Chapter 2.10 (Financial Management) : Forex Market ကမ္ဘာ့စီးပွားရေး၏ သွေးခုန်နှုန်းနှင့် ရိုက်ခတ်မှုများ
Chapter 2.10 (Financial Management) : Forex Market ကမ္ဘာ့စီးပွားရေး၏ သွေးခုန်နှုန်းနှင့် ရိုက်ခတ်မှုများ
Foreign Exchange Market (Forex) ဆိုတာကို ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်ဆုံး တင်စားရရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ ဧရာမ ငွေလဲကောင်တာကြီး ပါပဲ။ ဒါပေမဲ့ ဒီဈေးကွက်ဟာ ရိုးရိုးငွေလဲတာထက် အများကြီး ပိုနက်နဲပြီး ကျွန်တော်တို့ရဲ့ ထမင်းဝိုင်း၊ ဟင်းဝိုင်းတွေအထိ ရိုက်ခတ်မှု ရှိလှပါတယ်။
Forex ဆိုတာ နိုင်ငံတစ်ခုရဲ့ ငွေကြေးကို နောက်နိုင်ငံတစ်ခုရဲ့ ငွေကြေးနဲ့ လဲလှယ်ကြတဲ့ ဈေးကွက်ပါ။ ဒါဟာ ကမ္ဘာပေါ်မှာ ၂၄ နာရီပတ်လုံး မအိပ်ဘဲ လည်ပတ်နေတဲ့၊ အရောင်းအဝယ် အဖြစ်ဆုံးသော ဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။
၁။ လူတိုင်းနှင့် မကင်းသော ဈေးကွက် (The Market for Everyone)
လူတော်တော်များများက Forex ဆိုတာ ဖုန်းရှေ့မှာ ထိုင်ပြီး ဂရပ်ဖ် (Chart) တွေကြည့်နေတဲ့သူတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကိုယ်က နိုင်ငံခြားဖြစ် ဖုန်းတစ်လုံး ဝယ်လိုက်တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားက တင်သွင်းတဲ့ ဆီကို သုံးလိုက်တာပဲဖြစ်ဖြစ် ဒီလိုလုပ်ဆောင်မှုက သိသိသာသာရော၊ မသိမသာပါ Forex ဈေးကွက်ထဲကို ခြေချလိုက်တာပါပဲ။
သွင်းကုန် (Import) လုပ်ငန်းရှင်တစ်ယောက်အတွက်တော့ Forex ဟာ နေ့စဉ်ရင်ခုန်ရတဲ့ ထီလက်မှတ် လိုပါပဲ။ ဒေါ်လာဈေး ၁၀ ကျပ် တက်သွားတာဟာ သူ့ရဲ့ အမြတ်တွေ အကုန်လုံးကို ဝါးမြိုသွားနိုင်သလို၊ ဈေးကျသွားရင်လည်း အသက်ရှူချောင်စေပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တစ်ယောက်အတွက် ဒေါ်လာစျေးအတက်အကျဟာ နှလုံးခုန်နှုန်းတိုင်းစက် လိုပါပဲ။ ကုန်ပစ္စည်းကို မှာယူချိန်ကနေ ငွေပေးချေရတဲ့အချိန်ထိ စျေးနှုန်းက ကစားနေတာကြောင့် အမြတ်ဆိုတာ လက်ဖျားမှာတင် ပျောက်သွားတတ်ပါတယ်။
ဒါကို ပိုမြင်သာအောင် ကိန်းဂဏန်းလေးတွေနဲ့ ဥပမာကြည့်ကြည်ပါ။
လျှပ်စစ်ပစ္စည်း တင်သွင်းသူတစ်ဦးထားပါတော့။
ဦးဖြိုးက ထိုင်းနိုင်ငံကနေ ရေခဲသေတ္တာအလုံး (၁၀၀) တင်သွင်းမယ်ဆိုပါစို့။ ရေခဲသေတ္တာ တစ်လုံးရဲ့ ဈေးက $300 ။
စုစုပေါင်းကျသင့်ငွေ - 30,000
ပစ္စည်းမှာချိန်က ပေါက်စျေး - 1 = 4,500 MMK
ကုန်ကျစရိတ်ခန့်မှန်းခြေ - သိန်း ၁,၃၅၀
အခြေအနေ (၁) - ဒေါ်လာစျေး ၁၀ ကျပ် တက်သွားလျှင်
ပစ္စည်းတွေ ရန်ကုန်ဆိပ်ကမ်းရောက်လို့ ငွေချေရမယ့်အချိန်မှာ ဒေါ်လာစျေးက ၄,၅၁၀ ဖြစ်သွားတယ်ဆိုပါစို့။
ငွေချေရမယ့်ပမာဏ - 30,000 x 4,510 = ၁,၃၅၃ သိန်း
ကွာခြားချက် - ၃ သိန်း ပိုကုန်သွားပါတယ်။
အခြေအနေ (၂) - ဒေါ်လာစျေး ၁၀၀ ကျပ် တက်သွားလျှင် (လက်တွေ့အခြေအနေ)
မြန်မာ့စျေးကွက်မှာ ၁၀ ကျပ်တက်ဖို့ဆိုတာ ခဏလေးမို့၊ တကယ်လို့ ၁၀၀ ကျပ် (၄,၆၀၀ ဖြစ်သွားရင်) တက်သွားရင်တော့-
ငွေချေရမယ့်ပမာဏ - 30,000 x 4,600 = ၁,၃၈၀ သိန်း
ကွာခြားချက် - သိန်း ၃၀ တိတိ ပိုကုန်သွားပါတယ်။
ဒီအခြေအနေမှာတော့ ဦးဖြိုးအတွက် အမြတ် ဆိုတာ မရှိတော့ဘဲ အရင်း ကိုတောင် ထိခိုက်လာနိုင်ပါတယ်။ ပစ္စည်းကိုလည်း စျေးတက်ရောင်းဖို့ ခက်နေတဲ့အခါ (ဥပမာ- ကြိုရောင်းထားပြီးသားဆိုရင်) လုပ်ငန်းရှင်အတွက် တကယ့်ကို အိပ်မက်ဆိုးပါပဲ။
ကုန်ကျစရိတ် မခန့်မှန်းနိုင်ခြင်း -ပစ္စည်းမှာချိန်နဲ့ ငွေချေချိန်ကြားက ရက်ပိုင်းအတွင်းမှာတင် စျေးနှုန်းက ပြောင်းလဲနိုင်ပါတယ်။
စျေးကွက်ယှဉ်ပြိုင်မှု - ကိုယ်က ဒေါ်လာစျေးတက်လို့ ဈေးတင်ရောင်းချင်ပေမယ့်၊ ဒေါ်လာစျေးမတက်ခင်က ပစ္စည်းသွင်းထားတဲ့ ပြိုင်ဘက်က ဈေးလျှော့ရောင်းနေရင် ကိုယ့်ပစ္စည်းက ထိုင်နေရပါလိမ့်မယ်။
ငွေလဲနှုန်း Risk - ဒေါ်လာစျေးက တက်ရုံတင်မကဘဲ ဝယ်လို့မရတဲ့ (Shortage) ပြဿနာပါ ကြုံရရင် အပြင်မှောင်ခိုစျေးနဲ့ ဝယ်ရတဲ့အတွက် အရှုံးက ပိုကြီးသွားနိုင်ပါတယ်။
ဒါကြောင့် သွင်းကုန်သမားတွေအတွက် Forex ဆိုတာ လောင်းကစားတစ်ခုလို ဖြစ်မနေစေဖို့ Forward Contracts (ဈေးနှုန်းကြိုတင်ချုပ်ဆိုခြင်း) ဒါမှမဟုတ် Hedging နည်းလမ်းတွေကို အသုံးချဖို့ ကြိုးစားကြရတာဖြစ်ပါတယ် Madura (2012)။
ဒေါ်လာစျေး အတက်အကျဒဏ်ကနေ ကာကွယ်ဖို့ သွင်းကုန်လုပ်ငန်းရှင်တွေ အဓိကသုံးတဲ့ Hedging (အရှုံးမရှိအောင် ကြိုတင်ကာကွယ်ခြင်း) နည်းလမ်းတွေရဲ့ အခြေခံသဘောတရားကတော့ အနာဂတ်မှာ ပေးရမယ့်စျေးနှုန်းကို ဒီနေ့မှာတင် သတ်မှတ်ပစ်လိုက်တာပါပဲ။
Forward Contracts (စျေးနှုန်းကြိုတင်ချုပ်ဆိုခြင်း)
ဒါဟာ ဘဏ်နဲ့ လုပ်ငန်းရှင်ကြားမှာ အသုံးအများဆုံး နည်းလမ်းပါ။
ကိုယ်က ဘဏ်ကိုသွားပြီး နောက် ၃ လနေရင် ဒေါ်လာ ၃ သောင်း ပေးချေရပါမယ်။ အဲဒီအချိန်ကျရင် စျေး ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်က အခု သဘောတူတဲ့စျေး (1 = 4,550 MMK) နဲ့ပဲ ဝယ်ပါ့မယ် လို့ စာချုပ်ချုပ်လိုက်တာပါ။
ဒေါ်လာစျေး ၅,၀၀၀ ဖြစ်သွားလည်း ကိုယ်က ၄,၅၅၀ နဲ့ပဲ ပေးရမှာဖြစ်လို့ စိတ်အေးရပါတယ်။ အမြတ်ကိုလည်း သေချာတွက်ချက်ထားလို့ ရသွားပါတယ်။
တကယ်လို့ ဒေါ်လာစျေးက ၄,၀၀၀ ထိ ကျသွားရင်လည်း ကိုယ်က စာချုပ်အတိုင်း ၄,၅၅၀ နဲ့ပဲ ဝယ်ရမှာ ဖြစ်ပါတယ်။
Currency Options (ရွေးချယ်ပိုင်ခွင့်စာချုပ်)
Forward Contract နဲ့ ဆင်တူပေမယ့် ပိုပြီး Flexible ဖြစ်ပါတယ်။ အာမခံကြေး (Premium) တစ်ခု ပေးထားရပါတယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ကိုယ်က ၄,၅၅၀ စျေးနဲ့ ဝယ်ခွင့်ရှိတဲ့ Options ကို ဝယ်ထားပါတယ်။
စျေးတက်သွားရင်တော့ သင်က စာချုပ်ပါ ၄,၅၅၀ စျေးနဲ့ပဲ ဝယ်လိုက်ပြီး အရှုံးကနေ ကာကွယ်ပါတယ်။
စျေးကျသွားတဲ့ အချိန်မှာ ကိုယ်က စာချုပ်ကို ဖျက်ပစ်လိုက်လို့ ရပါတယ်။ (အပြင်မှာ ပေါက်စျေးသက်သာတဲ့ ၄,၀၀၀ နဲ့ သွားဝယ်လိုက်ရုံပါပဲ)။
မှတ်ချက် - စာချုပ်ဖျက်လိုက်ရင်တော့ အစကပေးထားတဲ့ အာမခံကြေး (Premium) တော့ ဆုံးရှုံးပါလိမ့်မယ်။
Natural Hedging (သဘာဝအလျောက် ကာကွယ်ခြင်းပါ)
ဒါကတော့ ဘဏ်တွေနဲ့ စာချုပ်စရာမလိုဘဲ လုပ်ငန်းလည်ပတ်ပုံကို ပြောင်းလဲတာပါ။
Matching - ကိုယ်က သွင်းကုန်တင်သွင်းသလို တစ်ဖက်မှာလည်း ပို့ကုန် (Export) လုပ်ငန်းပါ တွဲလုပ်တာပါ။ ပို့ကုန်ကနေရတဲ့ ဒေါ်လာကို သွင်းကုန်အတွက် ပြန်သုံးလိုက်ရင် ဒေါ်လာစျေး အတက်အကျဟာ သင့်အတွက် ဘာမှမဖြစ်တော့ပါဘူး။
Local Currency Invoicing - ကုန်ပစ္စည်းမှာတဲ့အခါ ဒေါ်လာနဲ့မဟုတ်ဘဲ မြန်မာကျပ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေနဲ့ တိုက်ရိုက်ပေးချေဖို့ ညှိနှိုင်းတာမျိုး ဖြစ်ပါတယ်။
Inventory Hedging (ကုန်ပစ္စည်းကြိုတင်ဝယ်ယူခြင်း)
ဒေါ်လာစျေး တက်တော့မယ်လို့ ခန့်မှန်းရရင် လက်ထဲမှာ ငွေသားကို ကျပ်ငွေနဲ့ မထားဘဲ ကုန်ပစ္စည်းကို ကြိုတင်မှာယူပြီး Stock လှောင်ထားတာမျိုးပါ။
အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ Hedging လုပ်တယ်ဆိုတာ အမြတ်အများကြီးရဖို့ ထက် မမျှော်လင့်တဲ့ အရှုံးတွေကြောင့် လုပ်ငန်းမပြိုလဲဖို့ အာမခံချက်ယူတာ ဖြစ်ပါတယ်။
Forex ဆိုတာနောက်ထပ်သိရမှာကတော့ တန်ဖိုးဖြတ်ခြင်း ဖြစ်ပါတယ်။
၂။ တန်ဖိုးဖြတ်ခြင်းရဲ့ အနုပညာ (The Art of Valuation)
နိုင်ငံတစ်ခုရဲ့ ငွေကြေးတန်ဖိုး တက်တာ၊ ကျတာဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေး ကျန်းမာရေးအခြေအနေကို ပြသတာပါ။
နိုင်ငံအချင်းချင်း အားပြိုင်ပွဲ တစ်ခုနဲ့ တူပါတယ်။ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး တောင့်တင်းရင်၊ ပို့ကုန်တွေ များများပို့နိုင်ရင် ကိုယ့်ငွေတန်ဖိုးက မာလာတတ်ပါတယ်။ တစ်ဖက်မှာလည်း အဲဒီငွေကြေး အတက်အကျဟာ သာမန်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်း (Purchasing Power) ကို တိုက်ရိုက် သက်ရောက်စေပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလို သွင်းကုန်အပေါ် မှီခိုနေရတဲ့ နိုင်ငံတွေမှာ ငွေကြေးတန်ဖိုး ကျဆင်းတာဟာ သာမန်လူတွေရဲ့ ထမင်းဝိုင်းအထိ ရိုက်ခတ်မှု ပြင်းထန်တယ်။
ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် ဝယ်ယူနိုင်စွမ်း (Purchasing Power) ဘယ်လို ကျဆင်းသွားသလဲဆိုတာကို ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အစီရင်ခံစာ အချက်အလက်တွေကြည့်ပြီး တန်းသိနိုင်မှာပါ။
မြန်မာနိုင်ငံမှာဆိုရင် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုး သိသိသာသာ ကျဆင်းသွားတာက လူတွေရဲ့ လူနေမှုစရိတ်ကို တိုက်ရိုက် မြင့်တက်၊ အထူးသဖြင့် စက်သုံးဆီနှင့် စားအုန်းဆီလိုမျိုး သွင်းကုန်တွေကို အဓိက အားထားနေရတာဖြစ်လို့ ဒေါ်လာဈေး တက်လာတာနဲ့ ကုန်ဈေးနှုန်းတွေလည်း လိုက်မြင့်တက်လာတာပဲ (World Bank, 2024)။
ဥပမာ -
အရင်ကဆိုရင် လူတစ်ဦးက ၁၀,၀၀၀ ဖြင့် မိသားစုအတွက် တစ်ပတ်စာ စားအုန်းဆီနှင့် ဆန်ကို ဝယ်ယူနိုင်ခဲ့သည်ဆိုပါစို့
အခုကတော့ ကျပ်ငွေတန်ဖိုး ကျဆင်းသွားလို့ ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းက ၁၅,၀၀၀ ဖြစ်သွားတယ်။ အဲ့အခါ လူတစ်ဦးရဲ့ ကျပ် ၁၀,၀၀၀ က အရင်ကဝယ်နိုင်သော ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းခန့် ကိုသာ ဝယ်ယူနိုင်မှာ မဟုတ်ဘူးလား။
ဝယ်ယူနိုင်စွမ်း ကျဆင်းတယ်ဆိုတာက အခြေခံလူတန်းစားတွေရဲ့ အာဟာရ ပြည့်ဝစွာ စားသောက်နိုင်တာ၊ ကျန်းမာရေးစရိတ်တွေ စတာတွေကိုပါ ထိခိုက်စေပါတယ်(World Bank, 2024)။ ပို့ကုန်နည်ပြီး သွင်းကုန်အပေါ် မှီခိုနေရသော နိုင်ငံတွေမှာ ပြည်တွင်းငွေကြေး မာကျောမှုနည်းရင် လူတွေက ငွေကြေးဖောင်းပွမှု ဒဏ်ကို အပြင်းအထန် ခံရပါတယ်။
၃။ Butterfly Effect - လိပ်ပြာတောင်ပံခတ်သံမှသည် မုန်တိုင်းဆီသို့
ကမ္ဘာ့အခြားတစ်ဖက်မှာရှိတဲ့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း တိုးလိုက်တာဟာ ကျွန်တော်တို့ဆီက ဆန်ဈေး၊ ဆီဈေးကို လာပြီး ဂယက်ရိုက်စေပါတယ်။
ဒါဟာ Forex ရဲ့ ကြောက်စရာကောင်းသလို စိတ်လှုပ်ရှားစရာလည်း ကောင်းတဲ့ အချက်ပါ။ နိုင်ငံတကာ သတင်းတွေ၊ ပဋိပက္ခတွေ၊ ကုန်သွယ်ရေး မူဝါဒတွေအားလုံးဟာ ဒီဈေးကွက်ကြီးထဲမှာ အရည်ပျော်ပြီး ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲသွားကြပါတယ်။
Forex (Foreign Exchange) ဆိုတဲ့ ဈေးကွက်ကြီးထဲမှာ ဘာတွေပါဝင်ပြီး ဘယ်သူတွေက အဓိက ကစားနေကြသလဲဆိုတာကို နားလည်လွယ်အောင် အပိုင်း (၃) ပိုင်းနဲ့ ခွဲခြားပြပါမယ်။
ကုန်သွယ်တဲ့ အရာ (What is traded?)
Forex မှာ အဓိက အရောင်းအဝယ်လုပ်တာက နိုင်ငံတကာ ငွေကြေး ပါ။ ဒါပေမဲ့ တစ်ခုချင်း ရောင်းတာမဟုတ်ဘဲ Currency Pairs (ငွေကြေးအတွဲများ) အလိုက် တွဲပြီး အရောင်းအဝယ် လုပ်ကြပါတယ်။
Major Pairs - ကမ္ဘာ့စီးပွားရေးမှာ အသုံးအများဆုံးအတွဲ (ဥပမာ - EUR/USD, USD/JPY, GBP/USD)။
Minor/Cross Pairs - ဒေါ်လာမပါတဲ့ အတွဲတွေ (ဥပမာ - EUR/GBP, GBP/JPY)။
Exotic Pairs - ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးအတွဲ (ဥပမာ - USD/SGD, USD/THB)။
ဈေးကွက်ထဲက အဓိက ဇာတ်ဆောင်များ (Market Participants)
ဒီဈေးကွက်ကြီးကို ဘယ်သူတွေက ထိန်းချုပ်မောင်းနှင်နေသလဲဆိုတာ သိဖို့ အရေးကြီးပါတယ် (Mishkin, 2013) ။
Central Banks (ဗဟိုဘဏ်တွေ) - နိုင်ငံတစ်ခုချင်းစီရဲ့ ဗဟိုဘဏ်တွေ (ဥပမာ - US Federal Reserve) က ငွေကြေးတန်ဖိုး တည်ငြိမ်အောင် အတိုးနှုန်းတွေ၊ မူဝါဒတွေနဲ့ ထိန်းကျောင်းပါတယ်။
Commercial Banks (စီးပွားရေးဘဏ်) - ဈေးကွက်ထဲမှာ အရောင်းအဝယ် အများဆုံးလုပ်တာက ဒီဘဏ်ကြီးတွေ (Interbank Market) ပါပဲ။
Investment Managers & Hedge Funds -ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ရဖို့ ငွေအလုံးအရင်းနဲ့ ကစားသူတွေပါ။
Multinational Corporations (နိုင်ငံတကာ ကုမ္ပဏီ) - Apple သို့မဟုတ် Toyota လို ကုမ္ပဏီတွေက ပစ္စည်းဖိုးချေဖို့၊ လုပ်ခပေးဖို့အတွက် ငွေတွေ အကြီးအကျယ် လဲလှယ်ကြပါတယ်။
Retail Traders (တစ်ဦးချင်း ကုန်သွယ်သူတွေ) - ဖုန်း သို့မဟုတ် ကွန်ပျူတာကနေ အမြတ်ရဖို့ အရောင်းအဝယ်လုပ်သူတွေ ပါ။
Economic Factors (စီးပွားရေး အချက်အလက်) - နိုင်ငံတစ်ခုရဲ့ GDP၊ အလုပ်လက်မဲ့နှုန်းနဲ့ အထက်မှာ ပြောခဲ့တဲ့ Inflation (ငွေကြေးဖောင်းပွမှု) တွေ ပါဝင်ပါတယ်။
Political Factors (နိုင်ငံရေး အချက်အလက်) - ရွေးကောက်ပွဲများ၊ စစ်ပွဲများ၊ နိုင်ငံတကာ ပဋိပက္ခများနှင့် မူဝါဒ အပြောင်းအလဲ။
Market Sentiment (ဈေးကွက် စိတ်နေစိတ်ထား) - Trader တွေက ရှေ့အနာဂတ်မှာ ဘာဖြစ်မယ်လို့ တွေးကြသလဲဆိုတဲ့ အချက် (ဥပမာ - အကြောက်တရား သို့မဟုတ် ယုံကြည်မှု)။
ကျွန်တော်ကတော့ Forex ကို ပင်လယ်ပြင်ကြီး လို့ မြင်ပါတယ်။ ပင်လယ်ပြင်ကြီး သာယာနေတဲ့အချိန်မှာ ခရီးသွားရတာ အဆင်ပြေပေမဲ့၊ မုန်တိုင်းထန်လာရင်တော့ (ငွေဈေးတွေ အဆမတန် ကစားလာရင်တော့) ဘယ်လောက်ကြီးတဲ့ သင်္ဘောကြီး (လုပ်ငန်းကြီး) ဖြစ်ပါစေ၊ ဂရုတစိုက် မကိုင်တွယ်ရင် မှောက်သွားနိုင်ပါတယ်။
Forex ဆိုတာ ဂဏန်းတွေချည်းပဲ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ စီးပွားရေး အင်အားနဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းကို တိုင်းတာတဲ့ ပေတံ တစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Forex ကို နားလည်ထားတာဟာ ကိုယ့်လုပ်ငန်းကို အကာအကွယ်ပေးမယ့် အကာအကွယ် နံရံ တစ်ခု တည်ဆောက်ထားတာနဲ့ တူပါတယ်ခင်ဗျာ။
References
Madura, J. (2012). International financial management (11th ed.). Mason, OH: South-Western Cengage Learning.
Mishkin, F. S. (2013). The economics of money, banking and financial markets (10th ed.). Boston, MA: Pearson.
World Bank. (2024). Myanmar Economic Monitor June 2024: Resilient yet Vulnerable. Retrieved from

Comments
Post a Comment