Chapter 2.3 (Financial Management) : ဘဏ္ဍာရေးဆိုင်ရာ ပန်းတိုင် နဲ့ အကျိုးအမြတ်လမ်းကြောင်းနှစ်သွယ်

 

Chapter 2.3 (Financial Management) : ဘဏ္ဍာရေးဆိုင်ရာ ပန်းတိုင် နဲ့ အကျိုးအမြတ်လမ်းကြောင်းနှစ်သွယ်

Financial Management ဆိုတာ ရိုးရိုးလေးပြောရရင် လုပ်ငန်းထဲမှာရှိတဲ့ "ငွေ" နဲ့ "ပစ္စည်း" တွေကို အကျိုးအမြတ် အများဆုံးရအောင် ဘယ်လိုစီမံမလဲဆိုတဲ့ အတတ်ပညာပါ။

လုပ်ငန်းတစ်ခုကို ရှေ့ဆက်ဖို့ ငွေဘယ်ကရှာမလဲ၊ ရလာတဲ့ငွေကို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံမလဲ၊ အဲဒီကနေ အရှုံးအမြတ် ဘယ်လောက်ထွက်မလဲဆိုတာကို တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် မောင်းနှင်ရတာ ဖြစ်ပါတယ်။


၁။ Financial Objectives - ဘဏ္ဍာရေးဆိုင်ရာ ပန်းတိုင်များ

လုပ်ငန်းတိုင်းမှာ တူညီတဲ့ ရည်မှန်းချက် ပန်းတိုင် (၂) ခု ရှိပါတယ်။ အဲဒါကတော့ ရေတိုအောင်မြင်မှုနဲ့ ရေရှည်တည်တံ့မှုပါပဲ။

  • Profit Maximization (ရေတိုအကျိုးအမြတ် အများဆုံးရရှိရေး) - ဒါကတော့ အခွန်တွေအားလုံး ပေးဆောင်ပြီးနောက် ကျန်ရှိတဲ့ "အသားတင်အမြတ်" (Net Profit) ကို အမြင့်ဆုံးဖြစ်အောင် လုပ်တာပါ။ "ဒီနှစ်မှာ ငါတို့ ဘယ်လောက်မြတ်လဲ" ဆိုတဲ့ မေးခွန်းရဲ့ အဖြေဖြစ်ပြီး လုပ်ငန်းရဲ့ နေ့စဉ် ရှင်သန်မှုအတွက် အရေးကြီးပါတယ် (Van Horne & Wachowicz, 2008) ။

  • Wealth Maximization (ရေရှည်ကြွယ်ဝမှု အများဆုံးဖြစ်စေရေး) -  ဒါကတော့ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို ကြည့်တာပါ။ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေ တက်လာအောင်၊ လုပ်ငန်းရဲ့ ပုံရိပ်နဲ့ ပိုင်ဆိုင်မှုတွေ ပိုခိုင်မာလာအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါဟာ "အနာဂတ်အတွက် တန်ဖိုး" ကို တည်ဆောက်ခြင်းပါပဲ (Bodie, Kane, & Marcus, 2014)။




Profit Maximization နဲ့ Wealth Maximization ကိုပိုရှင်းအောင်ထပ်ကြည့်ပါဦး။

အချိန်ကာလအရကြည့်မယ်ဆိုရင်

Profit Maximization -   "အပြေးပြိုင်ပွဲ"  လိုပါပဲ။ ဒီလ၊ ဒီနှစ်အတွင်းမှာ ဂိုးတိုင် (Target) ပြည့်ဖို့နဲ့ ပိုက်ဆံအများဆုံး ကျန်ဖို့ပဲ ကြည့်ပါတယ်။ ရေတိုမှာ အမြတ်ပြနိုင်မှ ဝန်ထမ်းလစာပေးနိုင်မယ်၊ လုပ်ငန်းလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

Wealth Maximization -   "မာရသွန်ပြိုင်ပွဲ" (Marathon) ပါ။ လုပ်ငန်းရဲ့ ရှယ်ယာတန်ဖိုး (Share Price) တွေ တက်လာဖို့၊ ကုမ္ပဏီရဲ့ နာမည်ကောင်း (Goodwill) တက်လာဖို့ကို ကြည့်ပါတယ်။ ဒီနေ့ အမြတ်နည်းနည်းလျော့သွားပါစေဦးတော့၊ နောင် (၅) နှစ်မှာ လုပ်ငန်းဟာ ပိုကြီးထွားလာမယ်ဆိုရင် အရင်းအနှီး ထပ်ထည့်ဖို့ ဝန်မလေးတာမျိုး ဖြစ်ပါတယ်။


ကိုယ်က စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်ဆိုပါစို့ -

  • Profit Maximization ကိုပဲ ကြည့်ရင် - ကိုယ်က ကုန်ကျစရိတ်သက်သာအောင် အရည်အသွေးညံ့တဲ့ ကုန်ကြမ်းတွေကို သုံးပြီး ဈေးကြီးကြီးရောင်းမယ်။ ဒါဆိုရင် ဒီလထဲမှာ အမြတ်တွေ အများကြီး ကျန်ပါလိမ့်မယ်။ (ဒါပေမဲ့ ရေရှည်မှာ ဖောက်သည်တွေ မလာတော့ဘဲ ဆိုင်ပိတ်ရနိုင်ပါတယ်)။ မှတ်ချက် - Profit Maximization နည်းလမ်းက လုံးဝမသုံးသင့်ဘူးလို့ ပြောချင်တာတော့ မဟုတ်ပါဘူး။၊ ချိန်ညှိနိုင်ဖို့ပါ။ 

  • Wealth Maximization ကို ကြည့်ရင် -   အမြတ်နည်းနည်းလျော့ရင်တောင် အကောင်းဆုံးကုန်ကြမ်းကို သုံးမယ်၊ ဆိုင်ကို သန့်ရှင်းလှပအောင် ပြုပြင်မယ်၊ ဝန်ထမ်းတွေကို ကောင်းကောင်း ဆက်ဆံမယ်။ ဒါဆိုရင် ဆိုင်ရဲ့ "တန်ဖိုး" တက်လာပြီး နောက်ပိုင်းမှာ ဆိုင်ခွဲတွေ အများကြီး တိုးချဲ့နိုင်လာပါလိမ့်မယ်။

ဒီနည်းလမ်းနှစ်ခုလုံးက အခြေအနေပေါ်မူတည်ပြီး သင့်တော်သလို့ ကျင့် သုံးဖို့လိုအပ်ပါတယ်။

အဓိက ကွာခြားချက်


အချက်

Profit MaximizationWealth Maximization

ရည်ရွယ်ချက်

ရေတိုအမြတ်ရရန်ရေရှည်တန်ဖိုးတက်ရန်

အလေးထားမှု

စာရင်းအမြတ် (Net Profit)ရှယ်ယာဈေးနှင့် ကုမ္ပဏီတန်ဖိုး

စွန့်စားမှု (Risk)

စွန့်စားမှုကို ထည့်မတွက်တတ်ပါစွန့်စားမှုကို သေချာတွက်ချက်

ငွေ၏တန်ဖိုး

အချိန်နှင့်အမျှ ငွေတန်ဖိုးပြောင်းလဲမှုကို လျစ်လျူရှုTime Value of Money ကို အလေးထား
နောက်ထပ်ဥပမာအနေနဲ့ 
  • Profit Maximization ဆိုတာ ဒီနေ့ ရလာတဲ့ လစာကို ဘယ်လိုကုန်အောင် သုံးပစ်မလဲ (ဒါမှမဟုတ်) လက်ထဲမှာ ငွေအများဆုံးကျန်အောင် ဘယ်လို ချွေတာမလဲ ဆိုတာနဲ့ တူပါတယ်။

  • Wealth Maximization ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ပညာရပ်သစ်တွေ သင်ယူတာ၊ ကျန်းမာရေး ဂရုစိုက်တာ၊ ရေရှည်ရင်းနှီးမြှုပ်နှံတာတွေ လုပ်ပြီး ကိုယ့်ရဲ့ "လူသားအရင်းအမြစ်တန်ဖိုး" ကို မြှင့်တင်တာနဲ့ တူပါတယ်။

အမြတ်ရှိမှ လုပ်ငန်းက ရှင်သန်နိုင်မှာဖြစ်သလို၊ တန်ဖိုး (Wealth) ရှိမှသာ လုပ်ငန်းက ကြီးထွားနိုင်မှာ ဖြစ်ပါ

တယ်။ ဒါကြောင့် Finance စီမံခန့်ခွဲသူတစ်ယောက်ဟာ ဒီနှစ်ခုကြားမှာ "အကောင်းဆုံး မျှခြေ" ကို ရှာဖွေရ

တာ ဖြစ်ပါတယ်။


အမြတ်နောက်ပဲ လိုက်ရင်း တန်ဖိုး (Value) အကုန်ပျောက်ဆုံးခြင်း

ဒီနေရာမှာ တစ်ဆက်တည်း Profit Maximization (ရေတိုအမြတ်) ရဲ့ ထောင်ချောက်ထဲကို မိသွားပြီး တစ်ကမ္ဘာလုံးက ရွံရှာသွားခဲ့ရတဲ့ "Martin Shkreli နဲ့ Turing Pharmaceuticals" ရဲ့ ဖြစ်ရပ်ကို ပြန်လည်ဝေမျှပေးပါရစေ။ Business Ethics (စီးပွားရေးကျင့်ဝတ်) နဲ့ Wealth (ရေရှည်တန်ဖိုး) ကိုကောင်းကောင်း သင်ခန်းစာယူလို့ရတဲ့  တကယ့် ဖြစ်ရပ်ဆိုးပါ။


Turing Pharmaceuticals

အမြတ်ကို အဆမတန် တင်ခဲ့ခြင်း (The Dark Side of Profit Maximization) 

၂၀၁၅ ခုနှစ်မှာ Martin Shkreli ဆိုသူဟာ Turing Pharmaceuticals ကို တည်ထောင်ပြီး Daraprim လို့ခေါ်တဲ့ (HIV ဝေဒနာရှင်တွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့) ဆေးတစ်မျိုးရဲ့ မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပါတယ်။

  • သူ လုပ်ခဲ့တာကတော့ Profit Maximization ရဲ့ အစွန်းရောက်ဆုံး ပုံစံပါပဲ။ ဆေးတစ်လုံးရဲ့ ဈေးနှုန်းကို $13.50 ကနေ $750 အထိ (တစ်ညတည်းနဲ့ ၅,၀၀၀ ရာခိုင်နှုန်းကျော်) ရုတ်တရက် တင်လိုက်ပါတယ်။

  • သူ့ရဲ့ အကြောင်းပြချက်ကတော့ "ရှယ်ယာရှင်တွေအတွက် အမြတ်အများဆုံး ရအောင်လုပ်ပေးတာ" (Profit Maximization) တဲ့။

  • ရလဒ်အားဖြင့် ကာလတိုမှာတော့ ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းတွေ ဟိုးအမြင့်ကြီး တက်သွားပါတယ်။ ဒါပေမဲ့...

The Collapse of Wealth (ရေရှည်ကြွယ်ဝမှု ပြိုလဲခြင်း)

ဒီလုပ်ရပ်ဟာ Wealth Maximization ရဲ့ သဘောတရားဖြစ်တဲ့ "Brand ပုံရိပ် (Goodwill)" နဲ့ "ရေရှည်တည်တံ့မှု" ကို လုံးဝ ဥပေက္ခာပြုခဲ့ပါတယ်။

  • လူနာရှင်တွေ၊ ဆရာဝန်တွေနဲ့ အစိုးရကပါ ဝိုင်းဝန်း ကန့်ကွက်ကြပြီး Martin Shkreli ဟာ "ကမ္ဘာ့အရွံရှာရဆုံးလူ " ဖြစ်လာခဲ့ပါတယ်။

  • ကုမ္ပဏီရဲ့ နာမည်ပျက်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက စွန့်ခွာသွားကြတယ်။ နောက်ဆုံးမှာ Martin Shkreli လည်း ထောင်ကျသွားပြီး ကုမ္ပဏီလည်း ဒေဝါလီခံရမယ့် အခြေအနေအထိ ရောက်သွားခဲ့ပါတယ် (Pollack, 2015) ။

ကျွန်တော်တို့ သတိပြုရမှာ က Profit Maximization က "ဒီနေ့ ငါတို့ ငွေဘယ်လောက် ညှစ်ထုတ်နိုင်မလဲ" ဆိုတာကိုပဲ ကြည့်တာပါ။ ဒါပေမဲ့ Wealth Maximization ကတော့ "ငါတို့ လုပ်ရပ်တွေကြောင့် နောင်နှစ်ပေါင်းများစွာအထိ လူတွေက ငါတို့အပေါ် ယုံကြည်ပြီး ရှယ်ယာတွေ ဆက်ကိုင်ထားချင်ပါ့မလား" ဆိုတဲ့ အချက်ပါ။

ယုံကြည်မှု (Trust) နဲ့ ပုံရိပ် (Reputation) မရှိရင် ဘယ်လောက်ပဲ အမြတ်ပြပြ အဲဒီလုပ်ငန်းဟာ Wealth (ကြွယ်ဝမှု) ကို မတည်ဆောက်နိုင်ပါဘူး။


ကျွန်တော်တို့ ဘဏ္ဍာရေးဆိုင်ရာ ပန်းတိုင်ကြောင်းတော့ပြောပြီးပါပြီ။ အခု အကျိုးအမြတ်လမ်းကြောင်းကို ရှာကြည့်ရအောင်။

၂။ အကျိုးအမြတ် လမ်းကြောင်းနှစ်သွယ်

ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် အကျိုးအမြတ်ကို ပုံစံနှစ်မျိုးနဲ့ ရရှိတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။

(က) Capital Gain (တန်ဖိုးတက်ခြင်းမှရသော အမြတ်)

ဒါကတော့ "အချိန်" ကို ရင်းနှီးပြီး ရလာတဲ့ အသီးအပွင့်ပါ။

  • ဥပမာ - လွန်ခဲ့တဲ့ ၃ နှစ်က သိန်း ၁၀၀ ဖိုး ဝယ်ထားတဲ့ ရှယ်ယာတွေက ဒီနေ့မှာ သိန်း ၁၅၀ တန်သွားပြီဆိုရင် အဲဒီ သိန်း ၅၀ ကွာခြားချက်ဟာ Capital Gain ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုး (Asset Value) တက်လာလို့ ချမ်းသာလာတဲ့ သဘောပါ။

(ခ) Income Gain (ပုံမှန်ဝင်ငွေမှရသော အမြတ်)

ဒါကတော့ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ပုံမှန်ပြန်ရနေတဲ့ "အပိုဆု" လိုမျိုးပါ။

  • ဥပမာ - လုပ်ငန်းက အမြတ်ထွက်လို့ ရှယ်ယာရှင်တွေကို ခွဲဝေပေးတဲ့ "အမြတ်ဝေစု" (Dividend) မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ ဒါမှမဟုတ် ခြောက်လတစ်ခါ ကိုယ့်အိတ်ကပ်ထဲကို ငွေသားအဖြစ် တိုက်ရိုက်ဝင်လာတဲ့ အကျိုးအမြတ် ဖြစ်ပါတယ်။

Financial Management ဆိုတာ "ချိန်ခွင်လျှာ" တစ်ခုကို ထိန်းညှိနေရတာနဲ့ တူပါတယ်။ ဒီနေ့မှာ အမြတ်များများရဖို့ပဲ ကြည့်ရင် ရေရှည်မှာ လုပ်ငန်းတန်ဖိုး ကျသွားနိုင်သလို၊ ရေရှည်ကိုပဲ အာရုံစိုက်လွန်းပြန်ရင်လည်း လက်ရှိမှာ ငွေသားပြတ်လပ်တဲ့ အခက်အခဲ ကြုံရနိုင်ပါတယ်။
"Profit (အမြတ်) က လုပ်ငန်းရဲ့ အသက်ရှူသံဆိုရင်၊ Wealth (ကြွယ်ဝမှု) ကတော့ လုပ်ငန်းရဲ့ ကြံ့ခိုင်တဲ့ ကိုယ်ထည်ပါပဲ"

ရင်းနှီးမြှုပ်နှံသူတစ်ဦးအတွက် Capital Gain နဲ့ Income Gain ဆိုတာ ငှက်တစ်ကောင်ရဲ့ တောင်ပံနှစ်ဖက်လိုပါပဲ။ ဒီနှစ်ခုစလုံး ရှိမှသာ ကြွယ်ဝချမ်းသာမှုဆီကို ဟန်ချက်ညီညီ ပျံသန်းနိုင်မှာပါ။ဒီလမ်းကြောင်းနှစ်ခုကို ပိုပြီး ကွဲကွဲပြားပြား မြင်သာသွားအောင် "သရက်ပင်စိုက်ပျိုးတဲ့" ဥပမာလေးနဲ့ကြည့်နိုင်ပါတယ်။


သရက်ပင်ကြီးကနေ ရာသီအလိုက် သရက်သီးတွေ သီးလာတယ်။ ကိုယ်က အဲဒီအသီးတွေကို ခူးစားတယ် (ဒါမှမဟုတ်) ရောင်းစားတယ်။ အပင်ကြီးကတော့ ခြံထဲမှာ ရှိမြဲရှိနေဆဲပါ။ ဒါဟာ ပုံမှန်ဝင်ငွေ (Dividend/Rent) ရနေတဲ့ သဘောပါ။ Income Gain (သရက်သီး ဆွတ်ခူးစားရခြင်း)



လွန်ခဲ့တဲ့ ၅ နှစ်က ဒီအပင်ပျိုလေးနဲ့ မြေကွက်ကို သိန်း ၁၀၀ နဲ့ ဝယ်ခဲ့ပေမဲ့ အပင်ကြီးက ထွားလာ၊ မြေဈေးက တက်လာတဲ့အတွက် အခုပြန်ရောင်းရင် သိန်း ၅၀၀ ရတော့မယ်။ ဒီလို "အရင်းတန်ဖိုး" ကြီးမားလာတာကို Capital Gain လို့ ခေါ်ပါတယ်။ Capital Gain (သရက်ပင်နှင့် မြေကွက်တန်ဖိုး တက်လာခြင်း)


ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအလိုက် ကြည့်ခြင်း

လုပ်ငန်းခွင်မှာ ဘယ်လိုပိုင်ဆိုင်မှုတွေက ဘယ်အမြတ်ကို ပိုပေးတတ်သလဲဆိုတာ သိထားဖို့ လိုပါတယ်။

အောက်က ဇယားကိုကြည့်ကြည့်ပါ။ 


ရင်းနှီးမြှုပ်နှံမှု

Income Gain (ပုံမှန်ရငွေ)Capital Gain (တန်ဖိုးတက်ခြင်း)

အိမ်ခြံမြေ (Real Estate)

အိမ်ငှားခ (Monthly Rent)အိမ်/မြေ ဈေးတက်လာခြင်း

ရှယ်ယာ (Stocks)

အမြတ်ဝေစု (Dividends)ရှယ်ယာဈေး တက်လာခြင်း

ဘဏ်အပ်ငွေ (Fixed Deposit)

အတိုးနှုန်း (Interest)မရှိသလောက် နည်းပါး

ရွှေ (Gold)

မရှိ (အသီးမသီးပါ)ရွှေဈေးတက်မှသာ မြတ်


"ချိန်ခွင်လျှာ" (The Balance)

ရင်းနှီးမြှုပ်နှံသူတွေဟာ ကိုယ့်ရဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး ဒီနှစ်ခုကို ချိန်ညှိကြရပါတယ်-


Income ကို ဦးစားပေးသူ -  ဥပမာ အသက်ကြီးလို့ အနားယူတော့မယ့်သူ (Retiree) တွေဟာ နေ့စဉ်စားဝတ်နေရေးအတွက် Income Gain (ဥပမာ- အိမ်ငှားခ၊ အတိုးနှုန်း) ကို ပိုမက်မောကြပါတယ်။

Capital ကို ဦးစားပေးသူတွေ - ငယ်ရွယ်သေးတဲ့သူတွေကတော့ အခုချက်ချင်း ငွေမရသေးရင်တောင် နောက် ၁၀ နှစ်မှာ သိသိသာသာ တန်ဖိုးတက်လာမယ့် Capital Gain (ဥပမာ- Startup ရှယ်ယာများ၊ မြေကွက်သစ်များ) ကို ပိုဦးစားပေး စွန့်စားတတ်ကြပါတယ်။

တကယ့် Finance ကျွမ်းကျင်သူတွေကတော့ ဒီနှစ်ခုပေါင်းလဒ်ဖြစ်တဲ့ "Total Return" (စုစုပေါင်း

အကျိုးအမြတ်) ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချကြတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမန်နေဂျာတစ်ယောက်ဟာ

 Capital Gain ရော Income Gain ပါ မျှတအောင် စီမံပေးနိုင်ရပါမယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံသူတွေက

 စိတ်ချလက်ချနဲ့ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်ရှိနေမှာ ဖြစ်ပါတယ်။


References

  • Van Horne, J. C., & Wachowicz, J. M. (2008). Fundamentals of financial management (13th ed.). Harlow, England: FT Prentice Hall.

  • Bodie, Z., Kane, A., & Marcus, A. J. (2014). Investments (10th ed.). New York, NY: McGraw-Hill Education.

  • Pollack, A. (2015, September 20). Drug goes from $13.50 a tablet to $750, overnight. The New York Times. Retrieved from https://www.nytimes.com/2015/09/21/business/a-huge-overnight-increase-in-a-drugs-price-raises-protests.html                                                                                        

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး