Chapter 2.16 (Financial Management) : မြန်မာ့စတော့ဈေးကွက်ရဲ့ အသည်းနှလုံး - စက္ကူလက်မှတ်များမှသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများဆီသို့
Chapter 2.16 (Financial Management) : မြန်မာ့စတော့ဈေးကွက်ရဲ့ အသည်းနှလုံး - စက္ကူလက်မှတ်များမှသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများဆီသို့
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလောကမှာ Bond Market (အစိုးရငွေချေးသက်သေခံလက်မှတ်ဈေးကွက်) ဆိုတာက အခုထက်ထိတော့ သာမန်ပြည်သူတွေနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမဲ့ Stock Market (အစုရှယ်ယာဈေးကွက်) ကတော့ လူငယ်တွေကနေ လူကြီးတွေအထိ ငွေကို အလုပ်ပေးချင်သူတွေ ရဲ့ စိတ်ဝင်စားမှုကို တဖြည်းဖြည်း ရရှိလာနေတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
ပြောရရင် စတော့ဈေးကွက်ဆိုတာ ဂဏန်းတွေ၊ ဂရပ်ဖ်တွေ ကစားနေတဲ့ နေရာတစ်ခုတင် မဟုတ်ပါဘူး။ ဒါဟာ လူတွေရဲ့ အိပ်မက်တွေ၊ ယုံကြည်မှုတွေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေ ဆုံစည်းရာ အသည်းနှလုံး လို့တောင် တင်စားလို့ ရပါတယ်။ ဒီမှာ market နှစ်မျိုးကိုတွေ့နိုင်ပါတယ်။
Primary Market - အိပ်မက်သစ်များကို မျိုးစေ့ချခြင်း
ကုမ္ပဏီတစ်ခုက သူတို့ရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့၊ ဒါမှမဟုတ် အစိုးရက စီမံကိန်းအသစ်တွေ လုပ်ဖို့ အရင်းအနှီး လိုအပ်လာတဲ့အခါ Primary Market (ဈေးဦးပေါက်ဈေးကွက်) ဆိုတာ ပေါ်ပေါက်လာပါတယ်။ ဒါဟာ တကယ်တော့ မျိုးစေ့ချတဲ့ ကာလ ပါပဲ။
ဒီနေရာမှာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရှယ်ယာတွေကို အများပြည်သူဆီ ပထမဆုံးအကြိမ် ချပြရပါတယ်။ ဒါပေမဲ့ ဒါကို သူတို့ဘာသာ လုပ်လို့မရပါဘူး။ ဒီနေရာမှာ Securities Company (ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ) တွေက လက်သည် အဖြစ် ပါဝင်လာရပါတယ်။ သူတို့က ကုမ္ပဏီရဲ့ တကယ့်တန်ဖိုးကို တွက်ချက်ပေးတယ်၊ ရှယ်ယာအရေအတွက်နဲ့ ရောင်းမယ့်ဈေးနှုန်းတွေကို ကျွမ်းကျင်စွာ စီမံပေးကြရတယ်။
ဘာကြောင့် Securities Company တွေ မရှိမဖြစ် လိုအပ်တာလဲဆိုတာကို ဖြေရရင်
၁။ ကိုယ့်ငါးချဉ် ကိုယ်ချဉ် လို့ မရအောင် (Valuation & Credibility)
၂။ အရှုံးကို တာဝန်ခံပေးမယ့်သူ (Underwriting Risk)
၃။ ဥပဒေဆိုတဲ့ ဝင်္ကပါ ထဲက လမ်းပြ (Regulatory Compliance)
၄။ ဝယ်မယ့်သူ ဘယ်မှာလဲ (Marketing & Distribution Network) (Madura, 2015)
လုပ်ငန်းရှင်တိုင်းကတော့ ကိုယ့်ကုမ္ပဏီကို တန်ဖိုးကြီးချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ကိုယ့်ဘာသာဈေးဖြတ်ပြီး ရောင်းရင် ဝယ်မယ့်သူက တန်ဖိုးက တကယ်ကော ဟုတ်ရဲ့လား ဆိုပြီး သံသယဝင်ပါလိမ့်မယ်။
Securities Company က တတိယလူ (Third Party) အနေနဲ့ ကုမ္ပဏီရဲ့ စာရင်းတွေကို စစ်ဆေးတယ်၊ အနာဂတ် အလားအလာကို တွက်ချက်တယ်။ သူတို့က ဒီကုမ္ပဏီက တကယ်တန်ပါတယ် လို့ လက်မှတ်ထိုးပေးမှသာ ရင်းနှီးမြှုပ်နှံသူတွေက ယုံယုံကြည်ကြည်နဲ့ ပိုက်ဆံထုတ်ရဲကြတာပါ။ ဒါဟာ ယုံကြည်မှုကို ဝယ်ယူခြင်း ပါပဲ။
ကုမ္ပဏီက ရှယ်ယာ ၁ သန်း ထုတ်ရောင်းတယ်ဆိုပါစို့။ တကယ်လို့ လူတွေက စိတ်မဝင်စားလို့ ရှယ်ယာ ၅ သန်းဖိုးပဲ ရောင်းရရင် ကျန်တဲ့ ၅ သန်းက ကုမ္ပဏီအတွက် အခက်တွေ့စေပါတယ်။
ဒီနေရာမှာ Securities Company တွေက Underwriter အဖြစ် ဆောင်ရွက်ပေးပါတယ်။ ဆိုလိုတာက ရှယ်ယာတွေ အကုန်မရောင်းရရင် ကျန်တဲ့ရှယ်ယာတွေကို ငါတို့ (Securities Company) ကပဲ အကုန်ဝယ်ယူပါမယ် ဆိုတဲ့ ကတိကဝတ်မျိုးပါ။ ကုမ္ပဏီပိုင်ရှင်အတွက်တော့ ဒါဟာ အိတ်ပေါက်နဲ့ ဖားကောက် မဖြစ်အောင် အာမခံချက် ရလိုက်တာပါပဲ။
စတော့ဈေးကွက်ထဲ ဝင်မယ်ဆိုရင် SEC (Securities and Exchange Commission) က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေက တော်ရုံတန်ရုံ လူ နားမလည်နိုင်အောင် ရှုပ်ထွေးပါတယ်။
စာရင်းကိုင်တစ်ယောက်အတွက် စာရင်းကိုက်ဖို့က လွယ်ပေမဲ့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေ ပြည့်စုံဖို့က တကယ့်ကို ခေါင်းခဲစရာပါ။ Securities Company တွေဟာ ဒီလမ်းကြောင်းကို နေ့တိုင်း လျှောက်နေသူတွေဖြစ်လို့ သူတို့ကပဲ ကုမ္ပဏီကို အမှားအယွင်းမရှိအောင် လမ်းပြပေးတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိတ်ချိန်း (YSX) ပေါ်ပေါက်လာပြီးနောက် KBZSC နှင့် CB Securities ကဲ့သို့သော ကုမ္ပဏီတွေက ဒီလုပ်ငန်းစဉ်များမှာ အဓိကကျသော လမ်းပြများ ဖြစ်လာပါတယ်။ (Eleven Media Group, 2023)။
ကုမ္ပဏီပိုင်ရှင်က ပစ္စည်းထုတ်ရောင်းတာပဲ သိတာပါ။ ဝယ်မယ့်သူ (ရင်းနှီးမြှုပ်နှံသူ) အများအပြားကို ဘယ်မှာ သွားရှာရမလဲဆိုတာ မသိပါဘူး။
Securities Company တွေ (ဥပမာ- KBZSC, CBSC) ဆီမှာ ဖောက်သည်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပါတယ်။ သူတို့ကတစ်ဆင့် ဒီကုမ္ပဏီကတော့ ရှယ်ယာထုတ်တော့မယ်၊ ဝယ်သင့်တယ် လို့ ဈေးကွက်ဖြန့်ပေးတာကြောင့်သာ ရှယ်ယာတွေဟာ အချိန်တိုအတွင်းမှာ အောင်အောင်မြင်မြင် ရောင်းထွက်သွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် အပေါ်ကဖော်ပြခဲ့တဲ့ KBZSC, CBSC, UABSC နဲ့ AYASC စတဲ့ ကုမ္ပဏီတွေဟာ ဒီ Primary Market ရဲ့ အသက်သွေးကြောတွေပါပဲ။ သူတို့ကတစ်ဆင့်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံလိုသူတွေဆီကို ရှယ်ယာတွေကို စနစ်တကျ ခွဲဝေရောင်းချပေးကြတာ ဖြစ်ပါတယ်။
Secondary Market - အခွင့်အလမ်းများ လည်ပတ်ရာ အသက်ရှူလမ်းကြောင်း
ရှယ်ယာတွေ တစ်ခါရောင်းပြီးသွားပြီဆိုရင်တော့ Secondary Market (ဆင့်ပွားဈေးကွက်) ဆိုတာ စတင်လာပါပြီ။ ဒါကတော့ ဈေးကွက်ထဲမှာ ရှယ်ယာတွေ တစ်ဦးနဲ့တစ်ဦး ပြန်လည်ရောင်းဝယ်ကြတဲ့ နေရာပေါ့။
ဒီဈေးကွက်ဟာ အရမ်းကို သက်ဝင်လှုပ်ရှားပါတယ်။ ရှယ်ယာကို ပိုက်ဆံပြန်ဖော်ချင်သူက ရောင်းမယ်၊ အလားအလာကောင်းတာကို မြင်တဲ့သူက ထပ်ဝယ်မယ်။ ဒီလိုနဲ့ ငွေကြေးတွေဟာ အဆက်မပြတ် စီးဆင်းနေပါတယ်။ ဒီနေရာမှာလည်း Securities Company တွေကပဲ ဝယ်ချင်သူနဲ့ ရောင်းချင်သူကြားမှာ ယုံကြည်စိတ်ချရတဲ့ တံတား အဖြစ် လိုင်စင်ကိုင်ဆောင်ပြီး ဝန်ဆောင်မှု ပေးနေကြတာ ဖြစ်ပါတယ်။
ရှယ်ယာတွေကို လူအချင်းချင်း ဘာကြောင့် ပြန်ရောင်းဝယ်ကြသလဲဆိုတဲ့ နောက်ကွယ်မှာ အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။
၁။ Liquidity - စက္ကူမှငွေပြန်ဖော်ခြင်း
၂။ Profit Taking - အမြတ်ကို ရိတ်သိမ်းခြင်း (Capital Gain)
၃။ Portfolio Rebalancing - ဥတွေကို ခြင်းတောင်းထဲ ပြောင်းထည့်ခြင်း ဆိုတဲ့ အချက်တွေပါပဲ။
ရှယ်ယာဝယ်ထားတယ်ဆိုတာ ကုမ္ပဏီထဲမှာ ကိုယ့်ပိုက်ဆံတွေ မြုပ်နေတာပါ။ တကယ်လို့ ကုမ္ပဏီက ရှယ်ယာကို ပြန်မဝယ်ပေးဘူး၊ Secondary Market လည်း မရှိဘူးဆိုရင် ကိုယ့်မှာ ပိုက်ဆံအရေးပေါ်လိုတဲ့အခါ အဲဒီရှယ်ယာစာရွက်ကြီးကို ကိုင်ပြီး ထိုင်ငိုနေရုံပဲ ရှိမှာပါ။
Secondary Market က ကိုယ့်ကို ထွက်ပေါက် (Exit Strategy) ပေးလိုက်တာပါ။ ငါဒီနေ့ ရှယ်ယာရောင်းမယ်၊ နောက် ၂ ရက်နေရင် လက်ထဲ ငွေသားဝင်မယ် ဆိုတဲ့ အာမခံချက်ရှိလို့သာ လူတွေက ရဲရဲဝံ့ဝံ့ ဝယ်ကြတာပါ။ ဈေးကွက်ထဲမှာ ဝယ်သူ၊ ရောင်းသူတွေ များနေလေလေ သင့်အတွက် ငွေပြန်ဖော်ရတာ လွယ်ကူလေလေပါပဲ။
နောက်တစ်ခုကတော့ ဈေးကွက်ရဲ့ အဓိက တွန်းအားပါ။ လူတစ်ယောက်က ရှယ်ယာကို ၅,၀၀၀ နဲ့ ဝယ်ထားတယ်၊ အခု ဈေးကွက်မှာ ၇,၀၀၀ ဖြစ်နေပြီဆိုပါစို့။
တော်ပြီ... ငါ တစ်ရှယ်ယာကို ၂,၀၀၀ မြတ်ပြီ၊ ဒီအမြတ်ကို အိတ်ထဲထည့်ပြီး တခြားလုပ်ငန်းမှာ ပြန်ရင်းနှီးတော့မယ် ဆိုတဲ့သူက ရောင်းပါလိမ့်မယ်။
ဒီကုမ္ပဏီက အခု ၇,၀၀၀ ဆိုပေမဲ့ နောက်နှစ်မှာ ၁၀,၀၀၀ ဖြစ်မှာ၊ အခုဝယ်ထားရင် တန်သေးတယ် လို့ တွေးတဲ့သူက ထပ်ဝယ်ပါလိမ့်မယ်။ ဒီလို အနာဂတ်အပေါ် အမြင်မတူမှု တွေကပဲ ဈေးကွက်ကို နေ့တိုင်း လည်ပတ်စေတာပါ။
Professional ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲ ချိန်ညှိနေတတ်ပါတယ်။
ငါ့မှာ ဘဏ်ရှယ်ယာတွေ အရမ်းများနေပြီ၊ အခု စိုက်ပျိုးရေးရှယ်ယာလေးတွေ နည်းနည်း လဲဝယ်မှဖြစ်မယ် ဆိုတဲ့ စဉ်းစားချက်မျိုးပါ။ ဒီလိုမျိုး ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အခြေအနေနဲ့အညီ ပြောင်းလဲချင်တဲ့အခါ Secondary Market က ဈေးခြင်းတောင်း တစ်ခုလို အသုံးဝင်လာပါတယ်။
ပြောရမယ်ဆိုရင် Secondary Market ဆိုတာ ဒီမိုကရေစီဆန်တဲ့ တန်ဖိုးဖြတ်ပွဲကြီး ပါပဲ။ ကုမ္ပဏီက ငါတို့က တန်ပါတယ် လို့ ဘယ်လောက်ပြောပြော၊ Secondary Market မှာ လူတွေက မဝယ်ရင် အဲဒီကုမ္ပဏီက တန်ဖိုးမရှိပါဘူး။
Primary Market က ကုမ္ပဏီကို မွေးဖွားပေးလိုက်တာဆိုရင်၊ Secondary Market ကတော့ အဲဒီကုမ္ပဏီကို ရှင်သန်ကြီးထွားအောင် အစာကျွေးပြီး ပြုစုပျိုးထောင်ပေးလိုက်တာပါပဲ။
Secondary Market သာ မရှိဘူးဆိုရင် ကုမ္ပဏီတွေဟာလည်း အရင်းအနှီးအသစ်တွေ ထပ်ရှာဖို့ ခက်ခဲသွားမှာဖြစ်သလို၊ ရင်းနှီးမြှုပ်နှံသူတွေလည်း ငွေအေး တွေ ဖြစ်သွားကြမှာပါ။ ဒါကြောင့် ဒီဈေးကွက်ဟာ စီးပွားရေးလောကရဲ့ အဆက်မပြတ် လည်ပတ်နေရမယ့် သွေးကြော တစ်ခု ဖြစ်ပါတယ်။
Matching Logic -ဈေးကွက်ရဲ့ တရားမျှတတဲ့ ဓမ္မသတ်
စတော့ဈေးကွက်မှာ ငါအရင်ပြောတာ၊ ငါ့ကိုအရင်ပေး ဆိုပြီး ခင်းကျင်းငြင်းစရာ မလိုပါဘူး။ Matching (အရောင်းအဝယ်ဖြစ်ခြင်း) အတွက် တိကျတဲ့ စည်းမျဉ်းနှစ်ခု ရှိပါတယ်။
- Price Priority (ဈေးနှုန်းဦးစားပေး
- Time Priority (အချိန်ဦးစားပေး)ဆိုတဲ့ စည်းမျဉ်းစနစ်ပါ။
ဒီစနစ်တွေက ရင်းနှီးမြှုပ်နှံသူများအားလုံးအတွက် တန်းတူညီမျှမှုရှိစေရန် စီမံထားခြင်းဖြစ်သည် (Yangon Stock Exchange, n.d.)။
Price Priority (ဈေးနှုန်းဦးစားပေး) - ဒါဟာ အလွန်မျှတတဲ့ စနစ်ပါ။ ဝယ်တဲ့သူက အမြင့်ဆုံးဈေးပေးရင် အရင်ဝယ်ခွင့်ရမယ်၊ ရောင်းတဲ့သူက အနိမ့်ဆုံးဈေးနဲ့ ရောင်းရင် အရင်ရောင်းခွင့်ရမယ်။ Securities ကုမ္ပဏီတွေဟာ ဈေးကွက်အတွင်းမှာ အသင့်တော်ဆုံး ဈေးနှုန်းတွေကို ရှာဖွေပြီး ချိတ်ဆက်ပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းညှိပေးပါတယ်။
ဥပမာ - ကုမ္ပဏီတစ်ခု (ဥပမာ - FMI ဒါမှမဟုတ် MTSH) ရဲ့ ရှယ်ယာတွေကို ဝယ်ဖို့/ရောင်းဖို့ Securities ကုမ္ပဏီတစ်ခုကနေ အော်ဒါတင်လိုက်ပြီ ဆိုပါစို့။
Price Priority (ဈေးနှုန်း ဦးစားပေးမှု)
ပိုက်ဆံပိုပေးနိုင်သူ သို့မဟုတ် စျေးလျှော့ရောင်းသူက အခွင့်အရေး အရင်ရမယ် ဆိုတဲ့ နိယာမပါ။
ဝယ်သူ (A) - တစ်ရှယ်ယာကို ၅,၁၀၀ ကျပ်နဲ့ ဝယ်မယ်လို့ အော်ဒါတင်တယ်။
ဝယ်သူ (B) - တစ်ရှယ်ယာကို ၅,၀၀၀ ကျပ်နဲ့ ဝယ်မယ်လို့ အော်ဒါတင်တယ်။
ဒီအချိန်မှာ ရောင်းမယ့်သူတစ်ယောက် ပေါ်လာရင် စနစ်က ဝယ်သူ (A) ကို အရင်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ပိုက်ဆံပိုပေးလို့ပါ။ ရောင်းတဲ့သူဘက်မှာလည်း ထိုနည်းအတိုင်းပါပဲ။ ၄,၉၀၀ ကျပ်နဲ့ ရောင်းမယ့်သူက ၅,၀၀၀ ကျပ်နဲ့ ရောင်းမယ့်သူထက် အရင်ရောင်းခွင့်ရမှာပါ။ (ဘာလို့လဲဆိုတော့ ဝယ်သူတွေက ဈေးသက်သာတာကို အရင်ယူချင်ကြလို့ပါ)
Time Priority (အချိန်ဦးစားပေး) - တကယ်လို့ ဈေးတူနေရင်ကော? ထိုအခါမှာတော့ "စောစောလာသူ အရင်ရ" ပါပဲ။ အချိန်စက္ကန့်ပိုင်းမျှ စောပြီး အော်ဒါ (Order) တင်ထားသူက ဦးစားပေး ဝယ်ယူ/ရောင်းချခွင့် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စတော့ဈေးကွက်မှာ အချိန်ဟာ ငွေပါပဲ။
ဈေးနှုန်းချင်း တူနေရင်တော့ စောစောလာတဲ့သူက အရင်ရမယ် ဆိုတဲ့ နိယာမပါ။
ဥပမာ - ကိုဘုန်းနဲ့ မစန္ဒာတို့ နှစ်ယောက်လုံးက ရှယ်ယာတစ်ခုကို ၅,၀၀၀ ကျပ်နဲ့ ဝယ်ဖို့ အော်ဒါတင်ကြတယ်။
ကိုဘုန်း - မနက် ၉:၀၀:၀၁ စက္ကန့်မှာ အော်ဒါတင်တယ်။
မစန္ဒာ - မနက် ၉:၀၀:၀၅ စက္ကန့်မှာ အော်ဒါတင်တယ်။
ဈေးနှုန်းက တူတူပဲ (၅,၀၀၀ ကျပ်) ဖြစ်နေတဲ့အတွက် စနစ်က အချိန်ကို ကြည့်ပါတယ်။ ၄ စက္ကန့်မျှ စောခဲ့တဲ့ ကိုဘုန်း က ရှယ်ယာကို အရင်ရသွားမှာ ဖြစ်ပါတယ်။ မစန္ဒာကတော့ ကိုဘုန်းအတွက် ရှယ်ယာတွေ ပေးပြီးလို့ ကျန်မှသာ ဝယ်ခွင့်ရမှာပါ။
အရောင်းအဝယ် ဖြစ်မယ့် အစီအစဉ်ကို ဒီအောက်က ဇယားလေးအတိုင်း စနစ်က စီထားတတ်ပါတယ် (ဒါကို Order Book လို့ ခေါ်ပါတယ်)။
အစဉ်လိုက် | ဝယ်လိုသူ (Bid) | ဈေးနှုန်း (Price) | အချိန် (Time) | မှတ်ချက် |
၁ | ဝယ်သူ (A) | ၅,၁၀၀ ကျပ် | ၀၉:၀၂:၀၀ | Price ကြောင့် နံပါတ် ၁ ရ |
၂ | ကိုဘုန်း | ၅,၀၀၀ ကျပ် | ၀၉:၀၀:၀၁ | Time ကြောင့် နံပါတ် ၂ ရ |
၃ | မစန္ဒာ | ၅,၀၀၀ ကျပ် | ၀၉:၀၀:၀၅ | ဈေးတူပေမယ့် အချိန်နောက်ကျလို့ နံပါတ် ၃ |
ကိုယ်က ဘယ်လောက်ပဲ သူဌေးကြီးဖြစ်ဖြစ်၊ ဘယ်လောက်ပဲ နာမည်ကြီးသူဖြစ်ဖြစ် ဈေးကွက်ထဲ ရောက်လာရင် ဒီစက္ကန့်ပိုင်းဆိုင်ရာ စည်းမျဉ်းတွေကိုပဲ လိုက်နာရပါတယ်။စတော့ဈေးကွက်မှာ ဈေးနှုန်း က ကိုယ့်ကို လူတန်းစာ ခွဲခြားပေးပြီး၊ အချိန် ကတော့ ကိုယ့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတာပါ။
စတော့ဈေးကွက်မှာ ဈေးနှုန်း က ကိုယ့်ကို လူတန်းစာ ခွဲခြားပေးပြီး၊ အချိန် ကတော့ ကိုယ့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတာပါ။
စတော့ဈေးကွက်ဆိုတာ ဂဏန်းတွေရဲ့ ကစားပွဲတင် မဟုတ်ဘဲ၊ စိတ်ရှည်မှုနဲ့ ဉာဏ်ပညာကို စမ်းသပ်တဲ့ နေရာပါ။
စည်းမျဉ်းတွေကို နားလည်တဲ့သူတွေအတွက်တော့ ဒါဟာ အနာဂတ်ကို တည်ဆောက်တဲ့ အခွင့်အလမ်းသစ်တွေပဲ ဖြစ်ပါတယ်။
ကိုယ်က စာရင်းကိုင်တစ်ယောက်ဖြစ်စေ၊ ရိုးရိုးဝန်ထမ်းတစ်ယောက်ဖြစ်စေ ဒီစနစ်ကို နားလည်ထားခြင်းက ကိုယ့်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုမှာ အကြီးမားဆုံးသော အားသာချက် တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
Eleven Media Group. (2023, June 20). Yangon Stock Exchange to launch pre-listing board for public companies. Retrieved from
Yangon Stock Exchange. (n.d.). Trading system: Matching logic and priority. Retrieved from

Comments
Post a Comment