Chapter 1.11 (Financial Management) : Financial Statements လုပ်ငန်း၏ နှလုံးခုန်သံကို တိုင်းတာခြင်း
Financial Statements ဆိုတာ ဂဏန်းတွေ စုပြထားတဲ့ စာရွက်တွေတင် မဟုတ်ပါဘူး။ ဒါဟာ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဘဏ်တွေအတွက်တော့ လုပ်ငန်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကြည့်ရတဲ့ "မှန်ဘီလူး" ကြီးတွေပါပဲ။ ဒါအပြင် လုပ်ငန်းတစ်ခုလုံးရဲ့ "ကျန်းမာရေး စစ်ဆေးချက်မှတ်တမ်း" တွေ လည်းဖြစ်ပါတယ်။ Trial Balance နဲ့ Adjustments တွေ ပြီးသွားပြီဆိုရင် ဒီ (၅) မျိုးကို ထုတ်ပြန်ရပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ဂုဏ်သိက္ခာကို ပြသတဲ့ အထောက်အထားတွေလည်း ဖြစ်ပါတယ်။ဒါတွေကတော့
၁။ Statement of Profit or Loss (အရှုံးအမြတ်စာရင်း)
၂။ Statement of Financial Position (Balance Sheet)
၃။ Statement of Changes in Equity (အစုရှယ်ယာရှင်များ၏ ရင်းနှီးငွေ အပြောင်းအလဲ)
၄။ Statement of Cash Flow (ငွေသားစီးဆင်းမှု စာရင်း)
၅။ Disclosures / Notes to Financial Statements (နောက်ဆက်တွဲ ရှင်းလင်းချက်များ) စတာတွေပဲ ဖြစ်ပါတယ်။
၁။ Statement of Profit or Loss (အရှုံးအမြတ်စာရင်း)
ဒါကတော့ လုပ်ငန်းရဲ့ "တိုက်ပွဲရလဒ်" ပါ။ တစ်နှစ်ပတ်လုံး ငါတို့ ဘယ်လောက် အားထုတ်ခဲ့သလဲ၊ ဘယ်လောက်ရခဲ့သလဲ၊ ဘာတွေ ကုန်သွားသလဲဆိုတာကို ပြသပါတယ်။
ဝင်ငွေ (Revenue) ထဲကနေ ကုန်ကျစရိတ် (Expenses) တွေကို နှုတ်လိုက်ရင် အမြတ်ကျန်သလား၊ ရှုံးသလား ဆိုတာကို အဖြေထုတ်ပေးတာပါ။ ဒါကိုကြည့်ပြီးမှ နောက်နှစ်မှာ ဝန်ထမ်းတွေကို Bonus ပေးနိုင်မလား၊ အသုံးစရိတ်တွေ လျှော့ရမလားဆိုတာ ဆုံးဖြတ်ရပါတယ်။
ဥပမာ - Statement of Profit or Loss (အရှုံးအမြတ်စာရင်း)
| အကြောင်းအရာ | ပမာဏ |
| Revenue (အရောင်းရငွေ) | 10,000 |
| Less: Cost of Goods Sold (ရောင်းကုန်တန်ဖိုး) | (4,000) |
| Gross Profit (အကြမ်းဖျင်းအမြတ်) | 6,000 |
| Less: Operating Expenses (လုပ်ငန်းလည်ပတ်စရိတ်များ) | (2,000) |
| Less: Depreciation (တန်ဖိုးလျော့စရိတ်) | (500) |
| Net Profit (အသားတင်အမြတ်) | 3,500 |
၂။ Statement of Financial Position (Balance Sheet)
ဒါကတော့ လုပ်ငန်းရဲ့ "ဓါတ်ပုံ" ပါပဲ။ သတ်မှတ်ထားတဲ့ ရက်စွဲတစ်ခုမှာ လုပ်ငန်းက ဘယ်လောက်အထိ အင်အားရှိသလဲဆိုတာကို ပြသပါတယ်။
လုပ်ငန်းမှာ ဘာတွေပိုင်သလဲ (Assets)? ဘယ်သူ့ကို ဘယ်လောက်ပေးဖို့ ရှိသလဲ (Liabilities)? ပိုင်ရှင်ကိုယ်တိုင် ရင်းနှီးထားတာ ဘယ်လောက်လဲ (Equity)? ဆိုတာကို ချိန်ခွင်လျှာ ညှိပြီး ပြသတာပါ။ ငါတို့ ပိုင်ဆိုင်မှုတွေက အကြွေးတွေထက် များရဲ့လား ဆိုတာကို ဒီနေရာမှာ ကြည့်ရပါတယ်။
ဒါကတော့ လုပ်ငန်းရဲ့ Assets = Liabilities + Equity ဆိုတဲ့ မျှခြေကို ပြသတဲ့ ဓါတ်ပုံပါ။
| Assets (ပိုင်ဆိုင်မှု) | $ | Liabilities & Equity (တာဝန်နှင့် အရင်း) | $ |
Non-current Assets | Equity | ||
| Furniture | 2,000 | Capital | 5,000 |
| Current Assets | Retained Earnings | 3,500 | |
| Inventory | 3,000 | Liabilities | |
| Cash at Bank | 4,500 | Bank Loan | 1,000 |
| Total Assets | 9,500 | Total Liabilities & Equity | 9,500 |
၃။ Statement of Changes in Equity (အစုရှယ်ယာရှင်များ၏ ရင်းနှီးငွေ အပြောင်းအလဲ)
ဒါကတော့ ပိုင်ရှင်တွေ ဒါမှမဟုတ် ရှယ်ယာရှင်တွေရဲ့ "ပိုက်ဆံအိတ်" အပြောင်းအလဲကို ပြတာပါ။
အစမှာ ဘယ်လောက်ရင်းထားလဲ၊ အမြတ်ထဲကနေ ဘယ်လောက် ထပ်ပေါင်းထည့်လဲ၊ ပိုင်ရှင်က ကိုယ်ပိုင်ကိစ္စအတွက် ဘယ်လောက် ပြန်ထုတ်သွားလဲ (Drawings/Dividends) ဆိုတာကို အသေးစိတ် ပြသပါတယ်။
ပိုင်ရှင်ရဲ့ ရင်းနှီးငွေက ဘယ်လိုကနေ ဘယ်လို ပြောင်းလဲသွားလဲဆိုတာကို ဒီနေရာမှာ ကြည့်လိုက်ပါ။
အကြောင်းအရာ | Capital | Retained Earnings | Total |
Opening Balance (နှစ်စလက်ကျန်) | 5,000 | 1,000 | 6,000 |
Add: Net Profit for the year | - | 3,500 | 3,500 |
Less: Drawings/Dividends (ထုတ်ယူငွေ) | - | (500) | (500) |
Closing Balance (နှစ်ဆုံးလက်ကျန်) | 5,000 | 4,000 | 9,000 |
၄။ Statement of Cash Flow (ငွေသားစီးဆင်းမှု စာရင်း)
ဒါကတော့ အရေးကြီးဆုံးစာရင်း တစ်ခုပါ။ အမြတ်ရှိတိုင်း လုပ်ငန်းလည်ပတ်လို့ရတာ မဟုတ်ပါဘူး၊ "လက်ထဲမှာ ငွေသားရှိဖို့" လိုပါတယ်။
တကယ့် လက်ငင်းငွေသား (Hard Cash) ဘယ်ကနေ ဝင်လာပြီး ဘယ်ကို ထွက်သွားသလဲဆိုတာကို ဖော်ပြပါတယ်။ အမြတ်စာရင်းမှာ မြတ်နေပေမယ့် လက်ထဲမှာ ပိုက်ဆံမရှိရင် လုပ်ငန်း ဒုက္ခရောက်နိုင်တာမို့ ဒီစာရင်းဟာ လုပ်ငန်းရှင်တွေအတွက် အသက်သွေးကြောပါပဲ။
ပိုက်ဆံက ဘယ်ကနေဝင်ပြီး ဘယ်ကိုထွက်သွားသလဲဆိုတာကို ကဏ္ဍ ၃ ခုနဲ့ ပြပါတယ်။
အကြောင်းအရာ (Cash Flow Categories) | ပမာဏ |
Operating Activities (အလုပ်လုပ်လို့ရတဲ့ငွေ) | 4,000 |
Investing Activities (ပစ္စည်းဝယ်/ရောင်းလို့ ထွက်/ဝင်တဲ့ငွေ) | (2,000) |
Financing Activities (ချေးငွေယူ/ဆပ်လို့ ထွက်/ဝင်တဲ့ငွေ) | (500) |
Net Increase in Cash (အသားတင်ငွေတိုးလာမှု) | 1,500 |
Add: Cash at beginning (နှစ်စငွေလက်ကျန်) | 3,000 |
| Cash at end (နှစ်ဆုံးငွေလက်ကျန်) | 4,500 |
ဒါဟာ စာရင်းပညာမှာ အရေးကြီးဆုံးနဲ့ လူတော်တော်များများ ဇဝေဇဝါဖြစ်ရတဲ့ အပိုင်းပါပဲ။ Statement of Cash Flow ကို နားလည်ဖို့ဆိုရင် လုပ်ငန်းထဲက ပိုက်ဆံအိတ်ကို ကန့်လန့်ကာ ၃ ခုနဲ့ ခြားထားတယ်လို့ မြင်ကြည့်လိုက်ပါ။
ပိုက်ဆံတွေဟာ ဘယ်ကနေပဲလာလာ၊ ဘယ်ကိုပဲသွားသွား ဒီကဏ္ဍ ၃ ခုထဲက တစ်ခုခုမှာပဲ ရှိနေရပါမယ်။
Operating Activities (အလုပ်လုပ်လို့ ရလာတဲ့ငွေ)
ဒါကတော့ လုပ်ငန်းရဲ့ ပင်မဝင်ငွေလမ်းကြောင်း ပါ။ ဆိုင်ဖွင့်ထားရင် ပစ္စည်းရောင်းလို့ရတဲ့ ပိုက်ဆံ၊ ဝန်ဆောင်မှုပေးလို့ရတဲ့ ပိုက်ဆံတွေကို ဆိုလိုတာပါ။
ဝင်လာတဲ့ငွေ - ကုန်ပစ္စည်းရောင်းလို့ရတဲ့ ငွေသား၊ အကြွေးရောင်းထားတာကို ပြန်ရတဲ့ငွေ။
ထွက်သွားတဲ့ငွေ - ဝန်ထမ်းလစာပေးတာ၊ မီတာခပေးတာ၊ ပစ္စည်းပြန်ဝယ်ဖို့ ပေးလိုက်ရတဲ့ငွေ။
မှတ်ချက် - ဒီကဏ္ဍမှာ ပိုက်ဆံ (+) ပြနေရင် သင့်လုပ်ငန်းက အပြင်ပန်းတင်မဟုတ်ဘဲ လက်တွေ့မှာလည်း အဆင်ပြေနေပြီလို့ ပြောလို့ရပါတယ်။
Investing Activities (ရင်းနှီးမြှုပ်နှံလို့ ထွက်/ဝင်တဲ့ငွေ)
ဒါကတော့ လုပ်ငန်းအတွက် အိုးအိမ်တိုက်တာနဲ့ စက်ပစ္စည်း တွေ ဝယ်တာ၊ ရောင်းတာကို ပြောတာပါ။ ဒါကို အနာဂတ်အတွက် ပိုက်ဆံသုံးခြင်း လို့လည်း ခေါ်နိုင်ပါတယ်။
ထွက်သွားတဲ့ငွေ (အများဆုံးဖြစ်တာ) - လုပ်ငန်းသုံးကားဝယ်လိုက်တယ်၊ စက်ကြီးတွေဝယ်လိုက်တယ်၊ ဆိုင်ခန်းဝယ်လိုက်တယ်။ (ပိုက်ဆံထွက်သွားပေမဲ့ ပစ္စည်းရလိုက်ပါတယ်)။
ဝင်လာတဲ့ငွေ - ကိုယ်သုံးနေတဲ့ ကားဟောင်းကို ပြန်ရောင်းလိုက်လို့ ပိုက်ဆံရလာတာမျိုး။
မှတ်ချက် - ဒီကဏ္ဍမှာ ပိုက်ဆံအနှုတ် (-) ပြနေတာဟာ လုပ်ငန်းတိုးချဲ့ဖို့ ပစ္စည်းတွေ ဝယ်နေတာမို့လို့ စိုးရိမ်စရာ မဟုတ်ပါဘူး။
Financing Activities (အရင်းအနှီးနဲ့ ချေးငွေကြောင့် ထွက်/ဝင်တဲ့ငွေ)
ဒါကတော့ လုပ်ငန်းရဲ့ ငွေကြေးအရင်းအမြစ် တွေအကြောင်းပါ။ ပိုင်ရှင်ဆီကလာတာလား၊ ဘဏ်ဆီကလာတာလား ဆိုတာကို ကြည့်တာပါ။
ဝင်လာတဲ့ငွေ - ဘဏ်ကနေ ချေးငွေရလာတာ၊ ပိုင်ရှင်က အရင်းအနှီး ထပ်ထည့်တာ။
ထွက်သွားတဲ့ငွေ - ဘဏ်ချေးငွေ ပြန်ဆပ်တာ၊ ပိုင်ရှင်က အမြတ်ဝေစု (Dividend) ပြန်ထုတ်ယူတာ။
မှတ်ချက် - ဒီကဏ္ဍကတော့ လုပ်ငန်းလည်ပတ်ဖို့ ပိုက်ဆံကို ဘယ်သူ့ဆီက ယူထားသလဲ၊ ဘယ်သူ့ကို ပြန်ဆပ်နေသလဲဆိုတာကို ပြတာပါ။
လူတစ်ယောက်ရဲ့ လက်ထဲမှာ ပိုက်ဆံ သိန်း ၁၀၀ ရှိနေတယ်ထားပါ။ ဖြစ်နိုင်တဲ့ အခြေနေတွေက
အခြေအနေ (က) - ထီပေါက်လို့ သိန်း ၁၀၀ ရတာ (ဒါဟာ Financing လိုမျိုး အပြင်ကလာတဲ့ငွေ)။
အခြေအနေ (ခ) - မိဘပေးထားတဲ့ ကားကို ရောင်းလိုက်လို့ သိန်း ၁၀၀ ရတာ (ဒါဟာ Investing လိုမျိုး ပိုင်ဆိုင်မှုရောင်းလို့ရတဲ့ငွေ)။
အခြေအနေ (ဂ) - တစ်လလုံး အလုပ်ကြိုးစားပြီး ရောင်းရလို့ သိန်း ၁၀၀ ရတာ (ဒါဟာ Operating လိုမျိုး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လို့ရတဲ့ငွေ)။
စာရင်းကိုင်ပညာမှာ အခြေအနေ (ဂ) ကို အကောင်းဆုံးလို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ့်အလုပ် (Operation) ကနေ ပိုက်ဆံရနေမှသာ လုပ်ငန်းက ရေရှည်တည်တံ့မှာမို့ပါ။
၅။ Disclosures / Notes to Financial Statements (နောက်ဆက်တွဲ ရှင်းလင်းချက်များ)
ဒါကတော့ ရှေ့က ဂဏန်းတွေရဲ့ နောက်ကွယ်က ဇာတ်လမ်း တွေပါ။
ဂဏန်းတွေတင်မကဘဲ ကုမ္ပဏီက ဘယ်လိုစာရင်းကိုင်မူဝါဒတွေ သုံးထားလဲ၊ Depreciation ကို ဘယ်လိုတွက်လဲ၊ လက်ရှိရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှုတွေရှိလား စတဲ့ အသေးစိတ် အချက်အလက်တွေကို စာသားနဲ့တကွ ရှင်းပြရတာပါ။ ဒါမှသာ စာရင်းဖတ်သူတွေက အခြေအနေမှန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီမှာတော့ ဇယားထက်စာရင် စာသားနဲ့ ရှင်းပြတဲ့ မှတ်စုတွေပါ။
နမူနာပြရရင် -
Note 1: Accounting Policies - တန်ဖိုးလျော့ခြင်း (Depreciation) ကို Straight Line Method သုံးပြီး တစ်နှစ်လျှင် ၂၀% နှုန်းဖြင့် တွက်ချက်ပါသည်။
Note 2: Inventory - ကုန်ပစ္စည်းများကို ကုန်ကျစရိတ် (Cost) နှင့် ဈေးကွက်ပေါက်ဈေး (Net Realizable Value) နှစ်ခုအနက် အနည်းဆုံးကို ယူ၍ စာရင်းသွင်းပါသည်......စသည်ဖြင့်
စာရင်းကိုင်တစ်ယောက်အနေနဲ့ ဒီ Financial Statements တွေကို အချောသတ်ရတဲ့အချိန်ဟာ ပန်းချီကားတစ်ချပ်ကို လက်မှတ်ထိုးရသလိုမျိုး ဂုဏ်ယူစရာကောင်းလှပါတယ်။ ဒီစာရွက်တွေဟာ ကုမ္ပဏီတစ်ခုရဲ့ ရိုးသားမှု နဲ့ စွမ်းဆောင်ရည် ကို သက်သေပြနေတာပါ။
ဂဏန်းတွေဟာ လိမ်ညာခြင်းမရှိဘူး လို့ ပြောလေ့ရှိကြပေမယ့်၊ အဲဒီဂဏန်းတွေကို အဓိပ္ပာယ်ရှိရှိ ပုံဖော်ပေးဖို့ကတော့ Accountant တွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီစာရင်း (၅) မျိုး ပြည့်စုံသွားပြီဆိုရင်တော့ လုပ်ငန်းတစ်ခုရဲ့ တစ်နှစ်တာ ခရီးစဉ်ဟာ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။
References
Kieso, D. E., Weygandt, J. J., & Warfield, T. D. (2016). Intermediate accounting (16th ed.). Hoboken, NJ: John Wiley & Sons.

Comments
Post a Comment