Chapter 2.12 (Financial Management): Derivative Market — အနာဂတ်ကို ကြိုတင်ဖန်တီးခြင်း

 Chapter 2.12 (Financial Management): Derivative Market — အနာဂတ်ကို ကြိုတင်ဖန်တီးခြင်း

ပြီးခဲ့တဲ့ အပိုင်းမှာ ကျွန်တော်တို့ Commodity (ကုန်စည်) တွေနဲ့ သူ့ရဲ့ အနာဂတ်စျေးနှုန်းတွေကို အကာအကွယ်ပေးတဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အခု ဒီ Derivative Market ကျတော့ ကုန်စည်တင်မကဘဲ ရှယ်ယာ (Stocks)၊ အတိုးနှုန်း (Interest Rates) နဲ့ ငွေလဲလှယ်နှုန်း (Forex) စတဲ့ ဘဏ္ဍာရေးတန်ဖိုးတွေအထိ နယ်ပယ်ချဲ့ထွင်လာတာပါ။

ရိုးရိုးရှင်းရှင်းပြောရရင် Derivative ဆိုတာ မူရင်းပစ္စည်းရဲ့ အရိပ် ပါပဲ။ မူရင်းပစ္စည်း တုန်လှုပ်ရင် သူ့အရိပ်ကလည်း လိုက်လှုပ်ခတ်တဲ့ သဘောတရားကို သုံးပြီး  Finance သမားတွေ ကစားကြတာပါ။


၁။ Futures ထက် ပိုမိုပါးနပ်သော Options (ရွေးချယ်ခွင့် အာမခံ)

Futures စာချုပ်မှာ မဖြစ်မနေ လုပ်ရမယ် ဆိုတဲ့ ဝတ္တရား (Obligation) ရှိပေမယ့် Options ကျတော့ ရွေးချယ်ခွင့် (Right) ပဲ ရှိပါတယ်။

  • ဒါဟာ အိမ်တစ်လုံးကို စပေါ်ငွေ (Premium) လေးပေးပြီး ဘိုကင်လုပ်ထားတာနဲ့ တူပါတယ်။ ဈေးတက်လာရင် ကိုယ်က ဘိုကင်စျေးနဲ့ ဝယ်မယ်၊ တကယ်လို့ ဈေးကျသွားရင်တော့ စပေါ်ငွေလေးပဲ အရှုံးခံပြီး မဝယ်ဘဲ နေလိုက်လို့ ရပါတယ်။

  • အမြတ်ရရင် ယူမယ်၊ အရှုံးကိုတော့ ကန့်သတ်ထားမယ် ဆိုတဲ့ အဆင့်မြင့် ဗျူဟာပါ။ စီးပွားရေးလောကရဲ့ မရေရာမှုတွေကို "အာမခံကြေး" လေးပေးပြီး ရင်ဆိုင်လိုက်တာပါပဲ။

မဖြစ်မနေ လုပ်ဆောင်ရမည့် ဝတ္တရား (Obligation) ဆိုတာကို ရှင်းလင်းသွားအောင် လက်တွေ့ဥပမာတစ်ခုကြည့်ကြည့်ပါ။

Futures စာချုပ်ချုပ်ဆိုထားပြီးရင် ဈေးနှုန်းက ကိုယ့်အတွက် အရှုံးဖြစ်နေပါစေဦးတော့ စာချုပ်ကို ဖျက်သိမ်းခွင့်မရှိဘဲ အဆုံးထိ တာဝန်ယူရတာကို ဆိုလိုတာပါ။

စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုပါတော့၊ နောက် ၃ လအကြာမှာ ရေနံစည် ၁,၀၀၀ လိုအပ်တယ်။ဒါကြောင့် စာချုပ်ချုပ်ဆိုလိုက်တယ်

  • စာချုပ်ချုပ် (Agreement) တာမှာပါဝင်တာက  လက်ရှိ ရေနံဈေးက ၁ စည်ကို ၈၀ ရှိနေပါတယ်။ ကိုယ်က နောက် ၃ လမှာ ဈေးတက်မှာ ကြောက်လို့ ၈၀ နဲ့ ဝယ်ယူမယ်ဆိုပြီး Futures Contract တစ်ခု ချုပ်ဆိုလိုက်ပါတယ်။
  • ဈေးနှုန်း ပြောင်းလဲသွားခြင်း (Market Movement) ဖြစ်လာတယ်။ ၃ လ ပြည့်တဲ့အခါမှာ မထင်မှတ်ဘဲ ကမ္ဘာ့ရေနံဈေးက ၁ စည်ကို ၆၀ အထိ ထိုးကျသွားတယ် ဆိုပါစို့။
ဝတ္တရား (Obligation) အရ လုပ်ဆောင်ရတာက 

  • အပြင်ပေါက်ဈေး (Spot Price) က ၆၀ ပဲ ရှိတယ်။ (အပြင်မှာ ဝယ်ရင် ၆၀ ပဲ ပေးရမယ် ဆိုပေမယ့်  Futures စာချုပ်ဈေး က ၈၀ ဖြစ်နေတယ်။

  • Obligation (ဝတ္တရား) အနေနဲ့ ကိုယ်က အပြင်မှာ ၆၀ နဲ့ ရနေတာကြီးကို စာချုပ်ချုပ်ထားတဲ့အတွက် မဖြစ်မနေ ၈၀ ပေးပြီး ဝယ်ယူရပါတော့မယ်။ ဈေးကျသွားလို့ မဝယ်တော့ဘူး လို့ ငြင်းပယ်ခွင့် လုံးဝမရှိပါဘူး။

ဝတ္တရားက အရေးကြီးတာက

ရောင်းသူအတွက် အာမခံချက်ပေးလို့ပါ။ ကိုယ်က ဝယ်ရမယ့် ဝတ္တရားရှိသလို၊ တစ်ဖက်က ရောင်းသူမှာလည်း ဈေးတွေ ဘယ်လောက်တက်တက်  ၈၀ နဲ့ပဲ ရောင်းရမယ့် ဝတ္တရား (Obligation) ရှိနေပါတယ်။ 

ရလဒ်အနေနဲ့ ဈေးကွက်တည်ငြိမ်မှုဖြစ်ပေါ်လာတယ်။ ဒီဝတ္တရားရှိလို့သာ လုပ်ငန်းရှင်တွေဟာ ဈေးနှုန်းကို ကြိုတင်တွက်ချက် (Lock) ထားနိုင်တာဖြစ်ပါတယ်။

Options နဲ့ ကွာခြားချက်ကတော့ Options မှာဆိုရင် ကိုယ်က အရှုံးခံပြီး စာချုပ်ကို လွှင့်ပစ်လိုက်လို့ ရပေမဲ့၊ Futures မှာတော့ အရှုံးပေါ်နေလည်း စာချုပ်အတိုင်း အဆုံးထိ ရှင်းတမ်းလုပ်ရတာပါပဲ (Hull, 2017)။

 Derivative Market မှာလုပ်နိုင်တဲ့ နောက်တစ်ခုကတော့ -

၂။ Swaps (ဖလှယ်ခြင်းဗျူဟာ) ပဲ ဖြစ်ပါတယ်။

ဒါကတော့ ကုမ္ပဏီအချင်းချင်း အကြွေးယူတဲ့အခါ အတိုးနှုန်းတွေ (Interest Rates) ကို အပြန်အလှန် လဲလှယ်ကြတာပါ။

  • ငါ့ဆီမှာက အတိုးနှုန်းက အတက်အကျကြမ်းတယ် (Floating)၊ မင်းဆီမှာက အတိုးနှုန်းက ပုံသေ (Fixed)၊ ငါတို့ချင်း လဲကြမလား ဆိုတဲ့ သဘောမျိုးပါ။

  • ဒါဟာ ကုမ္ပဏီတစ်ခုရဲ့ ငွေကြေးတည်ငြိမ်မှုအတွက် အင်္ကျီချင်းလဲဝတ် ပြီး အလိုက်သင့် ထိန်းညှိလိုက်တာမျိုး ဖြစ်ပါတယ်။

Swaps ဆိုတာ ကိုယ့်မှာရှိတဲ့ အခြေအနေထက် ပိုကောင်းတဲ့ အခြေအနေကို ရဖို့အတွက် တစ်ဖက်လူနဲ့ လဲလိုက်တာ ပါ။

ကုမ္ပဏီ (က) က ကုမ္ပဏီအငယ်စားလေးမို့ ဘဏ်က Fixed (ပုံသေ) ချေးငွေ မပေးပါဘူး။ အတိုးနှုန်းတက်ရင် တက်သလိုပေးရမယ့် Floating (ဥပမာ - LIBOR + 2%) နဲ့ပဲ ချေးပေးပါတယ်။ ဒါပေမဲ့ သူက အတိုးတက်မှာ ကြောက်လို့ Fixed ပဲ ပေးချင်တာပါ။

ကုမ္ပဏီ (ခ) ကတော့ ကုမ္ပဏီကြီးမို့ ဘဏ်က Fixed 5% နဲ့ ချေးပေးထားပါတယ်။ ဒါပေမဲ့ သူက အနာဂတ်မှာ အတိုးနှုန်းတွေ ကျလာမယ်လို့ ခန့်မှန်းထားလို့ Floating နဲ့ပဲ ပေးချင်နေတာပါ။

နှစ်ဦး လဲလှယ်လိုက်ပုံ (The Swap Mechanism)

သူတို့နှစ်ဦးဟာ ကြားခံဘဏ် (သို့မဟုတ်) အချင်းချင်း သဘောတူညီချက်တစ်ခု လုပ်လိုက်ပါတယ်။


ကုမ္ပဏီ

မူရင်းပေးနေရသော အတိုး (Original)
Swap လုပ်ပြီးနောက် ပေးရသော အတိုး (Result)

ရရှိသွားသော အကျိုးကျေးဇူး

ကုမ္ပဏီ (က)

Floating (အတိုးတက်ရင် အရှုံးပေါ်မည့် Risk ရှိသူ)Fixed (ပုံသေနှုန်း)အတိုးနှုန်း ဘယ်လောက်တက်တက် သူစိတ်အေးသွားပြီ။ (တည်ငြိမ်မှုရသွား)

ကုမ္ပဏီ (ခ)

Fixed (အတိုးကျရင်လည်း သက်သာခွင့်မရမည့်သူ)Floating (အတိုးကျရင် သက်သာမည့်နှုန်း)အတိုးနှုန်းကျလာရင် သူပေးရမယ့်ပမာဏ နည်းသွားမယ်။ (အမြတ်ရနိုင်ခြေ ရှိသွား)

ဒီမှာ လဲလှယ်ခြင်း ဆိုတာ အကြွေးတွေကို လွှဲပေးလိုက်တာ မဟုတ်ပါဘူး။ အချင်းချင်း အတိုးပေးရမယ့် တာဝန် (Obligation) ကိုပဲ လဲလိုက်တာပါ။

  • ကုမ္ပဏီ (က) က သူပေးနေရတဲ့ Floating အတိုးအတွက် ပိုက်ဆံကို ကုမ္ပဏီ (ခ) ဆီက တောင်းယူပြီး ဘဏ်ကို ပေးလိုက်ပါတယ်။

  • သူ့ဘက်ကတော့ ကုမ္ပဏီ (ခ) ကို Fixed အတိုး ပြန်ပေးရပါတယ်။

အကျိုးဆက်အနေနဲ့ ကုမ္ပဏီ (က) ဟာ သူ့မှာ မရှိတဲ့ Fixed Rate အကာအကွယ်ကို ရသွားပြီး၊ ကုမ္ပဏီ (ခ) ကတော့ သူမှန်းဆထားတဲ့ Floating Rate အခွင့်အရေးကို ရသွားတာဖြစ်ပါတယ် (Hull, 2017)။


Interest Rate Swap (အတိုးနှုန်းဖလှယ်ခြင်း) ဗျူဟာမှာ ကုမ္ပဏီ (က) နဲ့ (ခ) တို့ ဘယ်လို အမြတ်ထွက်သွားသလဲဆိုတာကို ကိန်းဂဏန်းတွေနဲ့ အဆင့်ဆင့် တွက်ကြည့်ရအောင်။

ဒီနေရာမှာ အဓိက သော့ချက်က Comparative Advantage (နှိုင်းယှဉ်ချက်အရ သာလွန်မှု) ပါ။ တစ်ယောက်က တစ်နေရာမှာ အားသာနေတာကို အသုံးချပြီး နှစ်ယောက်လုံး အကျိုးရှိအောင် လုပ်တာပါ။

ကုမ္ပဏီနှစ်ခုလုံးဟာ ဒေါ်လာ ၁ သန်း (1,000,000) ချေးချင်ကြပါတယ်။ ဘဏ်က သူတို့ရဲ့ ဂုဏ်သတင်းအပေါ်မူတည်ပြီး ပေးတဲ့အတိုးနှုန်းတွေက မတူကြပါဘူး။


ကုမ္ပဏီ

Fixed Rate (ပုံသေ)Floating Rate (အတက်အကျ)လိုချင်သည့်ပုံစံ

ကုမ္ပဏီ (က)

၁၀.၀ %LIBOR + ၀.၃ %Fixed (တည်ငြိမ်ချင်)

ကုမ္ပဏီ (ခ)

၁၂.၀ %LIBOR + ၁.၀ %Floating (အတိုးကျတာ မျှော်လင့်)

မှတ်ချက်: LIBOR ဆိုတာ ဈေးကွက်ထဲက ပြောင်းလဲနေတဲ့ အခြေခံအတိုးနှုန်းပါ။


အားသာချက်ကို ရှာဖွေခြင်း

  • Fixed Market - ကုမ္ပဏီ (က) က ၂% သက်သာနေပါတယ်။ (12% - 10%)

  • Floating Market - ကုမ္ပဏီ (က) က ၀.၇% ပဲ သက်သာပါတယ်။ (1.0% - 0.3%)

ဒီနေရာမှာ ကုမ္ပဏီ (က) ဟာ Fixed Market မှာ ပိုပြီး အသာစီးရနေတာ ကို တွေ့ရပါမယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ Swap စာချုပ်ချုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ် လုပ်ကြပါမယ်။

Swap လုပ်ငန်းစဉ်နှင့် တွက်ချက်မှု

သူတို့နှစ်ဦးဟာ အောက်ပါအတိုင်း သဘောတူညီချက် (Swap) လုပ်လိုက်ကြပါတယ်။

  1. ကုမ္ပဏီ (က) က သူ့အတွက် အသာစီးရနေသော Fixed 10.0% ဖြင့် ဘဏ်မှ ချေး။

  2. ကုမ္ပဏီ (ခ) က သူ့အတွက် အဆင်ပြေသော Floating (LIBOR + 1.0%) ဖြင့် ဘဏ်မှ ချေး။

ပြီးနောက် အချင်းချင်း အတိုးနှုန်းကို ပြန်လဲ-

  • ကုမ္ပဏီ (က) က ကုမ္ပဏီ (ခ) ထံသို့ Fixed 9.95% ။

  • ကုမ္ပဏီ (ခ) က ကုမ္ပဏီ (က) ထံသို့ LIBOR (Floating) ပေး ။


ကုမ္ပဏီတစ်ခုချင်းစီရဲ့ အသားတင်စရိတ် (Net Cost) တွက်ချက်မှု - 

ကုမ္ပဏီ (က) အတွက် -

  • ဘဏ်သို့ပေးရသောအတိုး - -10.0%

  • Swap အရ (ခ) ထံမှရသောအတိုး: +LIBOR

  • Swap အရ (ခ) သို့ပေးရသောအတိုး: -9.95%

  • အသားတင်စရိတ်: -(9.95% + 10.0% - LIBOR) -  Fixed 9.95% + (ကွာဟချက်)

  • (မူရင်း Fixed 10.0% ပေးရမည့်အစား ၉.၉၅% သာ ကျသင့်တော့သဖြင့် ၀.၀၅% သက်သာသွား)

ကုမ္ပဏီ (ခ) အတွက်

  • ဘဏ်သို့ပေးရသောအတိုး -  -(LIBOR + 1.0%)

  • Swap အရ (က) ထံမှရသောအတိုး: +9.95%

  • Swap အရ (က) သို့ပေးရသောအတိုး: -LIBOR

  • အသားတင်စရိတ်: -(LIBOR + 1.0% - 9.95% + LIBOR) -  LIBOR + 0.05%

  • (မူရင်း LIBOR + 1.0% ပေးရမည့်အစား LIBOR + 0.05% သာ ကျသင့်တော့သဖြင့် ၀.၉၅% သက်သာ)



ကုမ္ပဏီ

မူရင်းအတိုးနှုန်း (Swap မပါဘဲ)Swap လုပ်ပြီးနောက် အသားတင်စရိတ်ရရှိသော အကျိုးအမြတ် (Savings)

ကုမ္ပဏီ (က)

၁၀.၀၀ % (Fixed)၉.၉၅ % (Fixed)၀.၀၅ % သက်သာ

ကုမ္ပဏီ (ခ)

LIBOR + ၁.၀၀ %LIBOR + ၀.၀၅ %၀.၉၅ % သက်သာ

ဒီဇယားအရဆိုရင် ကုမ္ပဏီ (က) ဟာ သူလိုချင်တဲ့ ပုံသေအတိုးနှုန်း (Fixed) ကို ရသွားရုံတင်မကဘဲ မူရင်းထက်ပါ သက်သာသွားပါတယ်။ ကုမ္ပဏီ (ခ) ကလည်း သူလိုချင်တဲ့ အတက်အကျနှုန်း (Floating) ကို မူရင်းထက် အများကြီး သက်သာတဲ့နှုန်းနဲ့ ရသွားပါတယ်။

ဒါကိုပဲ ဘဏ္ဍာရေးလောကမှာ Win-Win Situation ဖြစ်အောင် Swap ဗျူဟာနဲ့ စီမံခန့်ခွဲလိုက်တာလို့ ခေါ်ပါတယ် (Hull, 2017)။

၃။ အရိပ် ကို အစစ်ထက် ပိုယုံကြည်လာခြင်း (Market Efficiency)

Derivative Market ဟာ တကယ်တော့ မူရင်းပစ္စည်းတွေ (Physical Assets) ရဲ့ အနာဂတ်ဈေးနှုန်းကို ကြိုတင်ဖော်ပြပေးတဲ့ မှန် တစ်ချပ်ပါ။

  • ဈေးကွက်ထဲမှာ ပစ္စည်းအစစ်တွေထက် Derivative စာချုပ်တွေက ပိုပြီး အရောင်းအဝယ် ဖြစ်နေတတ်ပါတယ်။ ဒါဟာ လူတွေက လက်ရှိ ထက် အနာဂတ် ကို ပိုပြီး တန်ဖိုးထား စိတ်ဝင်စားနေကြတယ်ဆိုတာကို ပြသနေတာပါ။

ကျွန်တော့်ကတော့ Derivative Market ကို ဓားနှစ်သွား လို့ မြင်ပါတယ်။ Accountant တစ်ယောက်အနေနဲ့ ဒါကို Hedging (ကာကွယ်ခြင်း) အဖြစ် သုံးရင် အလွန်ခိုင်မာတဲ့ ဒိုင်းလွှားတစ်ခု ဖြစ်ပေမယ့်၊ Speculation (လောင်းကစား) အဖြစ် သုံးမိရင်တော့ မိမိကုမ္ပဏီကို ပြာကျသွားစေနိုင်ပါတယ်။

Derivative ဆိုတာ တကယ်တော့ ဘဏ္ဍာရေးလောကရဲ့ မှော်အတတ် တစ်ခုလိုပါပဲ။ မရှိသေးတဲ့ အရာတစ်ခုပေါ်မှာ တန်ဖိုးတွေ ဖန်တီးပြီး အနာဂတ်ရဲ့ အန္တရာယ်တွေကို စီမံခန့်ခွဲတာပါ။

ဆက်ပြီးတော့ ရောထွေးနိုင်တဲ့ အချက်လေးကို ပြန်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ပြန်စဉ်းစားကြည့် ရင် Commodity မှာလည်း Spot နဲ့ Future ပါပါတယ်။ ဒါပေမဲ့ Finance လောကမှာ အဲဒီ Future ကိုမှ သီးသန့်ထုတ်ပြီး Derivatives လို့ ထပ်မံ အမည်တပ်တာဖြစ်ပါတယ်။ဒါက လူတော်တော်များများ ရောထွေးလေ့ရှိတဲ့ အချက်ပါ။ တကယ်တော့ Commodity ဆိုတာက အရောင်းအဝယ်လုပ်တဲ့ ပစ္စည်း (ဥပမာ - ရွှေ၊ ရေနံ) ဖြစ်ပြီး၊ Derivatives ဆိုတာက အဲဒီပစ္စည်းတွေပေါ်မှာ အခြေခံပြီး ချုပ်ဆိုတဲ့ စာချုပ်ပုံစံ (ဥပမာ - Futures, Options) ဖြစ်ပါတယ်။

 

ဘာကြောင့် Derivatives လို့ သီးသန့် ခွဲလဲ

အကြောင်းရင်းကတော့ ပစ္စည်းမပါဘဲ စာချုပ်သက်သက် ကစားလို့ရသွားလို့ပါ။


အချက်အလက်

Commodity (Spot)Commodity (Future/Derivative)

တန်ဖိုးအရင်းအမြစ်

ပစ္စည်း (ရွှေ၊ ရေနံ)။အောက်ကပစ္စည်းရဲ့ ဈေးနှုန်း (Price Action)။

ရောင်းဝယ်သည့်နေရာ

ကုန်စည်ဒိုင်၊ ဆီဆိုင်၊ ရွှေဆိုင်။CME ကဲ့သို့သော ဘဏ္ဍာရေး Exchange များ။

ကုန်စည်လွှဲပြောင်းမှု

အမြဲတမ်း ပစ္စည်းလက်ခံရရှိသည်။၉၉% သော စာချုပ်များသည် ငွေသားဖြင့်သာ ရှင်းတမ်းလုပ်ပြီး ပစ္စည်းမယူကြပါ။

ကိုယ်က ရေနံဈေးတက်မယ်လို့ ထင်နေတဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဆိုပါစို့။

  • Commodity Spot အနေနဲ့လုပ်ရင် ကိုယ်က ရေနံစည်တွေ တကယ်ဝယ်၊ သယ်ယူပို့ဆောင်ခပေး၊ သိုလှောင်ရုံငှားပြီး သိမ်းထားရပါမယ်။ (ဒါဟာ စရိတ်ကြီးပြီး အလုပ်ရှုပ်ပါတယ်)။

  • Derivative (Future) အနေနဲ့လုပ်ရင် ကိုယ်က ရေနံစည်တွေကို မြင်တောင်မမြင်ဖူးပါဘူး။ ကွန်ပျူတာရှေ့ကနေ နောင် ၃ လမှာ ဈေး ၈၀ နဲ့ ဝယ်မယ် ဆိုတဲ့ စာချုပ်ကိုပဲ ဝယ်လိုက်တာပါ။ ဈေးတက်သွားရင် အဲဒီစာချုပ်ကို ပြန်ရောင်းပြီး အမြတ်ထုတ်လိုက်ရုံပါပဲ။ ပစ္စည်းကို သယ်စရာ၊ သိမ်းစရာ မလိုတော့ပါဘူး။

ဒါကြောင့် Derivative ဆိုတာဟာ Commodity ကို တကယ်မကိုင်ချင်ဘဲ ဈေးနှုန်း ကိုပဲ ကစားချင်တဲ့သူတွေအတွက် ဖန်တီးထားတဲ့ Financial Instrument (ဘဏ္ဍာရေးကိရိယာ) ဖြစ်သွားတာပါ (Hull, 2017)။

တစ်ဖက်မှာပြန်ကြည့်ရင်တော့  Commodity Futures ဆိုတာ Commodity Market ထဲမှာသုံးတဲ့ Derivative အမျိုးအစားတစ်ခုပါပဲ။သူတို့ကြားက ဆက်စပ်မှုနဲ့ ကွာခြားချက်ကို ရှင်းလင်းသွားအောင် ဇယားနဲ့ ဥပမာတွေထပ်ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။

Commodity နှင့် Derivatives 

Commodity (အခြေခံပစ္စည်း) ဟာ Underlying Asset လို့ခေါ်တဲ့ အခြေခံပစ္စည်းပါ။ သူက သူ့ဘာသာသူ တန်ဖိုးရှိပါတယ်။ (ဥပမာ - ရွှေတစ်ကျပ်သားမှာ သူ့တန်ဖိုးရှိပြီးသား)။

Derivatives (ဆင့်ပွားစာချုပ်) ကတော့ သူ့ဘာသာသူ တန်ဖိုးမရှိပါဘူး။ အထက်က Commodity ရဲ့ ဈေးနှုန်းအတက်အကျပေါ်မှာပဲ မူတည်ပြီး တန်ဖိုးရှိလာတာပါ။ ဒါကြောင့် သူ့ကို ဆင့်ပွား လို့ ခေါ်တာပါ (Hull, 2017)။

Commodity နှင့် Derivatives


Commodity (Spot/Physical)

Derivatives (Futures/Options)

သဘောသဘာဝ

တကယ့်ပစ္စည်း အစစ်အမှန်ဖြစ်။စာချုပ် (Financial Contract) ။

တန်ဖိုး

ပစ္စည်းရဲ့ အရည်အသွေးနဲ့ ရှားပါးမှုပေါ် မူတည်။အခြေခံပစ္စည်းရဲ့ ဈေးနှုန်းပေါ် မူတည်။

ရည်ရွယ်ချက်

တကယ်သုံးစွဲရန် သို့မဟုတ် လှောင်ထားရန်။ဈေးနှုန်း Risk ကို ကာကွယ်ရန် သို့မဟုတ် မှန်းဆရန်။

ပိုင်ဆိုင်မှု

ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ရ။ပိုင်ဆိုင်ခွင့် သို့မဟုတ် အရောင်းအဝယ်လုပ်ခွင့် ရ။

Commodity Futures မှာပါတဲ့ အဓိက Function တွေ

Commodity ထဲမှာ Futures Function ပါဝင်ရခြင်းရဲ့ အဓိက အကြောင်းရင်း (၃) ချက်ရှိပါတယ် (Mankiw, 2021) -

  1. Price Discovery - အနာဂတ်မှာ ဈေးနှုန်းဘယ်လောက်ဖြစ်မလဲဆိုတာကို ဒီစာချုပ်တွေကတစ်ဆင့် ကြိုတင်သိနိုင်ခြင်း။

  2. Risk Transfer - ထုတ်လုပ်သူ (လယ်သမား) က ဈေးကျမှာကြောက်တဲ့ Risk ကို အမြတ်လိုချင်တဲ့သူ (Speculator) ဆီ လွှဲပြောင်းပေးလိုက်ခြင်း။

  3. No Storage Cost - ပစ္စည်းကို တကယ်ဝယ်စရာမလိုဘဲ ဈေးအတက်အကျကနေ အမြတ်ရှာနိုင်တဲ့အတွက် သိုလှောင်ရုံခ၊ စောင့်ရှောက်ခတွေ သက်သာခြင်း။

Commodity က ကစားသမား (Player) ဆိုရင် Derivatives က သူတို့ကစားတဲ့ နည်းလမ်း (Rules/Strategy) တွေ ဖြစ်ပါတယ်။ Commodity တိုင်းမှာ Derivatives (Futures/Options) တွေ ရှိနိုင်ပေမဲ့ Derivatives တိုင်းက Commodity မဟုတ်ပါဘူး (ဥပမာ- Interest Rate Derivatives, Stock Options စတာတွေလည်း ရှိနိုင်လို့ပါ)

အချုပ်ပြောရရင် Chapter 2.11 မှာပါတဲ့ Commodity Future တွေက အခြေခံ စားဝတ်နေရေး အတွက်ဆိုရင်၊ အခု Chapter 2.12 က Derivative Market ကတော့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဘဏ္ဍာရေး ခိုင်မာမှု နဲ့ ရင်းနှီးမြှုပ်နှံမှု အနုပညာ ကို ကိုယ်စားပြုပါတယ်။

ငွေကြေးစီမံသူအနေနဲ့ ကိန်းဂဏာန်းတွေကို မြင်ရုံတင်မကဘဲ ဒီ အရိပ် တွေရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး အနာဂတ်ရဲ့ အစစ် တွေကို ကြိုမြင်နိုင်တဲ့ ဗျူဟာမှူး ဖြစ်ရပါမယ်။


References

Hull, J. C. (2017). Options, Futures, and Other Derivatives (10th ed.). New York, NY: Pearson.

Mankiw, N. G. (2021). Principles of Economics (9th ed.). Boston, MA: Cengage Learning.

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး