့်မရှိတဲ့အတွက်၊ ဆုံးဖြတ်ချက်ချတဲ့နေရာ (Steering Wheel) မှာလည်း သူတို့ကို ဝင်ပါခွင့် မပေးထားတာ ဖြစ်ပါတယ်။
အကြွေးရှင်တွေဟာ စီမံခန့်ခွဲခွင့် မရှိပေမဲ့ လုံခြုံမှု (Safety) ကိုတော့ အပြည့်အဝ ရထားပါတယ်။
ဥပမာ - ကုမ္ပဏီ ဒေဝါလီခံရပြီဆိုရင် ကျန်တဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး အကြွေးရှင်တွေကို အရင်ဆုံး ပေးဆပ်ရပါတယ်။ ရှယ်ယာရှင် (Equity) တွေကတော့ အနောက်ဆုံးမှ ရတာပါ။
သူတို့က ဘေးကင်းလုံခြုံမှု ကို ယူထားပြီးသား ဖြစ်လို့ စီမံခန့်ခွဲမှု အာဏာကို စွန့်လွှတ်ထားရတာ ဖြစ်ပါတယ်။
၁။ အပြန်အလှန် သဘောတူညီချက် (Contractual Relationship)
၂။ ပုံသေအကျိုးအမြတ် (Fixed Upside)
၃။ ဦးစားပေး ရပိုင်ခွင့် (Priority in Liquidation) တွေ့ကပ်ပါလာပါတယ်။
ကျွန်တော်တို့ လုပ်ငန်းခွင်မှာ ကြုံဖူးကြမှာပါ။ ကုမ္ပဏီတစ်ခုက Project အသစ်တစ်ခုအတွက် ဘဏ်ကနေ ချေးငွေယူလိုက်တယ်ဆိုပါစို့။ ဘဏ်ကနေ စာရင်းစစ် (Audit) လာလုပ်တာ၊ ပိုင်ဆိုင်မှု အပေါင်ပစ္စည်း (Collateral) ကို လာစစ်တာမျိုးပဲ ရှိပါလိမ့်မယ်။
မင်းတို့ ဒီ Project မှာ မန်နေဂျာကို ဘယ်သူ့ကို ခန့်လိုက်လဲ ဒါမှမဟုတ် မင်းတို့ Logo အရောင်ကို ဘာလို့ အနီပြောင်းတာလဲ ဆိုပြီး ဘဏ်က ဝင်မပြောပါဘူး။ ဒါဟာ Passive Role (ဝင်ရောက်မစွက်ဖက်ခြင်း) ပါပဲ။
အခြားသတိပြုရမယ့်အရာတွေနဲ့ အန္တရာယ်တွေ (Compliance & Deep Risks)
ဘဏ္ဍာရေးလောကမှာ အရေးကြီးဆုံးက Default Risk နဲ့ Market Risk ပါ။
- Default Risk (Debt အန္တရာယ်)ဆိုတာက ကုမ္ပဏီက အကြွေးမဆပ်နိုင်တော့ရင် တရားရုံးမှာ ဒေဝါလီခံရပါမယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ကုမ္ပဏီများ ဥပဒေအရ အကြွေးရှင်တွေဟာ ဦးစားပေး ပြန်ရပိုင်ခွင့်ရှိပေမယ့် လုပ်ငန်းမှာ ပိုင်ဆိုင်မှု မရှိတော့ရင်တော့ ဆုံးရှုံးရမှာပါပဲ (Directorate of Investment and Company Administration [DICA], 2017)။
- Dilution Risk (Equity အန္တရာယ်) ကတော့ ကုမ္ပဏီက ရှယ်ယာအသစ်တွေ ထပ်ထုတ်ရောင်းရင် သင့်ရဲ့ ပိုင်ဆိုင်မှုရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။ ဒါကို သတိထားစောင့်ကြည့်ရပါမယ်။
- Governance Risk ကိုလည်းမေ့လို့မရပါဘူး ။ ကုမ္ပဏီရဲ့ ဒါရိုက်တာတွေက ကိုယ်ကျိုးရှာတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ လုပ်ရင် Equity ရင်းနှီးမြှုပ်နှံသူတွေဟာ အရင်ဆုံး ထိခိုက်ပါတယ်။
Facebook (Dilution Case)
Facebook စတင်တည်ထောင်စဉ်က ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Eduardo Saverin ရဲ့ ဖြစ်ရပ်ဟာ Dilution Risk ရဲ့ အထင်ရှားဆုံး သင်ခန်းစာတစ်ခုပါ။
အစပိုင်းမှာ Saverin ဟာ Facebook ရဲ့ ရှယ်ယာ 30% ကျော်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
Mark Zuckerberg က ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ခေါ်ယူတဲ့အခါ ရှယ်ယာအသစ်တွေကို အမြောက်အမြား ထုတ်ဝေခဲ့ပါတယ်။
အခြားရှယ်ယာရှင်တွေရဲ့ အချိုးအစားက မပြောင်းလဲအောင် ထိန်းထားနိုင်ပေမယ့် Saverin ရဲ့ ပိုင်ဆိုင်မှုကတော့ 30% ကျော်ကနေ 0.03% အထိ ရုတ်တရက် ထိုးကျသွားပါတယ်။
ဒီနေရာမှာ Saverin က ရှယ်ယာအစောင်ရေ နည်းသွားတာမဟုတ်ဘဲ၊ စုစုပေါင်းရှယ်ယာအရေအတွက် (Total Shares) က အရမ်းများသွားတဲ့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှုရာခိုင်နှုန်း အရည်ပျော်သွားတာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက Dilution တိုင်းဟာ မဆိုးပါဘူး
- Good Dilution လည်းရှိပါတယ်။ ကုမ္ပဏီက ရှယ်ယာအသစ်ထုတ်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ လုပ်ငန်းကို အဆမတန် ကြီးထွားအောင် လုပ်နိုင်ရင် (Pie တစ်ခုလုံးက ကြီးလာရင်) သင့်ရဲ့ ပိုင်ဆိုင်မှု ရာခိုင်နှုန်းနည်းသွားပေမယ့် သင့်ရှယ်ယာရဲ့ "တန်ဖိုး" (Value) ကတော့ ပိုများလာနိုင်ပါတယ်။
- Bad Dilution ကတော့ ကုမ္ပဏီက အခြေအနေမကောင်းလို့ (ဒေဝါလီမခံရအောင်) ရှယ်ယာတွေကို ဈေးပေါပေါနဲ့ ထပ်ထုတ်ရောင်းတာမျိုးဆိုရင်တော့ မူလရှယ်ယာရှင်တွေအတွက် အကြီးအကျယ် နစ်နာပါတယ်။
အနှစ်ချုပ်ရရင် Equity ဆိုတာ ကုမ္ပဏီရဲ့ အောင်မြင်မှုကို ယုံကြည်ပြီး အတူတူပျံသန်းခြင်း ဖြစ်ပြီး၊ Debt ဆိုတာကတော့ မိမိရဲ့ ပိုက်ဆံကို ဘေးကင်းတဲ့နေရာမှာ အငှားချထားခြင်း ဖြစ်ပါတယ်။ တကယ့် ဘဏ္ဍာရေး ကျွမ်းကျင်သူတွေဟာ ဒီနှစ်ခုကို ဟန်ချက်ညီညီ ပေါင်းစပ်တတ်ပါတယ်။
နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ Capital Market ဟာ ပိုပြီး ခိုင်မာလာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ်က စာချုပ်ပေါ်က အတိုးလေးပဲ ရယူမယ့်သူ ဖြစ်မလား၊ ဒါမှမဟုတ် နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ ပိုင်ရှင်တစ်ယောက်အဖြစ် ရှေ့တန်းက ရပ်တည်မလားဆိုတာကတော့ အခုကတည်းက သင့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
References
Brealey, R. A., Myers, S. C., & Allen, F. (2011). Principles of corporate finance (10th ed.). New York, NY: McGraw-Hill/Irwin.
Directorate of Investment and Company Administration. (2017). Myanmar Companies Law 2017. Retrieved from
The Myanmar Times. (2016, March 21). FMI officially lists on Yangon Stock Exchange. Retrieved from


Comments
Post a Comment