Chapter 2.8 (Financial Management) : Capital Market အနာဂတ်အိမ်မက်များကို အစုရှယ်ယာအဖြစ် ပြောင်းလဲခြင်း
Chapter 2.8 (Financial Management) : Capital Market အနာဂတ်အိမ်မက်များကို အစုရှယ်ယာအဖြစ် ပြောင်းလဲခြင်း
Capital Market (အရင်းအနှီးဈေးကွက်) အကြောင်းကို စဉ်းစားတဲ့အခါ ကိန်းဂဏန်းတွေထက် ယုံကြည်မှု နဲ့ အနာဂတ်ကို ပုံအောခြင်း ဆိုတဲ့ ရသကို ကျွန်တော် ပိုမြင်မိပါတယ်ဗျာ။ ဒါဟာ ရိုးရိုးဈေးရောင်းဈေးဝယ်လုပ်တာထက် ပိုနက်နဲပါတယ်။
Capital Market ဆိုတာ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ရင်ထဲမှာရှိတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ရေရှည်တည်တံ့မယ့် အမြစ် တွေအဖြစ် ပြောင်းလဲပေးတဲ့ နေရာပါ။ ဒီဈေးကွက်မှာ ကျွန်တော်တို့ဟာ ကုန်ပစ္စည်းကို အရောင်းအဝယ်လုပ်တာမဟုတ်ဘဲ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်နိုင်ခြေ ကို အရောင်းအဝယ်လုပ်ကြတာ ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်းပြောရရင် လုပ်ငန်းတွေ ရေရှည်တိုးချဲ့ဖို့အတွက် နှစ်ရှည်ရင်းနှီးမြှုပ်နှံမှု (Long-term investment) တွေကို အရောင်းအဝယ်လုပ်တဲ့ နေရာဖြစ်ပါတယ်။Money Market က ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွက် ငွေချေးတာဆိုရင် Capital Market ကတော့ ၁ နှစ်ထက်ကျော်တဲ့ (၅ နှစ်၊ ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ) ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဖြစ်ပါတယ် (Mishkin & Eakins, 2018) ။
Capital Market မှာ အဓိက ပါဝင်ပတ်သက်သူ ၂ စု
ငွေလိုသူ (Borrowers) - လုပ်ငန်းချဲ့ထွင်ချင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ လမ်း၊ တံတား စတဲ့ စီမံကိန်းတွေ လုပ်ချင်တဲ့ အစိုးရ။
ရင်းနှီးမြှုပ်နှံသူ (Investors) - မိမိငွေကို ရေရှည်မြှုပ်နှံပြီး အမြတ်အစွန်း (သို့မဟုတ်) အတိုး ရလိုသူများ (ဥပမာ- လူပုဂ္ဂိုလ်များ၊ အာမခံကုမ္ပဏီများ၊ ပင်စင်ဖောင်ဒေးရှင်းတွေ)။
Equity Market (ရှယ်ယာဈေးကွက်)
ဒါကို ကျွန်တော်တို့ သိကြတဲ့ Stock Market လို့ ခေါ်ပါတယ်။
ကုမ္ပဏီတွေက သူတို့ပိုင်ဆိုင်မှုကို အစိတ်အပိုင်းလေးတွေ (Stocks/Shares) အဖြစ် ခွဲထုတ်ရောင်းတာပါ။
ကိုယ်က ရှယ်ယာဝယ်ရင် အဲ့ဒီကုမ္ပဏီရဲ့ ပိုင်ရှင်တစ်ဦး (Owner) ဖြစ်လာပြီး ကုမ္ပဏီအမြတ်ရရင် အမြတ်ဝေစု (Dividend) ရမှာဖြစ်သလို ရှယ်ယာဈေးတက်ရင်လည်း အမြတ်ရမှာပါ။
၂။ Bond Market (ငွေတိုက်စာချုပ်ဈေးကွက်)
ငွေတိုက်စာချုပ်ဈေးကွက်ဆိုတာက ငွေချေးသက်သေခံလက်မှတ် တွေပါ။
အစိုးရ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေက ငွေအမြောက်အမြားကို ရေရှည်ချေးချင်တဲ့အခါ Bond တွေ ထုတ်ရောင်းပါတယ်။
ကိုယ်က Bond ဝယ်ရင် ကိုယ်က ငွေချေးပေးသူ (Lender) ဖြစ်လာပြီး သတ်မှတ်ထားတဲ့ အတိုးနှုန်း (Interest) ကို ပုံမှန်ရရှိမှာ ဖြစ်ပါတယ်။
Primary Market - ကုမ္ပဏီတစ်ခုက ရှယ်ယာအသစ်တွေကို ပထမဆုံးအကြိမ် စတင်ထုတ်ရောင်းတဲ့ဈေးကွက် (IPO - Initial Public Offering လို့ ခေါ်ကြပါတယ်)။
Secondary Market - ထုတ်ပြီးသား ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံသူ အချင်းချင်း ပြန်လည်အရောင်းအဝယ်လုပ်တဲ့ ဈေးကွက် (ဥပမာ- ရန်ကုန်စတော့အိတ်ချိန်း - YSX)။
အဲ့တော့ Capital market ဆိုတာက
၁။ အိမ်မက်ကို အကောင်အထည်ဖော်ခြင်း (Financing Dreams)
လုပ်ငန်းတစ်ခုမှာ Idea တွေရှိတယ်၊ လူအင်အားရှိတယ်၊ ဒါပေမဲ့ ကမ္ဘာပတ်ဖို့ အတောင်ပံ (အရင်းအနှီး) မရှိတဲ့အခါ Capital Market ဆီကို လာကြပါတယ်။
တစ်ကိုယ်တော်လှေလှော်ခြင်း ကနေ သင်္ဘောကြီးတစ်စင်း ဆောက်ဖို့ အဖော်အပေါင်းရှာတာနဲ့ တူပါတယ်။ ကိုယ့်ရဲ့ အိမ်မက်ကို ယုံကြည်တဲ့သူတွေကို ကိုယ့်သင်္ဘောပေါ်မှာ နေရာ (Share) ပေးပြီး ခရီးအတူတူသွားဖို့ ဖိတ်ခေါ်တာမျိုးပါ။
၂။ Stocks နှင့် Bonds - အစုရှယ်ယာနှင့် အကြွေးစာချုပ်
ဒီဈေးကွက်မှာ အဓိက လက်နက် (၂) ခု ရှိပါတယ် (Bodie et al., 2018) ။
Stocks (ရှယ်ယာ) - ဒါကတော့ ငါ့လုပ်ငန်းရဲ့ ပိုင်ရှင်တစ်ယောက်အဖြစ် လာလုပ်ပါ လို့ ဖိတ်ခေါ်တာပါ။ အောင်မြင်ရင် အတူတူချမ်းသာမယ်၊ ဆုံးရှုံးရင် အတူတူခံမယ်။ ကုမ္ပဏီရဲ့ ပိုင်ရှင် ဖြစ်တဲ့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ မဲပေးပိုင်ခွင့် ရှိပါတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေကို ရွေးချယ်တာ၊ ကုမ္ပဏီကို တခြားသူနဲ့ ပေါင်းမလား၊ ရောင်းမလားဆိုတာတွေကို ကိုယ်ကစွက်ဖက်ခွင့်ရှိပါတယ်။
Bonds (ငွေချေးသက်သေခံလက်မှတ်) - ငါ့ကို ငွေခဏချေးပါ၊ သတ်မှတ်ထားတဲ့ အတိုးနှုန်းပေးမယ်၊ ပိုင်ရှင်တော့ လာမလုပ်နဲ့ လို့ ပြောတာပါ။ စိတ်ချရမှု ပိုရှိပါတယ်။ လုပ်ငန်းအပေါ် စွက်ဖက်ခွင့် ပါဝါ ဥပမာ မဲပေးတာမျိုး လုံးဝအခွင့်မရှိပါဘူး။ ကုမ္ပဏီက ဘယ်သူ့ကို အလုပ်ခန့်ခန့်၊ ဘယ်လိုပရောဂျက်တွေလုပ်လုပ် ဝင်ပြောလို့မရပါဘူး။ ကိုယ့်တာဝန်က ပိုက်ဆံချေးထားဖို့ပဲ။
Stocks (အစုရှယ်ယာ) - အတူတူသေ၊ အတူတူရှင် လက်တွဲဖော်
Stocks ဆိုတာကတော့ လုပ်ငန်းဖက် ပါ။
ဝယ်ယူလိုက်ပြီဆိုရင် ကိုယ်ကကုမ္ပဏီတစ်ခုရဲ့ အစိတ်အပိုင်းကို ပိုင်ဆိုင်တဲ့ သဘောပါ။ ကုမ္ပဏီက ကမ္ဘာပတ်ပြီး အောင်မြင်ရင် ကိုယ်လည်း လေယာဉ်ပထမတန်းက လိုက်ရမယ်။ ကုမ္ပဏီက ချောက်ထဲကျရင် ကိုယ်လည်း ဒဏ်ရာရမယ်။
Stocks ဝယ်တာဟာ ငါ မင်းရဲ့ အရည်အချင်းကို ယုံတယ်၊ မင်းနဲ့အတူ စွန့်စားမယ် လို့ ကတိပေးလိုက်တာနဲ့ တူပါတယ်။
ဥပမာ
ကိုယ်က လူငယ်လုပ်ငန်းရှင်တစ်ယောက်ရဲ့ ကော်ဖီဆိုင်မှာ ရှယ်ယာဝင်လိုက်တယ်ဆိုပါစို့။ ဆိုင်လေး နာမည်ကြီးလာပြီး တစ်မြို့လုံးမှာ ဆိုင်ခွဲတွေ ဖွင့်နိုင်တဲ့အခါ ကိုယ့်ဆီကို အမြတ်ဝေစု (Dividends) တွေ စီးဝင်လာမယ်။ ရှယ်ယာတန်ဖိုးကလည်း ဆယ်ဆ၊ အဆတစ်ရာ တက်သွားနိုင်တယ်။ ဒါပေမဲ့ ဆိုင်ပိတ်လိုက်ရရင်တော့ ပိုက်ဆံဟာ သုည ဖြစ်သွားနိုင်ပါတယ်။
Stocks ဆိုတာ ရင်ခုန်သံလိုပါပဲ တက်တဲ့အခါ ကြည်နူးရသလို၊ ကျတဲ့အခါ အိပ်မပျော်တဲ့ ညတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ သေချာရွေးချယ်ခဲ့ရင်တော့ ရေရှည်မှာတော့ ကိုယ့်ကို သူဌေး ဖြစ်စေမယ့် လမ်းခရီးပါ။
Bonds (အကြွေးစာချုပ်) (သို့) တည်ငြိမ်ရင့်ကျက်တဲ့ မိတ်ဆွေဟောင်း
Bonds ဆိုတာကတော့ အတိုးပေး အကြွေးယူ တဲ့ ဆက်ဆံရေးမျိုးပါ။
အစိုးရ ဒါမှမဟုတ် ကုမ္ပဏီကြီးတစ်ခုနားက ပိုက်ဆံကို ခေတ္တချေးပေးတာပါ။ သူတို့က ကိုယ့်ကို ပုံမှန်အတိုး ပေးမယ်၊ သတ်မှတ်ချိန်ပြည့်ရင် အရင်း ပြန်ပေးမယ်လို့ ကတိပြုထားတဲ့ စာချုပ်။
Bonds ကတော့ ငါ့ကို အမြတ်အများကြီး မပေးလည်း ရတယ်၊ ငါ့ပိုက်ဆံ မပျောက်ဖို့နဲ့ ပုံမှန်ဝင်ငွေလေးရဖို့ပဲ အဓိက ဆိုတဲ့ အေးချမ်းတဲ့ စိတ်နေစိတ်ထားပါ။
နိုင်ငံတော်က လမ်းတံတားတွေ ဆောက်ဖို့ ငွေလိုလို့ အစိုးရအကြွေးစာချုပ် ထုတ်တယ်။ အဲဒါကို ဝယ်လိုက်တယ်။ နိုင်ငံတော်က ၆ လတစ်ကြိမ် အတိုးပေးမယ်။ ကုမ္ပဏီကြီးတွေ ဘယ်လောက်ပဲ ဒိုင်ဗင်ထိုးထိုး၊ ခေတ်ပျက်ပျက်၊ အစိုးရရှိနေသရွေ့ ကိုယ့်ပိုက်ဆံက လုံခြုံနေတတ်ပါတယ်။
Bonds ဆိုတာ လုံခြုံမှု ပါ။ အပင်ပန်းခံ ရှာထားတဲ့ မိသားစုစုဆောင်းငွေလေးကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း၊ လစဉ် ဆန်ဖိုး ဆီဖိုးလေး ပုံမှန်ရနေသလိုမျိုး နွေးထွေးတဲ့ ခံစားချက်ကို ပေးပါတယ်။
အချက်အလက် | Stocks (အစုရှယ်ယာ) | Bonds (အကြွေးစာချုပ်) |
ကိုယ်က ဘယ်လိုဇာတ်ကောင်လဲ | ပိုင်ရှင် (Owner) | အကြွေးရှင် (Lender) |
မျှော်လင့်တာက | ကြီးပွားချမ်းသာဖို့ (Growth) | ပုံမှန်ဝင်ငွေရဖို့ (Income) |
စွန့်စားမှု | မြင့်မားတယ် (High Risk) | နည်းပါးတယ် (Low Risk) |
ခံစားချက် | စိတ်လှုပ်ရှားစရာ (Rollercoaster) | တည်ငြိမ်အေးချမ်း (Steady Stream) |
ကျွန်တော်တို့ ဘဝမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ မိုးပျံပူဖောင်း (Stocks) ချည်းပဲ ကိုင်ထားရင် လေပြင်းတိုက်တဲ့အခါ လွင့်ပါသွားတတ်ပါတယ်။ အဲဒီလိုပဲ ကျောက်ဆူး (Bonds) ချည်းပဲ ချထားပြန်ရင်လည်း လှေက ရှေ့မဆက်နိုင်ဘဲ တစ်နေရာတည်းမှာ နစ်နေတတ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူအတော်များများကတော့
- အသက်ငယ်တုန်း၊ အားအင်ရှိတုန်းမှာ Stocks ထဲကို ပိုထည့်ပြီး ဘဝကို စွန့်စားကြည့်တယ်။
အသက်ကြီးလာလို့ နားနားနေနေ နေချင်တဲ့အခါ Bonds ဘက်ကို ပိုနွှဲပြီး တည်ငြိမ်မှုကို ရှာကြပါတယ်။
၃။ ရေရှည်မှာတော့ (Long-term Perspective)
Capital Market ရဲ့ ထူးခြားချက်က ရေရှည်အကျိုးအမြတ် ဖြစ်ပါတယ်။ တစ်နှစ်ထက်ကျော်ပြီး ငါးနှစ်၊ ဆယ်နှစ်၊ နှစ်ပေါင်းများစွာအထိ အမြစ်တွယ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေပါ။
စပါးစိုက်တာမဟုတ်ဘဲ သစ်ပင်ကြီးတွေ စိုက်တာနဲ့ တူပါတယ်။ ချက်ချင်းမစားရသေးပေမဲ့ အပင်ကြီးလာတဲ့အခါမှာတော့ တစ်သက်လုံး အရိပ်ရ၊ အသီးစားရမယ့် တန်ဖိုးမျိုးပါ။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း (၂၀၂၀ မှ ၂၀၂၅ အထိ) ကမ္ဘာ့ဈေးကွက်မှာ ထူးထူးခြားခြား အကျိုးအမြတ်ရခဲ့တဲ့ ရှယ်ယာအချို့ကို နမူနာအဖြစ် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ကုမ္ပဏီ | ကဏ္ဍ (Sector) | ဘာကြောင့်လဲ |
NVIDIA | Semiconductor / AI | Artificial Intelligence ခေတ်ရေစီးကြောင်းကြောင့် ၅ နှစ်အတွင်း ၁,၀၀၀% ကျော် တိုးတက်ခဲ့။ |
Tesla | Electric Vehicles | လျှပ်စစ်ကားထုတ်လုပ်မှုတွင် ဦးဆောင်နိုင်ခဲ့ပြီး ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များစွာ ပေးနိုင်ခဲ့။ |
Apple | Consumer Tech | Ecosystem ခိုင်မာမှုကြောင့် ပုံမှန်တိုးတက်၊ အစုရှယ်ယာရှင်များကို Dividend ရော Growth ပါ ပေး။ |
Eli Lilly | Healthcare / Biotech | အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကုသဆေးအသစ်များကြောင့် ဈေးကွက်တန်ဖိုး သိသိသာသာ မြင့်တက်လာ။ |
နည်းပညာကဏ္ဍ၏ အခန်းကဏ္ဍ (NVIDIA)
NVIDIA ဆိုရင် လွန်ခဲ့သော ၅ နှစ်က Graphic Card ထုတ်လုပ်တဲ့ ကုမ္ပဏီအဆင့်ကနေ အခု AI နည်းပညာရဲ့ အဓိက အင်ဂျင်လို ဖြစ်လာတယ်။ အကျိုးဆက်အနေနဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ရင်းနှီးမြှုပ်နှံခဲ့သူတွေက ဒီနေ့မှာ သူတို့ရဲ့ ရင်းနှီးငွေ ၁၀ ဆကျော်အထိ တိုးပွားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ (Yahoo Finance, 2025)။
ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍ (Eli Lilly)
Eli Lilly ကုမ္ပဏီကလည်း ဆေးဝါးအသစ်တွေ (ဥပမာ - Mounjaro နှင့် Zepbound) ကြောင့် ရှယ်ယာဈေးနှုန်းမှာ ၅ နှစ်အတွင်း ၅၀၀% နီးပါး မြင့်တက်ခဲ့ပါတယ် (Forbes, 2024)။
သတိထားရမှာက
ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ် (Risk) ရှိပါတယ်။ အထက်ပါ ရှယ်ယာတွေဟာ အတိတ်မှာ အောင်မြင်ခဲ့ပေမယ့် အနာဂတ်အတွက်တော့ ဈေးကွက်အခြေအနေ၊ မူဝါဒနဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအပေါ် အမြဲမူတည်နေဆိုတာကို တော့မေ့လို့မရပါဘူး။
ကျွန်တော်ကတော့ Capital Market ကို မျှော်လင့်ချက်တွေရဲ့ ဆုံချက် လို့ မြင်ပါတယ်။ ရှယ်ယာတစ်ခုကို ဝယ်လိုက်တယ်ဆိုတာ အဲဒီကုမ္ပဏီရဲ့ Balance Sheet ကိုပဲ ဝယ်တာမဟုတ်ဘူး၊ အဲဒီကုမ္ပဏီရဲ့ ခေါင်းဆောင်မှုနဲ့ အနာဂတ်ကိုပါ ဝယ်လိုက်တာပါ။
Capital Market ဆိုတာ ငွေကြေးတွေ စီးဆင်းရာ နေရာတင်မဟုတ်ပါဘူး၊ လူသားတွေရဲ့ တီထွင်ဖန်တီးမှုနဲ့ ကြီးထွားချင်တဲ့ ဆန္ဒတွေကို အင်အားဖြည့်ပေးတဲ့ အင်ဂျင်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ Capital Market ထဲကို ခြေချပြီဆိုရင် သည်းခံခြင်း ဆိုတဲ့ စိတ်ဓာတ်ကို အရင်ဆုံး မွေးမြူရပါတယ်။ ချက်ချင်းကြီးပွားဖို့ထက် ကိုယ်ယုံကြည်တဲ့ လုပ်ငန်းတစ်ခုနဲ့အတူတူ ကြီးပြင်းသွားဖို့ကစဉ်းစားပြီး စဉ်းစားချင့်ချိန်ရတာကပိုပြီးစိတ်လှုပ်ရှားစရာကောင်းလှပါတယ်။
References
Bodie, Z., Kane, A., & Marcus, A. J. (2018). Investments (11th ed.). New York, NY: McGraw-Hill Education.
Forbes. (2024, May 15). The rise of Eli Lilly: How new drugs are driving market cap. Retrieved from
Mishkin, F. S., & Eakins, S. G. (2018). Financial markets and institutions (9th ed.). Boston, MA: Pearson.
Yahoo Finance. (2025, January 28). NVIDIA Corporation (NVDA) stock historical price data. Retrieved from


Comments
Post a Comment