Chapter 1.14 (Financial Management) : Accounting Equation လုပ်ငန်းတစ်ခု၏ မျှခြေနှင့် အနှစ်သာရ
Chapter 1.14 (Financial Management) : Accounting Equation လုပ်ငန်းတစ်ခု၏ မျှခြေနှင့် အနှစ်သာရ
စာရင်းကိုင်ပညာရဲ့ အသက်ဝိညာဉ်ဖြစ်သလို၊ ဘယ်လောက်ကြီးမားတဲ့ ကုမ္ပဏီကြီးပဲဖြစ်ဖြစ် ညီမျှခြင်းတစ်ခုပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ထားရတာဆိုရင် ထူးဆန်းတယ်မထင်လိုက်ပါနဲ့ ။ ဒါကိုတော့ Accounting Equation (စာရင်းကိုင်ညီမျှခြင်း) လို့ခေါ်ကြပါတယ်။
ဒီညီမျှခြင်းဟာ သင်္ချာသဘောတရားတင်မကဘဲ လုပ်ငန်းတစ်ခုရဲ့ ပိုင်ဆိုင်မှုနဲ့ တာဝန်ယူမှုတွေကြားက "မျှခြေ" ကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။
ဒီစာရင်းလောကရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ညီမျှခြင်းကတော့:
မြန်မာလိုဆိုရင်တော့
ပိုင်ဆိုင်မှု = ပေးရန်တာဝန် + ပိုင်ရှင်ရင်းနှီးမြှုပ်နှံမှု လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကို Finance Equation လို့လည်း ခေါ်ကြပါတယ်။
၁။ Assets (ပိုင်ဆိုင်မှုများ) - ငါတို့ ဘာတွေရှိသလဲ?
Assets ဆိုတာ လုပ်ငန်းက ပိုင်ဆိုင်ပြီး အနာဂတ်မှာ အကျိုးအမြတ်ရရှိစေမယ့် အရာမှန်သမျှပါ။ ငွေသား၊ ကုန်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ စတာတွေ အားလုံး ပါဝင်ပါတယ်။
ဒါဟာ ကျွန်တော်တို့ ရှာဖွေစုဆောင်းထားတဲ့ အင်အား တွေလို့ အလွယ်ပြောလို့ရပါတယ်။
၂။ Liabilities (ပေးရန်တာဝန်များ) - သူများကို ဘာတွေပေးရဦးမလဲ?
Liabilities ဆိုတာကတော့ ပြင်ပလူတွေ (ဥပမာ- ဘဏ်၊ ကုန်ပစ္စည်းပေးသွင်းသူ) ဆီကနေ ချေးယူထားတာတွေ ဒါမှမဟုတ် ပေးဖို့ကျန်နေတဲ့ တာဝန်တွေ ဖြစ်ပါတယ်။
အကြွေး ဆိုတာ အမြဲတမ်း မကောင်းတာ မဟုတ်ပါဘူး။ လုပ်ငန်းချဲ့ထွင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ် တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။
ဒါပေမဲ့ ပိုင်ဆိုင်မှုထက် များမသွားဖို့တော့ အရေးကြီးပါတယ်။
၃။ Equity (ပိုင်ရှင်၏ ရင်းနှီးမြှုပ်နှံမှု) - တကယ့်ကိုယ့်အပိုင်က ဘယ်လောက်လဲ?
ဒါကတော့ ပိုင်ဆိုင်မှုအားလုံးထဲကနေ အကြွေး (Liabilities) တွေကို နှုတ်လိုက်ရင် ကျန်ရှိတဲ့ အသားတင် တန်ဖိုး ဖြစ်ပါတယ်။ ပိုင်ရှင်က စတင်ရင်းနှီးထားတဲ့ ငွေနဲ့ လုပ်ငန်းကရရှိတဲ့ အမြတ်တွေ ပေါင်းစပ်ထားတာပါ။
ဒီညီမျှခြင်းကို ကြည့်ပြီး "ဘာလို့ အမြဲတမ်း ညီနေရတာလဲ" လို့ စဉ်းစားမိကောင်းစဉ်းစားနိုင်ပါတယ်။ နောက်မှ သဘောပေါက်လာတာက - လုပ်ငန်းထဲကို ရောက်လာတဲ့ ပစ္စည်းမှန်သမျှ (Asset) ဟာ လေထဲကနေ ပေါ်လာတာ မဟုတ်ပါဘူး။
ပိုင်ရှင်က ကိုယ်ပိုင်ငွေနဲ့ ဝယ်တာလား (Equity)?
ဒါမှမဟုတ် သူများဆီက အကြွေးနဲ့ ဝယ်တာလား (Liabilities)?
ဒီနှစ်ခုထဲက တစ်ခုခုကနေပဲ လာတာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဒီညီမျှခြင်းဟာ အမြဲတမ်း မျှတ (Balance) နေရတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ ဒီညီမျှခြင်းကို နားလည်ထားခြင်းအားဖြင့် ကျွန်တော်တို့ဟာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အခြေအနေကို အပေါ်စီးကနေ ခြုံငုံမြင်နိုင်စွမ်း ရှိလာပါတယ်။ "ပိုင်ဆိုင်မှုတွေ တိုးလာပေမယ့် အဲဒီတိုးလာတာက အကြွေးတွေကြောင့်လား၊ တကယ့်အမြတ်ကြောင့်လား" ဆိုတာကို ဒီညီမျှခြင်းကပဲ အဖြေပေးနိုင်တာပါ။
ဒါကြောင့် Accounting Equation ဆိုတာ စာရွက်ပေါ်က သင်္ချာတင်မဟုတ်ဘဲ လုပ်ငန်းတစ်ခုရဲ့ "ရှင်သန်မှု ချိန်ခွင်လျှာ" ပဲ ဖြစ်ပါကြောင်း...........
Reference
International Accounting Standards Board. (2010). The conceptual framework for financial reporting. London, United Kingdom: IFRS Foundation Publications Department.

Comments
Post a Comment