Chapter 1.2 (Financial management) : စီးပွားရေးလုပ်ငန်းများ၏ လျှို့ဝှက်မျက်နှာစာ (The Nature of Business Organizations)

 

Chapter 1.2 (Financial management) : စီးပွားရေးလုပ်ငန်းများ၏ လျှို့ဝှက်မျက်နှာစာ (The Nature of Business Organizations)

ကျွန်တော်တို့ စီးပွားရေး သီဝရီတွေထဲ မနစ်မြုပ်ခင်မှာ အရင်ဆုံး သိထားရမယ့် အခြေခံတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ငါတို့ ဘာအတွက် အလုပ်လုပ်နေတာလဲ" ဆိုတဲ့ လုပ်ငန်းရဲ့ ဦးတည်ချက်ပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုဟာ ဘယ်လိုပုံစံနဲ့ အသက်ရှူနေသလဲဆိုတာကို နားလည်မှသာ စာရင်းဇယားတွေရဲ့ နောက်ကွယ်က အမှန်တရားကို ကျွန်တော်တို့ မြင်နိုင်မှာပါ။

လောကမှာရှိတဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ "နှလုံးသား" (ရည်ရွယ်ချက်) ပေါ်မူတည်ပြီး အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်(Kimmel, Weygandt, & Kieso, 2011)။



၁။ အကျိုးအမြတ်ကို ရည်ရွယ်သော စီးပွားရေးလုပ်ငန်းများ (Profit-Oriented Businesses)

ဒီလုပ်ငန်းတွေရဲ့ အဓိကတွန်းအားကတော့ "အမြတ်" (Profit) ပါပဲ။ အမြတ်ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ကျန်းမာရေး အညွှန်းကိန်းတစ်ခုလိုပါပဲ။ ရလာတဲ့ အမြတ်အစွန်းတွေဟာ ပိုင်ရှင်တွေအတွက် ဆုလာဘ်ဖြစ်သလို၊ လုပ်ငန်းကို ပိုမိုကြီးထွားအောင် ပြန်လည်ပျိုးထောင်ပေးမယ့် မြေဩဇာလည်း ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့ ပုံစံ ၃ မျိုးနဲ့ မြင်တွေ့နိုင်ပါတယ် -

  • Trading (အရောင်းအဝယ်) - ဒါကတော့ "တန်ဖိုးကို ရှာဖွေသူ" တွေပါ။ ကုန်ပစ္စည်းတစ်ခုကို တစ်နေရာကနေ ဝယ်ယူပြီး လိုအပ်တဲ့သူဆီကို သင့်တော်တဲ့ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးခြင်းဖြစ်ပါတယ်။ City Mart, Ocean Supercenter 

  • Manufacturing (ကုန်ထုတ်လုပ်ငန်း) - ဒါကတော့ "တန်ဖိုးကို ဖန်တီးသူ" တွေပါ။ ဘာမှမဟုတ်တဲ့ ကုန်ကြမ်းတွေကို လူတွေအသုံးဝင်မယ့် ကုန်ချောတွေဖြစ်အောင် အသွင်ပြောင်းလဲပေးတာဖြစ်ပါတယ်။ သံချောင်းကို စက်ဘီးဖြစ်အောင် လုပ်တဲ့ လုပ်ငန်းမျိုးပေါ့။ Grand Royal, Dagon Beverages (ကုန်ကြမ်းတွေကို အချိုရည် သို့မဟုတ် လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ခြင်း)။

  • Service (ဝန်ဆောင်မှု) - ဒါကတော့ "တန်ဖိုးကို မျှဝေသူ" တွေပါ။ လက်နဲ့ကိုင်တွယ်လို့ မရပေမယ့် လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အသိပညာ၊ ကျွမ်းကျင်မှုတွေကို ရောင်းချတာပါ။ ဘဏ်တွေ၊ ဆေးခန်းတွေနဲ့ သင်တန်းကျောင်းတွေဟာ ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ KBZ Bank, MPT/Atom/Ooredoo, Pun Hlaing Hospital (ကျွမ်းကျင်မှုနဲ့ နည်းပညာကို အခြေခံပြီး ဝန်ဆောင်မှုပေးခြင်း)။

၂။ အကျိုးအမြတ်ကို မရည်ရွယ်သော အဖွဲ့အစည်းများ (Non-Profit Organizations - NPO)

ဒီအဖွဲ့အစည်းတွေမှာတော့ "အမြတ်" ဆိုတဲ့ စကားလုံးထက် "ဝန်ဆောင်မှု" (Service) နဲ့ "တာဝန်" (Responsibility) ဆိုတဲ့ စကားလုံးတွေက ပိုပြီး အလေးသာပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပိုက်ဆံရှာဖို့ မဟုတ်ဘဲ လူမှုအဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖြစ်ပါတယ်။

  • အစိုးရလုပ်ငန်းများ - နိုင်ငံတော်ရဲ့ ယန္တရား လည်ပတ်ဖို့နဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် (လမ်း၊ တံတား၊ ပညာရေး) ကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ အစိုးရဆေးရုံကြီးများ၊ အစိုးရစာသင်ကျောင်းများ။

  • NGOs & NGOs - လူသားချင်းစာနာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စတဲ့ ဘုံရည်မှန်းချက်တစ်ခုအတွက် ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေပါ။ ဉပမာ - နာရေးကူညီမှုအသင်း (ရန်ကုန်) (ဦးကျော်သူ)၊ မေတ္တာသင်္ကန်း (Free Funeral Service)။ Save the Children, Red Cross (ကြက်ခြေနီ)LIFT Myanmar (ဖွံ့ဖြိုးရေးနဲ့ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း)။


ကျွန်တော် စာရင်းနဲ့ပတ်သတ်တာကို လေ့လာတဲ့အခါမှာ မြင်လာရတာတစ်ခုကတော့ စာရင်းကိုင်နည်းစနစ်တွေဟာ အပေါ်က လုပ်ငန်းအမျိုးအစား နှစ်ခုစလုံးအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာပါပဲ။

ဒါပေမဲ့ သူတို့ကြည့်တဲ့ အမြင်ချင်းတော့ မတူကြဘူး။ အကျိုးအမြတ် ရည်ရွယ်တဲ့လုပ်ငန်းမှာ ကျွန်တော်တို့က "ငါတို့ ဘယ်လောက် အမြတ်ရသလဲ" ဆိုတာကို ဇောချွေးပြန်အောင် ကြည့်ရပေမယ့်၊ အကျိုးအမြတ် မရည်ရွယ်တဲ့ အဖွဲ့အစည်းတွေမှာတော့ "ငါတို့ဆီကို လာတဲ့ အလှူငွေတွေ၊ အခွန်ငွေတွေကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း အလေအလွင့်မရှိဘဲ ထိထိရောက်ရောက် သုံးစွဲရဲ့လား" ဆိုတာကို စောင့်ကြည့်ရပါတယ်။

ပြောရရင် အမြတ်ရှာတဲ့သူက "အောင်မြင်မှု" ကို ရှာဖွေပြီး၊ အမြတ်မရှာတဲ့သူက "သစ္စာရှိမှု" (Accountability) ကို သက်သေပြရတာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ အဓိက ကို အရင်ဆုံး နားလည်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

Reference 

  • Kimmel, P. D., Weygandt, J. J., & Kieso, D. E. (2011). Financial accounting: Tools for business decision making (6th ed.). Hoboken, NJ: John Wiley & Sons.

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး