Chapter 2.1 (Financial Management) : Introduction to Finance ငွေကြေးစီမံခန့်ခွဲမှု၏ အခြေခံအုတ်မြစ်


Chapter 2.1 (Financial Management) : Introduction to Finance ငွေကြေးစီမံခန့်ခွဲမှု၏ အခြေခံအုတ်မြစ်

ဒိတစ်ခေါက်မျှဝေခြင်တာကတော့ စာရင်းကိုင်ပညာ (Accounting) ရဲ့ အစ်ကိုကြီးဖြစ်တဲ့ Finance (ဘဏ္ဍာရေးစီမံခန့်ခွဲမှု) အကြောင်းပါပဲ။ စာရင်းကိုင်က ဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်တာဆိုရင်၊ Finance ကတော့ အဲဒီမှတ်တမ်းတွေကိုကြည့်ပြီး "ရှေ့ဆက် ဘာလုပ်မလဲ၊ ပိုက်ဆံကို ဘယ်လိုကစားမလဲ" ဆိုတာကို ဆုံးဖြတ်ရတဲ့ ပညာရပ်ဖြစ်ပါတယ်။

Finance ဆိုတာ ဘာလဲ? (What is Finance?)

အရိုးရှင်းဆုံးပြောရရင် Finance ဆိုတာ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းတွေကို စီမံခန့်ခွဲခြင်း ပါပဲ။ ဒါပေမဲ့ ပိုက်ဆံကို သိမ်းထားရုံတင် မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုရဲ့ တန်ဖိုး (Value) ကို ဘယ်လိုထိန်းသိမ်းမလဲ၊ အဲဒီတန်ဖိုးကို ဘယ်လိုနည်းနဲ့ ထပ်တိုးအောင်လုပ်မလဲဆိုတဲ့ ငွေကစားနည်း ဗျူဟာတွေလည်း ပါဝင်ပါတယ်။

  •  Finance ဆိုတာ လုပ်ငန်းတစ်ခုရဲ့  ဦးနှောက် လိုပါပဲ။ လက်ထဲမှာရှိတဲ့ ငွေသား (Cash) တွေ၊ ချက်ချင်းငွေဖော်လို့ရတဲ့ အရာတွေကို ဘယ်နေရာမှာ အထိရောက်ဆုံး သုံးမလဲဆိုတာကို တွေးရတဲ့ ပညာရပ်ပါ။ လုပ်ငန်းတစ်ခု ကြီးပွားလာဖို့ဆိုတာ အရောင်းကောင်းရုံနဲ့ မရပါဘူး၊ ရလာတဲ့ငွေကို Finance ကျကျ စီမံနိုင်မှသာ ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။

၂။ ဘာကြောင့် လုပ်ငန်းတွေမှာ Finance (ငွေကြေးစီမံမှု) လိုအပ်တာလဲ?

လုပ်ငန်းတစ်ခုဟာ လူတစ်ယောက်ဆိုရင် ငွေကြေးဆိုတာ သွေး ပါပဲ။ သွေးမရှိရင် လူမရှင်သန်နိုင်သလို၊ ငွေကြေးစီမံမှု မရှိရင်လည်း လုပ်ငန်းဟာ ရပ်တန့်သွားမှာပါ။ အဓိကအားဖြင့် အောက်ပါ အချက် (၄) ချက်ကြောင့် ဖြစ်ပါတယ်။

  • Start-up (လုပ်ငန်းစတင်ရန်) - အကြံအစည် (Idea) တွေ ဘယ်လောက်ကောင်းကောင်း၊ အကောင်အထည်ဖော်ဖို့  မျိုးစေ့ချငွေ လိုပါတယ်။ ရုံးခန်းငှားခ၊ ကုန်ကြမ်းဝယ်ခ စတဲ့ အစပြုစရိတ်တွေအတွက် Finance က မရှိမဖြစ်ပါ။

  • Expansion (လုပ်ငန်းတိုးချဲ့ရန်) - ဆိုင်တစ်ဆိုင်ကနေ နှစ်ဆိုင်ဖြစ်ချင်တယ်၊ မြို့တစ်မြို့ကနေ တစ်နိုင်ငံလုံး ဖြန့်ချင်တယ်ဆိုရင် ငွေအင်အားအများကြီး လိုလာပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ငွေသုံးမလား၊ ချေးငွေယူမလားဆိုတာ Finance က ဆုံးဖြတ်ပေးရပါတယ်။

  • Day-to-day Operations (နေ့စဉ်လည်ပတ်စရိတ်များ) - ဝန်ထမ်းလစာပေးဖို့၊ မီးခိုးခ၊ ရေခိုးခနဲ့ ကုန်ကြမ်းဖိုးတွေ ပေးဖို့အတွက် လက်ထဲမှာ ငွေသားအမြဲရှိနေဖို့ လိုပါတယ်။ ဒါကို Working Capital Management လို့ ခေါ်ပါတယ်။

  • Asset Acquisition (ပိုင်ဆိုင်မှုများ ဝယ်ယူရန်) - လုပ်ငန်းခွင်မှာ ပိုမြန်ဆန်အောင် စက်ကိရိယာအသစ်တွေ၊ ကားအသစ်တွေ ဝယ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။


လုပ်ငန်းခွင်တိုင်းရဲ့ အမှန်တရားတစ်ခုကတော့  

"ပိုက်ဆံရှိတိုင်း လုပ်ငန်းအောင်မြင်တာ မဟုတ်ဘူး၊ ရှိတဲ့ပိုက်ဆံကို ဘယ်လိုစီမံသလဲ (Finance)"  
ကသာ အဆုံးအဖြတ်ပေးတာပါ။

အချို့လုပ်ငန်းတွေဟာ အရောင်းတွေ အရမ်းကောင်းနေပေမယ့် Finance စီမံခန့်ခွဲမှု အားနည်းလို့ (ဥပမာ- အကြွေးတွေ အဆမတန်ပေးထားမိလို့) ငွေသားပြတ်လပ်ပြီး လဲပြိုသွားတာမျိုးတွေ ရှိဖူးပါတယ်။ 


အရောင်းသွက်နေပေမဲ့ ငွေသားပြတ်လပ်ပြီး လဲပြိုသွားတဲ့သာဓကတွေထဲမှာ Toys "R" Us ရဲ့ ဖြစ်ရပ်ဟာ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးလောကအတွက် အလွန်သင်ခန်းစာရစေတဲ့ "အနိဋ္ဌာရုံ" တစ်ခုပါပဲ။ ဒါဟာ ကိန်းဂဏန်းတွေသက်သက်မဟုတ်ဘဲ အိမ်မက်တွေ ဘယ်လိုအကြွေးနွံနစ်ခဲ့သလဲဆိုတဲ့ သင်ခန်းစာဖြစ်ပါတယ်။

ကစားစရာကမ္ဘာကြီးရဲ့ နိဂုံး 

ကလေးတိုင်းရဲ့ နိဗ္ဗာန်ဘုံဖြစ်ခဲ့တဲ့ Toys "R" Us ဟာ တစ်ချိန်က ကမ္ဘာ့ကစားစရာဈေးကွက်ရဲ့ ဘုရင်ပါ။ အရောင်းဆိုင်ခွဲပေါင်းများစွာ၊ နှစ်စဉ်ဝင်ငွေ ဘီလီယံနဲ့ချီပြီး အရောင်းတွေကတော့ တဟုန်ထိုး ကောင်းနေခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ လဲပြိုမှုဟာ "အရောင်းမရှိလို့" မဟုတ်ဘဲ "ငွေသားစီမံခန့်ခွဲမှု (Cash Management)" နဲ့ "အကြွေးဝန်ထုပ်ဝန်ပိုး (Debt Burden)" ကြောင့် ဖြစ်ခဲ့ရတာပါ။

 ကျွန်တော်တို့ လုပ်ငန်းခွင်မှာ အရောင်းစာရင်း (Sales Revenue) ကိုကြည့်ပြီး ပျော်နေတတ်ကြပါတယ်။ ဒါပေမဲ့ Toys "R" Us ရဲ့ ဖြစ်ရပ်က "Revenue is Vanity, Cash is Sanity" (အရောင်းဆိုတာ ဂုဏ်ဒြပ်၊ ငွေသားဆိုတာမှ အမှန်တရား) ဆိုတာကို သက်သေပြခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ကုမ္ပဏီကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေက Leveraged Buyout (LBO) လို့ခေါ်တဲ့ နည်းလမ်းနဲ့ ဝယ်ယူခဲ့ကြတယ်။ အလွယ်ပြောရရင် ကုမ္ပဏီကိုဝယ်ဖို့ လိုအပ်တဲ့ငွေကို ကုမ္ပဏီရဲ့ Assets တွေနဲ့ အပေါင်ထားပြီး အကြွေးအများကြီးယူကာ ဝယ်လိုက်တာပါ။

အဲဒီအချိန်ကစပြီး Toys "R" Us ရဲ့ ပခုံးပေါ်မှာ ဒေါ်လာ ၅ ဘီလီယံကျော်တဲ့ Non-Current Liabilities (ကာလရှည်အကြွေး) ကြီး တင်သွားပါတော့တယ်။ အရောင်းတွေ ဘယ်လောက်ကောင်းကောင်း၊ ရလာတဲ့အမြတ်တွေဟာ အကြွေးအတိုးဆပ်ဖို့နဲ့တင် ကုန်နေခဲ့တယ်။ လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ (ဥပမာ- Online Shopping စနစ်ကောင်းအောင်လုပ်ဖို့) ငွေမသုံးနိုင်တော့ဘူး။ နောက်ဆုံး ၂၀၁၇ ခုနှစ်မှာတော့ ပေးရန်ရှိတာတွေကို အချိန်မီမဆပ်နိုင်တော့ဘဲ (Insolvency) ဒေဝါလီခံလိုက်ရပါတော့တယ်။

ဒါဟာ လုပ်ငန်းရှင်တစ်ယောက်အတွက် အကြီးမားဆုံး သတိပေးချက်ပါ။ ကိုယ့်ဆိုင်မှာ လူတွေစည်ကားနေရုံ၊ အမှာစာတွေ တက်နေရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီအရောင်းတွေကနေ အကြွေး (Liabilities) တွေကို ဖယ်ထုတ်လိုက်ရင် အသားတင်ငွေသား (Cash Flow) ဘယ်လောက်ကျန်သလဲဆိုတာကမှ တကယ့် အသက်ရှူလမ်းကြောင်း ဖြစ်ပါတယ်။

ဒါကြောင့် Finance ဆိုတာ "အကောင်းဆုံး မျှခြေ" ကို ရှာဖွေရတဲ့ အနုပညာတစ်ခုပါ။ သို့ပေမယ့် "ငွေကို ရှာတတ်ရုံနဲ့ မလုံလောက်ပါဘူး၊ ရှာရလာတဲ့ ငွေကို ကိုယ့်အတွက် ပြန်ပြီး အလုပ်လုပ်ခိုင်းတတ်ဖို့ (To make money work for you) က ပိုအရေးကြီးပါတယ်" လို့ ကျွန်တော်တို့ သတိမူ သင့် ပါတယ်။ ဒါကြောင့် Finance ဆိုတာ လုပ်ငန်းရှင်တိုင်း၊ စာရင်းကိုင်တိုင်း မဖြစ်မနေ တတ်မြောက်ထားရမယ့် "ရှင်သန်ခြင်းပညာရပ်" ပဲ ဖြစ်ပါကြောင်း..............

Reference

Saporito, B. (2017, September 19). Why Toys 'R' Us had to file for bankruptcy. Time. Retrieved from https://time.com/4948253/toys-r-us-bankruptcy-2/

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး