Chapter 2.5 (Financial Management) : Asset Management Decisions လုပ်ငန်းရဲ့ အင်အားစုများကို စီမံခန့်ခွဲခြင်း
Chapter 2.5 (Financial Management) : Asset Management Decisions လုပ်ငန်းရဲ့ အင်အားစုများကို စီမံခန့်ခွဲခြင်း
လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဍာရေးတိုက်ပွဲမှာ အောင်နိုင်ဖို့ဆိုရင် လက်နက်ကောင်းတွေရှိရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီလက်နက်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ Asset Management Decisions (ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များ) ကသာ အဓိကကျပါတယ်။
ဒါဟာ စာရင်းအင်းတွေချည်းပဲ မဟုတ်ဘဲ လုပ်ငန်းတစ်ခုရဲ့ လတ်တလော ကာလတိုအသက်ရှူနှုန်း နဲ့ ရေရှည်ရှင်သန်မှု ကြားမှာ ကစားရတဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုမှာ ပိုင်ဆိုင်မှု (Assets) တွေကို စီမံခန့်ခွဲရတဲ့ ဆုံးဖြတ်ချက်တွေကို အဓိကအားဖြင့် အပိုင်း (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။
အဲဒါကတော့ ရေရှည်ခိုင်မာမှု (Non-current assets) နဲ့
ကာလတိုသွေးလည်ပတ်မှု (Current assets) ပဲ ဖြစ်ပါတယ်။
၁။ Non-Current Assets Decisions (ရေရှည်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များ)
လုပ်ငန်းရဲ့ အရိုးအဆစ်တွေဖြစ်တဲ့ မြေယာ၊ အဆောက်အအုံနဲ့ စက်ယန္တရားတွေကို စီမံတာပါ။ ဒီနေရာမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိရင် လုပ်ငန်းတစ်ခုလုံး ရေရှည်မှာ ထိခိုက်သွားနိုင်ပါတယ်။
ဥပမာ - လုပ်ငန်းနဲ့ မကိုက်ညီတဲ့ စက်ကြီးတွေကို အကုန်အကျခံ ဝယ်လိုက်မိရင် ငွေတွေ အကြာကြီးနစ်နေတတ်ပါတယ်။
၂။ Current Assets Decisions (ကာလတိုလည်ပတ်မှု ဆုံးဖြတ်ချက်များ)
ဒါကတော့ လုပ်ငန်းရဲ့ နေ့စဉ် သွေးလည်ပတ်မှု ကို စီမံတာပါ။ ဒီနေရာမှာ အရေးအကြီးဆုံးက Working Capital (လုပ်ငန်းလည်ပတ်ငွေ) ကို သခေပလည်အောင် ထိန်းညှိဖို့ ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုရဲ့ လည်ပတ်နိုင်စွမ်းကို သိချင်ရင် အောက်က ညီမျှခြင်းလေးကို ကြည့်ရပါတယ်။
Non-Current Assets (Fixed Assets)ကဘာတွေလဲ
လုပ်ငန်းမှာ ၁ နှစ်ထက်ကျော်ပြီး ရေရှည်အသုံးပြုမယ့်၊ ပြန်ရောင်းဖို့ထက် လုပ်ငန်းလည်ပတ်ဖို့ ရည်ရွယ်တဲ့ ပိုင်ဆိုင်မှုတွေပါ။
Land (မြေယာ) - လုပ်ငန်းတည်ရှိတဲ့ မြေနေရာ။
Buildings (အဆောက်အအုံ) - ရုံးခန်း၊ စက်ရုံ၊ ဂိုဒေါင်။တွေ
Machinery & Equipment (စက်ယန္တရားနှင့် ကိရိယာ) - ကုန်ထုတ်လုပ်မှုအတွက် သုံးသော စက်ကြီးတွေ ။
Motor Vehicles (မော်တော်ယာဉ်) - ကုန်တင်ကား၊ ဝန်ထမ်းကြိုပို့ကား၊ လုပ်ငန်းသုံးကားတွေ။
Furniture & Fixtures (ပရိဘောဂနှင့် ဆက်စပ်ပစ္စည်း) - ရုံးသုံး စားပွဲ၊ ကုလားထိုင်၊ လေအေးပေးစက်တွေ။
Intangible Assets (ဒြပ်မဲ့ပိုင်ဆိုင်မှု) - မျက်စိနဲ့ မမြင်ရပေမယ့် တန်ဖိုးရှိတဲ့အရာတွေ (ဥပမာ - Software ၊ Goodwill (နာမည်ကောင်းတန်ဖိုး)၊ Patents (မူပိုင်ခွင့်)၊ Trademarks (ကုန်အမှတ်တံဆိပ်) စတာတွေပါ။
Current Assets ဆိုတာကတော့ ၁ နှစ်အတွင်း ငွေသားအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တဲ့ သို့မဟုတ် သုံးစွဲသွားမယ့် သွေးလည်ပတ်မှုကို အားကောင်းတဲ့ ပိုင်ဆိုင်မှုတွေပါ။
Inventory / Stocks (ကုန်လက်ကျန်) - ရောင်းဖို့ အသင့်ရှိတဲ့ ကုန်ပစ္စည်းများ၊ ကုန်ကြမ်း။
Accounts Receivable / Debtors (ရရန်ရှိစာရင်း) - ကုန်ပစ္စည်းကို အကြွေးရောင်းထားလို့ ဝယ်သူဆီက ပြန်ရဖို့ရှိတဲ့ ငွေတွေ။
Cash in Hand (လက်ဝယ်ရှိငွေ) - လုပ်ငန်းထဲမှာ လက်ငင်းရှိနေတဲ့ ငွေသား။
Cash at Bank (ဘဏ်ရှိငွေ) - ဘဏ်စာရင်းထဲက အလွယ်တကူ ထုတ်သုံးနိုင်တဲ့ ငွေ။
Prepaid Expenses (ကြိုတင်ပေးစရိတ်များ) - ကြိုတင်ပေးထားတဲ့ အာမခံကြေး ဒါမှမဟုတ် အိမ်လခ။
Short-term Investments (ရေတိုရင်းနှီးမြှုပ်နှံမှု) - အချိန်တိုအတွင်း ပြန်ထုတ်လို့ရမယ့် ငွေချေးသက်သေခံလက်မှတ်။
သတိထားရမှာက
Current Assets (ငွေသား၊ ကုန်ပစ္စည်း၊ ရရန်ရှိငွေ) က များနေပြီး၊
Current Liabilities (တစ်နှစ်အတွင်း ဆပ်ရမည့်အကြွေး) က နည်းနေမှသာ၊
လုပ်ငန်းဟာ Positive Working Capital ဖြစ်ပြီး အေးအေးဆေးဆေး လည်ပတ်နိုင်မှာပါ။
လုပ်ငန်းရှင်တော်တော်များများဟာ အဆောက်အအုံကြီးတွေ၊ ကားအကောင်းစားကြီးတွေရှိရင် ငါ့လုပ်ငန်းက တောင့်တင်းပြီ လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ Non-current assets (စက်ပစ္စည်းကြီးတွေ) ဘယ်လောက်ရှိရှိ၊ ဝန်ထမ်းလစာပေးဖို့နဲ့ ကုန်ကြမ်းဝယ်ဖို့ Current Assets (ငွေသား) မရှိတော့ရင် အဲဒီလုပ်ငန်းဟာ အသက်ရှူရပ် သွားတတ်ပါတယ်။
စာရင်းဇယားတွေပေါ်မှာ အမြတ်ငွေတွေ သန်းနဲ့ချီပြနေပေမယ့် လက်ထဲမှာ ဝန်ထမ်းလစာပေးဖို့ တစ်ကျပ်မှမရှိဘဲ အရှက်တကွဲ ပြိုလဲသွားရတာမျိုးက စီးပွားရေးလောကရဲ့ အသည်းအနာဆုံး ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါကို (အမြတ်ဆိုတာ အမြင်တစ်ခုသာဖြစ်ပြီး၊ ငွေသားကသာ အမှန်တရားဖြစ်တယ်) လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ဒီလို စာရွက်ပေါ်က အမြတ် ကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့တာကတော့ ဗြိတိန်နိုင်ငံရဲ့ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကုမ္ပဏီကြီးဖြစ်တဲ့ Carillion ပါ။
စာရွက်ပေါ်မှာ နန်းတော်ဆောက်ပြီး လက်တွေ့မှာ ပြိုလဲခဲ့တဲ့ Carillion
Carillion ဟာ ဗြိတိန်အစိုးရရဲ့ စီမံကိန်းကြီးပေါင်းများစွာ (ဆေးရုံတွေ၊ လမ်းတံတားတွေ) ကို တာဝန်ယူထားတဲ့ ဘီလီယံနာ ကုမ္ပဏီကြီးပါ။ ၂၀၁၆ ခုနှစ်အထိ သူတို့ရဲ့ စာရင်းဇယားတွေမှာ အမြတ်တွေ အကြီးအကျယ် ထွက်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ကြောက်စရာကောင်းတဲ့ ငွေသားပြတ်လပ်မှု (Cash Flow Crisis) အဆိပ်သင့်နေခဲ့တာပါ (House of Commons, 2018)။
ဘာမှားခဲ့လို့လဲ
အကြွေးရောင်းတာ (Receivable) များလွန်းတာ
အစိုးရစီမံကိန်းတွေဆိုတာ စာရင်းအရ အမြတ်ကြီးပေမယ့် ငွေတကယ်ဝင်ဖို့က နှစ်နဲ့ချီ စောင့်ရတတ်ပါတယ်။ Carillion ဟာ ငွေမဝင်သေးဘဲ စာရင်းထဲမှာပဲ ရရန်ရှိ အဖြစ် ပြနေခဲ့တာပါ။
Working Capital ပိတ်မိတာ
စီမံကိန်းတွေအတွက် ကုန်ကျစရိတ်တွေက အရင်စိုက်ထုတ်နေရပြီး ဝင်ငွေက နောက်ကျနေတဲ့အခါ လက်ထဲမှာ ငွေသားပြတ်သွားပါတယ်။
Aggressive Accounting
သူတို့ဟာ မရသေးတဲ့ အမြတ်တွေကို ရတော့မလိုလိုနဲ့ စာရင်းထဲမှာ ကြိုတင်ထည့်သွင်းပြခဲ့ကြပါတယ်။
နောက်ဆုံး ၂၀၁၈ ခုနှစ်မှာတော့ ဝန်ထမ်းပေါင်း ၄၃,၀၀၀ ကျော်ရဲ့ အနာဂတ်နဲ့အတူ ကုမ္ပဏီကြီးဟာ ငွေသားမရှိတော့လို့ ဒေဝါလီခံလိုက်ရပါတော့တယ်။ စာရင်းထဲမှာ အမြတ်ပြနေတုန်းမှာတင် ပြိုလဲသွားတာဖြစ်လို့ တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရပါတယ်။
ဒီဖြစ်ရပ်က ကျွန်တော်တို့ ပတ်ဝန်းကျင်က ဘဝတွေနဲ့လည်း တူပါတယ်။ လူတစ်ယောက်ဟာ အပြင်ပန်းကြည့်ရင် တိုက်နဲ့ ကားနဲ့၊ ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပိုင်ဆိုင်မှုတွေက ချက်ချင်း ငွေဖော်လို့မရတဲ့ အရာတွေ ဖြစ်နေပြီး၊ တစ်ဖက်မှာလည်း နေ့စဉ်စားဝတ်နေရေးနဲ့ အကြွေးတွေက ဝိုင်းနေရင် အဲ့ဒီလူဟာ ချမ်းသာတဲ့ ဆင်းရဲသား ပါပဲ။
လုပ်ငန်းခွင်မှာလည်း "Sales is Vanity, Profit is Sanity, but Cash is Reality" ဆိုတဲ့ စကားကို အမြဲ နှလုံးသွင်းသင့်ပါတယ်။
ရောင်းအားကောင်းတာက ဂုဏ်ယူစရာ (Vanity)။
အမြတ်ရှိတာက စိတ်ချမ်းသာစရာ (Sanity)။
ဒါပေမဲ့ ငွေသား (Cash) ရှိနေမှသာ ခရီးဆက်နိုင်မယ့် အမှန်တရား (Reality) ဖြစ်ပါတယ်။
လက်ထဲမှာ ငွေမရှိဘဲ အကြွေးရောင်းတာ (Accounts Receivable) တွေပဲ များနေတာဟာ ရေငတ်နေတဲ့သူကို ရွှေတုံးတွေ ပေးထားသလို ပါပဲ။ ရွှေတုံးက တန်ဖိုးရှိပေမယ့် အဲ့ဒီအချိန်မှာ သူတကယ်လိုအပ်တာက အသက်ရှင်ဖို့ ရေတစ်ခွက် (Cash) သာ ဖြစ်ပါတယ်။
ဒါကြောင့် Asset Management Decision ဆိုတာ ချိန်ခွင်လျှာ ညှိရတာပါ။
ပိုက်ဆံတွေကို Non-current assets ထဲမှာပဲ အကုန်ထည့်ထားရင် လည်ပတ်ငွေပြတ်လပ်မယ်။
ပိုက်ဆံတွေကို Current assets (ငွေသား) ထဲမှာပဲ အပုံလိုက်ထားပြန်ရင်လည်း ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်မထွက်ဘဲ ဖြစ်နေမယ်။
စစ်မှန်တဲ့ စီမံခန့်ခွဲသူဆိုတာ ရေရှည်အတွက်လည်း အခြေခိုင်အောင် တည်ဆောက်ရင်း၊ တစ်ဖက်ကလည်း နေ့စဉ်လည်ပတ်မှု (Working Capital) မပြတ်တောက်အောင် ပါးပါးနပ်နပ် ကစားတတ်သူကို ခေါ်တာဖြစ်ပါတယ် လို့ ခံစားမိကြောင်း။
References
House of Commons. (2018). Carillion: Second Joint Report from the Business, Energy and Industrial Strategy and Work and Pensions Committees of Session 2017–19. London, UK: Stationery Office.

Comments
Post a Comment