Chapter 2.4 (Fianancial Management) : Sources of Finance လုပ်ငန်းအတွက် သွေးသစ်လောင်းမည့် နည်းလမ်းနှစ်သွယ်

Chapter 2.4 (Financial Management) : Sources of Finance  လုပ်ငန်းအတွက် သွေးသစ်လောင်းမည့် နည်းလမ်းနှစ်သွယ်

ကားတစ်စီးကို ရှေ့ဆက်မောင်းနှင်ဖို့ "အင်ဂျင်ဝိုင်" လိုအပ်သလိုပဲ၊ စီးပွားရေးလောကမှာလည်း ငွေကြေးအရင်းအနှီး (Capital) ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအရင်းအနှီးကို ရှာဖွေတဲ့နေရာမှာ လမ်းနှစ်သွယ် ရှိပါတယ်။ အဲဒါကတော့ Debt Financing (သူများဆီက ချေးယူခြင်း) နဲ့ Equity Financing (ကိုယ့်အိတ်ကပ်ထဲက စိုက်ထုတ်ခြင်း သို့မဟုတ် အဖော်ရှာခြင်း) ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ငန်းချဲ့ထွင်ချင်ပြီ၊ ဒါမှမဟုတ် လုပ်ငန်းအသစ်တစ်ခု စချင်ပြီဆိုရင် ပိုက်ဆံ ဘယ်ကရမလဲ ဆိုတဲ့ မေးခွန်းက အမြဲတမ်း ပထမဆုံးပါပဲ။ ဒီနေရာမှာ ရွေးချယ်စရာ အဓိက လမ်းကြောင်းကြီး (၂) ခု ရှိပါတယ်။

၁။ Debt Financing (အကြွေးဖြင့် ရင်းနှီးတည်ဆောက်ခြင်း)

ဘဏ်တွေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေဆီကနေ ငွေချေးယူပြီး လုပ်ငန်းလုပ်တာပါ။

  • ပိုက်ဆံကို ခဏငှားသုံးတဲ့ သဘောပါ။ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုမှာ အတိုး (Interest) နဲ့တကွ ပြန်ဆပ်ရပါမယ်။

  • အားသာချက်ကတော့ လုပ်ငန်းရဲ့ ပိုင်ဆိုင်ခွင့် (Ownership) ကို သူများကို ခွဲပေးစရာမလိုပါဘူး။ လုပ်ငန်းအောင်မြင်လို့ အမြတ်တွေ အများကြီးထွက်လာရင် အတိုးပဲပေးရမှာဖြစ်ပြီး ကျန်တဲ့အမြတ်အားလုံးက ကိုယ့်အပိုင်ပါပဲ။

  • ဒါပေမယ့် စိန်ခေါ်မှုကတော့ရှိနေတာပါပဲ။ အမြတ်ထွက်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အကြွေးကိုတော့ မဖြစ်မနေ ပြန်ဆပ်ရပါတယ်။ ဒါဟာ လုပ်ငန်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာနိုင်ပါတယ်။


အကြွေးဆိုတာ စနစ်တကျ သုံးတတ်ရင် လှေကားထစ်ဖြစ်ပြီး၊ မသုံးတတ်ရင်တော့ လည်ပင်းက ကြိုးကွင်းပါပဲ။ စီးပွားရေးလောကရဲ့ ထိပ်သီးတွေဟာ တစ်ခါတလေမှာ ကိုယ့်အိတ်ထဲက ငွေထက် သူတစ်ပါးဆီက ငွေ (Other People's Money - OPM) ကို ရင်းနှီးမြှုပ်နှံမှု  Leverage  အဖြစ် သုံးပြီး ကောင်းကင်ဘုံကို တက်လှမ်းသွားကြတာပါ။

Debt Financing ရဲ့ အနှစ်သာရကို အသက်ဝင်စေခဲ့တဲ့  သာဓကတစ်ခုကို ကျွန်တော်တို့ ကြည့်ကြရအောင်။

ကြွေးမြီပေါ်မှာ တည်ဆောက်ခဲ့တဲ့ လက်လီဘုရင်- Walmart နှင့် Sam Walton

Sam Walton ဆိုတာ သာမန် စတိုးဆိုင်လေးတစ်ခုကနေ ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းဆိုင်ကြီးဖြစ်တဲ့ Walmart ကို ထူထောင်ခဲ့သူပါ။ သူဟာ Debt Financing ကို အထိရောက်ဆုံးနဲ့ အစွန့်စားဆုံး အသုံးချခဲ့သူတစ်ယောက်အဖြစ် လူသိများပါတယ်။

သူ့ရဲ့ ခံယူချက်က ရှင်းပါတယ်။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ပဲ တစ်ဆိုင်ချင်း ဖြည်းဖြည်းချင်း တိုးချဲ့နေရင် ပြိုင်ဘက်တွေက ကိုယ့်ကို ကျော်တက်သွားလိမ့်မယ် ဆိုတာပါပဲ။ ဒါကြောင့် သူဟာ ဘဏ်တွေဆီကနေ အကြွေးကို အကြီးအကျယ် ရယူခဲ့ပါတယ်။ အဲ့ဒီခေတ်က အကြွေးယူတာဟာ စွန့်စားမှုကြီးပေမယ့် Sam Walton အတွက်တော့ ဒါဟာ လုပ်ငန်းရဲ့ Ownership ကို မဆုံးရှုံးစေဘဲ အရှိန်အဟုန်နဲ့ တိုးချဲ့နိုင်မယ့် တစ်ခုတည်းသော လမ်းစဖြစ်ခဲ့ပါတယ် (Walton & Huey, 1992)။

သင်ခန်းစာအနေနဲ့ကတော့ 

လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို တစ်ပါးသူလက်ထဲ မအပ်ချင်ဘူး (Ownership မဆုံးရှုံးချင်ဘူး) ဆိုတာမျိုးပေါ့။ ဒါဆိုရင်  တာဝန်ယူမှု (Liability) ကို ပခုံးထမ်းရပါမယ်။ Sam Walton ဟာ အကြွေးတွေ တောင်ပုံရာပုံ ရှိနေပေမယ့် လုပ်ငန်းရဲ့ အမြတ်ဟာ အတိုးထက် ပိုများရမယ် ဆိုတဲ့ Operating Efficiency ကို အသေအလဲ အာရုံစိုက်ခဲ့ပါတယ်။

သူဟာ အမြတ်ထွက်လာရင် ကိုယ်တိုင် ဇိမ်ခံဖို့ထက် အကြွေးဆပ်ဖို့နဲ့ ဆိုင်အသစ်တွေ ထပ်ဖွင့်ဖို့ပဲ သုံးစွဲခဲ့ပါတယ်။ ဒါဟာ Debt Financing ရဲ့ အနုပညာပါပဲ။ အကြွေးကို ဝန်ထုပ်ဝန်ပိုးလို့ မမြင်ဘဲ၊ ကိုယ့်ရဲ့ အရှိန်အဟုန်ကို မြှင့်တင်ပေးတဲ့ လောင်စာ လို့ မြင်တတ်ဖို့ လိုပါတယ်။

ဒါဆို ချေးငွေနဲ့ လည်ပတ်မယ်ဆိုပြီး အရမ်းဆန္ဒတော့ မစောလိုက်ပါနဲ့ဦး။ ဒီနည်းလမ်းကိုပဲ မှားယွင်းစွာ သုံးမိလို့ ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခု ပြိုလဲပျက်စီးခဲ့ရတာလည်း ရှိပါတယ်။ တစ်ချိန်က ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းဆိုင်ကြီး တစ်ခုဖြစ်ခဲ့တဲ့ Toys "R" Us ပါပဲ။

အကြွေးနွံထဲမှာ နစ်မွန်းခဲ့တဲ့ အရုပ်ဘုရင်- Toys "R" Us 

Toys "R" Us ဟာဆိုရင် ပေါ့သေးသေးလုပ်ငန်းမဟုတ်ပါဘူး။  သူ့ခေတ် သူ့အခါက ၂၀ ရာခိုင်နှုန်းရှိတဲ့ ကမ္ဘာ့အရုပ်ဈေးကွက်ကို စိုးမိုးထားနိုင်ခဲ့တဲ့ ကုမ္ပဏီကြီးပါ။ ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Leveraged Buyout (LBO) လို့ခေါ်တဲ့ ဖြစ်စဉ်က ကုမ္ပဏီရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေက Toys "R" Us ကို ဝယ်ယူဖို့အတွက် ဒေါ်လာ ၆.၆ ဘီလီယံလောက်ကို အကြွေး ယူခဲ့ပါတယ်။ အဲ့ဒီအကြွေးကို ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အပေါင်ထားပြီး ကုမ္ပဏီရဲ့ ပခုံးပေါ်ကိုပဲ တင်လိုက်တာပါ (Haltiwanger, Jarmin, & Miranda, 2013) ။ ရလဒ်ကတော့ ကုမ္ပဏီဟာ နှစ်စဉ် အတိုးပေးရုံတင် ဒေါ်လာသန်း ၄၀၀ ကျော် ပေးနေရတဲ့ အခြေအနေ ဆိုက်သွားပါတယ် ။

ဒါဆိုနောက်ထပ် ဝင်ငွေနည်းလမ်းတစ်ခုကို ကြည့်ရအောင်။

၂။ Equity Financing (ကိုယ့်အင်အား၊ ကိုယ့်ရှယ်ယာဖြင့် ရင်းနှီးခြင်း)

ကိုယ်စုဆောင်းထားတဲ့ငွေကို သုံးတာ (သို့မဟုတ်) အခြားသူတွေကို ရှယ်ယာရောင်းချပြီး ရင်းနှီးမြှုပ်နှံခိုင်းတာမျိုးပါ။

  • အဖော်အပေါင်းနဲ့ အတူတူ ရင်းနှီးတာ။ ပိုက်ဆံကို ပြန်ဆပ်စရာမလိုပေမယ့် လုပ်ငန်းရဲ့ ပိုင်ဆိုင်ခွင့်နဲ့ အမြတ်တွေကိုတော့ ခွဲဝေပေးရပါမယ်။

  • ကောင်းတာက အကြွေးဆိုတဲ့ အတိုးဝန်ထုပ်ဝန်ပိုး မရှိပါဘူး။ လုပ်ငန်းရှုံးနိမ့်ခဲ့ရင်တောင် အကြွေးရှင်တွေလိုမျိုး အတင်းအကျပ် လိုက်တောင်းတာမျိုး မခံရပါဘူး။ "အတူတူကံကြမ္မာကို ရင်ဆိုင်ခြင်း" ပါပဲ။

  • ဒါပေမယ့် မေ့ထားလို့မရတာက အမြတ်ထွက်လာရင် သူများကို ခွဲပေးရမယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ကိုယ်တစ်ယောက်တည်း သဘောနဲ့ လုပ်လို့မရတော့ဘဲ ရှယ်ယာရှင်တွေရဲ့ သဘောထားကို နားထောင်ရပါတော့တယ်။

အကြွေးဆိုတာ ညအိပ်မပျော်စေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဆိုရင် Equity Financing (အစုရှယ်ယာဖြင့် ရင်းနှီးတည်ဆောက်ခြင်း) ဆိုတာကတော့ လက်တွဲဖော် ရှာတာပါပဲ။ ကိုယ့်မှာ အိုင်ဒီယာရှိတယ်၊ လုပ်နိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ ငွေအင်အားမရှိတဲ့အခါ ကိုယ့်ရဲ့ အိပ်မက်ထဲက အစိတ်အပိုင်းတစ်ခုကို တစ်ပါးသူကို ခွဲဝေပေးပြီး အိပ်မက်ကို အတူတူ အကောင်အထည်ဖော်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဒီနည်းလမ်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ အထင်ရှားဆုံး အရာတစ်ခုကတော့ Google (ယခု Alphabet Inc.) ပဲ ဖြစ်ပါတယ်။

အိပ်မက်ကို ရှယ်ယာနဲ့ လဲလှယ်ခဲ့သူများ - Google ရဲ့ အစပြုခြင်း

၁၉၉၈ ခုနှစ်ဝန်းကျင်က Larry Page နဲ့ Sergey Brin တို့မှာ ကမ္ဘာပေါ်က အချက်အလက်တွေကို စနစ်တကျ စုစည်းပေးချင်တဲ့ ကြီးမားတဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာက ကွန်ပျူတာဟောင်းလေးတွေနဲ့ တက္ကသိုလ်ကျောင်းသားဘဝပဲ ရှိတာပါ။ သူတို့ဟာ အကြွေးယူပြီး စွန့်စားမယ့်အစား သူတို့ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှု (Equity) ကို ရင်းနှီးမြှုပ်နှံသူတွေဆီမှာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောဆုံး အနေနဲ့ Sun Microsystems ရဲ့ ပူးတွဲတည်ထောင်သူ Andy Bechtolsheim က သူတို့ကို ဒေါ်လာ ၁ သိန်း တန်ဖိုးရှိတဲ့ ချက်လက်မှတ်တစ်စောင် ရေးပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နာမည်ကျော် Venture Capital (VC) ကုမ္ပဏီတွေဖြစ်တဲ့ Kleiner Perkins နဲ့ Sequoia Capital တို့ဆီကနေ ဒေါ်လာ ၂၅ သန်းအထိ ရှယ်ယာရောင်းပြီး ရင်းနှီးမြှုပ်နှံမှု ရယူခဲ့ပါတယ် (Vise & Malseed, 2005)။

Equity Financing ရဲ့ အရသာကို ကျွန်တော် ဒီလို မြင်မိပါတယ်။ တစ်ယောက်တည်း ပိုင်တဲ့ ကိတ်မုန့်အသေးလေးထက်၊ အများနဲ့ ဝေမျှစားရတဲ့ ကိတ်မုန့်အကြီးကြီးက ပိုပြီး ဗိုက်ဝစေတယ် ဆိုတာပါပဲ။

Google တည်ထောင်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှု ၁၀၀% ကို ဆုပ်ကိုင်မထားခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီလို ခွဲဝေပေးလိုက်လို့ ရလာတဲ့ ငွေအင်အားနဲ့ နည်းပညာကြောင့် Google ဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်တဲ့အထိ ကြီးထွားလာခဲ့တာပါ။ လုပ်ငန်းခွင်မှာလည်း အားလုံးကို ကိုယ်ပဲချုပ်ကိုင်ထားချင်တဲ့ Control Freak ဖြစ်နေမယ့်အစား၊ တော်တဲ့သူတွေကို နေရာပေး၊ ရှယ်ယာပေးပြီး အတူတူ ကြီးပွားအောင် လုပ်တာက ပိုပြီး ခရီးပေါက်ပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာကတော့... ကိုယ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့် ရှယ်ယာရှင်တွေရဲ့ ဖိအား၊ Board of Directors တွေရဲ့ ဆုံးဖြတ်ချက်တွေကို နားထောင်ရတဲ့အခါ လွတ်လပ်မှု အတိုင်းအတာတစ်ခုအထိတော့ လျော့နည်းသွားတာကို လက်ခံနိုင်စွမ်း ရှိဖို့လိုပါတယ်။


Equity Financing ရဲ့ အမှောင်ဖက်ခြမ်းမှာတော့ ကိုယ့်အိမ်ကို ကိုယ်တိုင်တံခါးဖွင့်ပေးလိုက်ရာကနေ အိမ်ရှင်အသစ်က ကိုယ့်ကို အိမ်ပေါ်က နှင်ချလိုက်တဲ့ ဖြစ်ရပ်မျိုးတွေ ရှိတတ်ပါတယ်။ ရှယ်ယာရှင်ဆိုတာ ငွေကြေးထောက်ပံ့ပေးတဲ့ မိတ်ဆွေဖြစ်နိုင်သလို၊ အင်အားကြီးလာရင် ကိုယ့်ကို ရာထူးကဖြုတ်ချနိုင်တဲ့ အာဏာပိုင် လည်း ဖြစ်သွားနိုင်ပါတယ်။

Steve Jobs နဲ့ Apple တို့ရဲ့ ဖြစ်ရပ်ပဲ ကြည့်ပါ။

ကိုယ်တည်ဆောက်ခဲ့တဲ့ အိမ်ကနေ နှင်ထုတ်ခံတဲ့  Steve Jobs 

၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ စီးပွားရေးလောကမှာ အခုထိ ပြောစမှတ်တွင်နေဆဲပါ။ Steve Jobs ဟာ Apple ကို အောင်မြင်အောင် တည်ထောင်ခဲ့ပေမယ့် လုပ်ငန်းတိုးချဲ့ဖို့အတွက် Equity Financing နည်းလမ်းနဲ့ ရှယ်ယာရှင်အသစ်တွေ၊ Board of Directors (ဒါရိုက်တာအဖွဲ့ဝင်) တွေကို လက်ခံခဲ့ရပါတယ်။

ပြဿနာကတော့ Jobs ရဲ့ စိတ်ကူးယဉ်ဆန်မှုနဲ့ လုပ်ငန်းလည်ပတ်ပုံ စတိုင်လ်ဟာ ရှယ်ယာရှင်တွေ ခန့်အပ်ထားတဲ့ CEO ဖြစ်သူ John Sculley နဲ့ သဘောထား ကွဲလွဲခဲ့တာပါ။ အဲ့ဒီအချိန်မှာ Steve Jobs ဆီမှာ ကုမ္ပဏီကို တစ်ဦးတည်း ဆုံးဖြတ်နိုင်တဲ့ ရှယ်ယာပမာဏ (Majority Stake) မရှိတော့ပါဘူး (Isaacson, 2011)။

ရလဒ်ကတော့ Board of Directors အဖွဲ့ဝင်တွေက မဲခွဲဆုံးဖြတ်ပြီး သူတို့ကိုယ်တိုင် ရှယ်ယာရောင်းပြီး ဖိတ်ခေါ်ခဲ့ရတဲ့ Steve Jobs ကို သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီကနေ ထုတ်ပယ်လိုက်တာ ပါပဲ။

ဒါကြီးကတော့ အင်မတန် နာကျင်မယ့် ခံစားချက်ကြီး တစ်ခုပါ။ 

ကိုယ့်ရဲ့ အိပ်ကို သူများလက်ထဲ ထည့်ပေးလိုက်ရင်၊ အဲ့ဒီအိပ်ကို သူများကပဲ ပြန်ပြီး ထိန်းချုပ်သွားနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။

လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ စွမ်းဆောင်ရည် (Performance) ဘယ်လောက်ကောင်းကောင်း၊ အာဏာတည်ဆောက်ပုံ (Power Dynamics) ကို နားမလည်ရင် ရှယ်ယာရှင်တွေရဲ့  နံပါတ်စဉ် တွေအောက်မှာ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှုတွေ နစ်မွန်းသွားနိုင်ပါတယ်။ Steve Jobs ဟာ ၁၂ နှစ်ကြာမှ Apple ဆီကို ပြန်ရောက်လာခဲ့ပေမယ့်၊ ဒီကြားထဲမှာ သူဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆုံးရှုံးခဲ့ရတဲ့ ဒဏ်ရာကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဲ့တော့အရှေ့မှာပြောခဲ့တာတွေကို ရိုးရိုးလေး ပြန်ချုံ့မယ်ဆိုရင် 
Debt နဲ့ Equity ကို ရွေးချယ်တာဟာ "အိမ်ထောင်ပြုတာ" နဲ့ ခပ်ဆင်ဆင်တူပါတယ်။

  • Debt Financing ကတော့ အိမ်ငှားနေသလိုပါပဲ။ လခမှန်မှန်ပေးရမယ်၊ ဒါပေမဲ့ အိမ်ထဲမှာ ကိုယ်ကြိုက်တာလုပ်လို့ရတယ်။

  • Equity Financing ကတော့ အိမ်ထောင်ဖက်နဲ့ အတူတူ အိမ်ဝယ်သလိုပါပဲ။ ပိုက်ဆံခွဲစိုက်လို့ ဝန်ပေါ့သွားပေမယ့် အိမ်ထဲမှာ ဘာလုပ်လုပ် တိုင်ပင်ရတော့မယ်၊ အိမ်ပိုင်ဆိုင်မှုကိုလည်း ခွဲဝေယူရတော့မယ်။

လုပ်ငန်းရှင်တော်တော်များများက အကြွေးမရှိတာ အကောင်းဆုံးပဲ လို့ တွေးလေ့ရှိကြပေမယ့် တကယ်တမ်း တိုးတက်ချင်တဲ့ လုပ်ငန်းတွေမှာတော့ Leverage လို့ခေါ်တဲ့ အကြွေးကို ပါးပါးနပ်နပ် အသုံးချတတ်ဖို့ လိုပါတယ်။

"Debt က လုပ်ငန်းကို အရှိန်အဟုန် မြန်စေပြီး၊ Equity ကတော့ လုပ်ငန်းကို အခြေခိုင်စေပါတယ်"

စစ်မှန်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲသူတစ်ယောက်ဟာ ဒီနှစ်ခုကို မျှတအောင် ပေါင်းစပ်ပြီး (Capital Structure) လုပ်ငန်းအတွက် အထိရောက်ဆုံးဖြစ်မယ့် လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။

References

Haltiwanger, J., Jarmin, R. S., & Miranda, J. (2013). Who creates jobs? Small versus large versus young. The Review of Economics and Statistics, 95(2), 347-361. 

saacson, W. (2011). Steve Jobs. New York, NY: Simon & Schuster.

Vise, D. A., & Malseed, M. (2005). The Google story. New York, NY: Delacorte Press.

Walton, S., & Huey, J. (1992). Sam Walton: Made in America. New York, NY: Doubleday.

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး