Chapter 1.9 (Financial Management) : Final Accounts - လုပ်ငန်းတစ်ခုရဲ့ အောင်စာရင်းနဲ့ ရှေ့ဖြစ်ဟောကိန်း

 

Chapter 1.9 (Financial Management) : Final Accounts - လုပ်ငန်းတစ်ခုရဲ့ အောင်စာရင်းနဲ့ ရှေ့ဖြစ်ဟောကိန်း

ကျွန်တော်တို့ Source Documents တွေကနေ စတင်ခဲ့တဲ့ ခရီးစဉ်ဟာ အခုဆိုရင် နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ Final Accounts (နောက်ဆုံးပိတ်စာရင်းများ) ဆီကို ရောက်ရှိလာပါပြီ။ ဒါဟာ စာရင်းကိုင်ပညာရဲ့ အထွတ်အထိပ် အဆင့်ဖြစ်သလို၊ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဘဏ်တွေက အစောင့်ဆိုင်းရဆုံး အစီရင်ခံစာလည်း ဖြစ်ပါတယ်။

၁။ Final Accounts 

Final Accounts ဆိုတာ Trial Balance ထဲက အချက်အလက်တွေကို အခြေခံပြီး လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ပုံဖော်ပေးလိုက်တာပါ။ အဓိကအားဖြင့် အပိုင်း (၂) ပိုင်း ခွဲခြားနိုင်ပါတယ် -

  • Trading and Profit or Loss Account (အရှုံးအမြတ်စာရင်း) - ဒါကတော့ လုပ်ငန်းက "မြတ်သလား၊ ရှုံးသလား" ဆိုတာကို အဖြေထုတ်ပေးတာပါ။ တစ်နှစ်ပတ်လုံး ဘယ်လောက်ရောင်းရလဲ၊ ကုန်ကျစရိတ်တွေ နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲဆိုတာကို ပြသပါတယ်။

  • Balance Sheet / Statement of Financial Position (ပိုင်ဆိုင်မှုနှင့် ပေးရန်ရှိစာရင်း) - ဒါကတော့ "လုပ်ငန်းက ဘယ်လောက်ချမ်းသာသလဲ" ဆိုတာကို ပြတာပါ။ လုပ်ငန်းမှာ ဘာတွေပိုင်သလဲ (Assets)၊ ဘယ်သူ့ကို ဘာတွေပေးဖို့ရှိသလဲ (Liabilities) ဆိုတာကို ဓာတ်ပုံရိုက်ပြလိုက်သလို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မှတ်တမ်းပါ။

Final Account ဆွဲရတာဟာ ပန်းချီကားတစ်ချပ်ကို အချောသတ်ရသလိုပါပဲ။

  • အရှုံးအမြတ်စာရင်းကို ကြည့်တဲ့အခါ - "ငါတို့ ဒီလောက်ပင်ပန်းခဲ့တာ ဒီလောက်ပဲ မြတ်တာလား" ဒါမှမဟုတ် "မျှော်လင့်ထားတာထက် ပိုမြတ်ပါလား" ဆိုတဲ့ ခံစားချက်တွေဟာ လုပ်ငန်းရှင်တစ်ယောက်အတွက်တော့ ရင်ခုန်စရာပါ။ ဒါဟာ နောက်နှစ်အတွက် ဘယ်လိုခြေလှမ်းလှမ်းရမလဲဆိုတဲ့ "ရှေ့ဖြစ်ဟောကိန်း" လည်း ဖြစ်ပါတယ်။

  • Balance Sheet ကို ကြည့်တဲ့အခါ - ဒါဟာ လုပ်ငန်းရဲ့ "ကျန်းမာရေးစစ်ဆေးချက်" ပါပဲ။ အကြွေးတွေ အရမ်းများနေလား၊ ငွေသားလက်ကျန် လုံလုံလောက်လောက်ရှိလားဆိုတာကို ကြည့်ပြီး လုပ်ငန်းကို ဆက်ချဲ့မလား၊ ထိန်းရမလားဆိုတာကို ဆုံးဖြတ်ရပါတယ်။

၂။ ဘာကြောင့် Final Accounts က အရေးကြီးတာလဲ?

စာရင်းကိုင်တွေက ဂဏန်းတွေကို နေရာတကျဖြစ်အောင် လုပ်ပေးရုံတင်မကဘဲ အဲဒီဂဏန်းတွေကနေတစ်ဆင့် အဖြေထုတ်ပေးရတာပါ။

  • ဆုံးဖြတ်ချက်ချနိုင်ခြင်း - လုပ်ငန်းရှင်တွေအနေနဲ့ ရှေ့ဆက်ရမယ့် Strategy တွေကို ဒီအစီရင်ခံစာပေါ် မူတည်ပြီး ချမှတ်ရပါတယ်။

  • ယုံကြည်မှုတည်ဆောက်ခြင်း - ဘဏ်ကနေ ချေးငွေလျှောက်တာပဲဖြစ်ဖြစ်၊ အစုရှယ်ယာရှင်တွေကို ရှင်းပြတာပဲဖြစ်ဖြစ် Final Accounts ဟာ အခိုင်မာဆုံး သက်သေပါပဲ။

  • အခွန်ပေးဆောင်ခြင်း - အစိုးရကို အခွန်အတိအကျ ပေးဆောင်နိုင်ဖို့အတွက်လည်း ဒီစာရင်းတွေက မရှိမဖြစ် လိုအပ်ပါတယ်။


Final Account ရဖို့ အဆင့်တွေကို အစဉ်လိုက် ပြန်ကြည့်မယ်ဆိုရင် -

  1. Source Documents - အရောင်းအဝယ် အထောက်အထားများ စုဆောင်းခြင်း။

  2. Day Books (Journals) - နေ့စဉ်မှတ်တမ်းစာအုပ်များတွင် ရက်စွဲအလိုက် မှတ်တမ်းတင်ခြင်း။

  3. Ledgers - အကောင့်တစ်ခုချင်းစီအလိုက် ခွဲခြားသတ်မှတ်ခြင်း (Posting to T-Accounts)။

  4. Trial Balance - စာရင်းမှန်ကန်မှု ရှိ၊ မရှိ လက်ကျန်ခြေပြစာရင်းဖြင့် စစ်ဆေးခြင်း။

  5. Final Accounts - အရှုံးအမြတ်နှင့် ဘဏ္ဍာရေးအခြေအနေ အစီရင်ခံစာများ ထုတ်ပြန်ခြင်း။

ဒီနေရာမှာ ပြောချင်တာက စာရင်းလောကမှာ "Window Dressing" (စာရင်းအင်းတွေကို အလှဆင်ခြင်း) ဆိုတာ အဆိပ်အတောက်ပါပဲ။ စာရင်းကိုင်တစ်ယောက်ရဲ့ ကျင့်ဝတ် (Ethics) ဟာ လုပ်ငန်းတစ်ခုလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

Enron Scandal (သမိုင်းတစ်လျှောက် အကြီးမားဆုံး စာရင်းလိမ်လည်မှု)

၂၀၀၁ ခုနှစ်မှာ အမေရိကန်ရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Enron ဟာ ပြိုလဲသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စာရင်းကိုင်ကျင့်ဝတ် ပျက်ယွင်းမှုကြောင့် ဖြစ်ရတဲ့ အကြီးမားဆုံး သင်ခန်းစာတစ်ခုပါ။

ဘယ်လို လိမ်လည်ခဲ့လဲ

Enron ရဲ့ စာရင်းကိုင်တွေနဲ့ အုပ်ချုပ်သူတွေဟာ သူတို့ရဲ့ Final Accounts တွေမှာ အရှုံးတွေကို ဖုံးကွယ်ပြီး အမြတ်တွေကို အတုအယောင် ဖော်ပြခဲ့ကြပါတယ်-

  • Mark-to-Market Accounting - အနာဂတ်မှာ ရလာနိုင်ခြေရှိတဲ့ အမြတ်တွေကို ဒီနေ့ရသလိုမျိုး စာရင်းထဲ ကြိုသွင်းခဲ့ပါတယ်။

  • Off-balance sheet vehicles - ကုမ္ပဏီမှာရှိတဲ့ အကြွေးတွေကို တခြား ကုမ္ပဏီခွဲတွေဆီ လွှဲပြောင်းထားပြီး Final Accounts ထဲမှာ အကြွေးမရှိသလိုမျိုး ဟန်ဆောင်ခဲ့ပါတယ်။

စာရင်းကိုင်တွေရဲ့ စေတနာနဲ့ ကျင့်ဝတ် ပျက်ယွင်းခြင်း

ဒီနေရာမှာ အဓိက တာဝန်ရှိသူကတော့ ကုမ္ပဏီရဲ့ စာရင်းတွေကို စစ်ဆေးပေးရတဲ့ Arthur Andersen ဆိုတဲ့ ကမ္ဘာကျော် စာရင်းစစ်လုပ်ငန်းကြီးပါ။ 

  • သူတို့ဟာ ကုမ္ပဏီဆီက ဝန်ဆောင်ခ (Fee) တွေ အများကြီး ရနေတဲ့အတွက် Enron ရဲ့ အမှားတွေကို သိလျက်နဲ့ မှန်ကန်ကြောင်း လက်မှတ်ထိုးပေးခဲ့ပါတယ်။

  • အရှုပ်တော်ပုံ ပေါ်ခါနီးမှာ သက်သေအထောက်အထား စာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

  • Arthur Andersen ဟာ Enron ဆီကနေ စာရင်းစစ်ခ (Audit fees) ဒေါ်လာ ၂၅ သန်းအပြင်၊ အကြံပေးခ (Consulting fees) ၂၇ သန်းကိုပါ ရယူခဲ့ပါတယ်၊ Enron က စာရင်းတွေ လိမ်နေတာကို စာရင်းစစ်တွေ တွေ့ပါတယ်။ ဒါပေမဲ့ လိမ်နေတယ် လို့ ထုတ်ပြောလိုက်ရင် Enron က သူတို့ကို စိတ်ဆိုးပြီး ဒေါ်လာ ၂၇ သန်းတန်တဲ့ အကြံပေးအလုပ် ကို ဖြုတ်ပစ်မှာကို ကြောက်တယ်၊ ရလဒ်အနေနဲ့ သူတို့ရဲ့ လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့် (Independence) ပျက်ယွင်းခဲ့ရပါတယ် (Healy & Palepu, 2003)။

နောက်ဆက်တွဲ ရလဒ် (The Consequences)

  • ကုမ္ပဏီ ပြိုလဲတာ - တစ်ချိန်က ရှယ်ယာစျေး အလွန်ကြီးခဲ့တဲ့ Enron ဟာ ချက်ချင်း ဒေဝါလီခံလိုက်ရပါတယ်။

  • လူပေါင်းများစွာ အလုပ်ပြုတ် - ဝန်ထမ်း ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို၊ သူတို့ရဲ့ ပင်စင်စုဆောင်းငွေတွေလည်း အကုန် ဆုံးရှုံးခဲ့ရပါတယ်။

  • Arthur Andersen ပြိုလဲခြင်း - ကမ္ဘာ့အကြီးဆုံး စာရင်းစစ်လုပ်ငန်းကြီး ၅ ခုထဲက တစ်ခုဖြစ်တဲ့ Arthur Andersen ဟာလည်း ဒီကျင့်ဝတ်ပျက်ကွက်မှုကြောင့် နာမည်ပျက်ပြီး ပျက်စီးသွားခဲ့ပါတယ်။


Final Accounts ဆိုတာ စာရင်းကိုင်တစ်ယောက်ရဲ့ "စေတနာ" နဲ့ "ကျင့်ဝတ်" ကို ပြသတဲ့နေရာပါ။ ဂဏန်းတွေကို လှအောင် ပြင်ရေးလို့ ရနိုင်ပေမယ့်၊ စစ်မှန်တဲ့ စာရင်းကိုင်တစ်ယောက်ကတော့ လုပ်ငန်းရဲ့ အရှိအတိုင်း အမှန်တရားကိုပဲ တင်ပြရပါမယ်။

စာရင်းတွေ ညီသွားလို့ ရတဲ့ စိတ်အေးမှုထက်၊ လုပ်ငန်းရှင်က ကိုယ့်စာရင်းကို ကြည့်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်သွားတာကို မြင်ရတဲ့ ပီတိက ပိုကြီးမားပါတယ်။

References

  • Kimmel, P. D., Weygandt, J. J., & Kieso, D. E. (2011). Financial accounting: Tools for business decision making (6th ed.). Hoboken, NJ: John Wiley & Sons.

  • Healy, P. M., & Palepu, K. G. (2003). The fall of Enron. Journal of Economic Perspectives, 17(2), 3-26.


Comments