Chapter 1.3 (Financial management) : လုပ်ငန်းပိုင်ဆိုင်မှု၏ လျှို့ဝှက်ချက် - ကိုယ်တိုင်လုပ်မလား၊ အများနဲ့ဖက်မလား?
Chapter 1.3: လုပ်ငန်းပိုင်ဆိုင်မှု၏ လျှို့ဝှက်ချက် - ကိုယ်တိုင်လုပ်မလား၊ အများနဲ့ဖက်မလား?
ကျွန်တော်တို့ ရှေ့မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်ရွယ်ချက် (Profit vs Non-Profit) အကြောင်း ရေးခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ အဲဒီလုပ်ငန်းတွေကို "ဘယ်သူတွေက ပိုင်ဆိုင်တာလဲ" ဆိုတဲ့ ပိုင်ဆိုင်မှုပုံစံ (Legal Forms of Business) အကြောင်းကို ပြောပြချင်ပါတယ်။
ဒါဟာ စာရင်းကိုင်တဲ့အခါမှာရော၊ လုပ်ငန်းစီမံခန့်ခွဲတဲ့အခါမှာရော အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပိုင်ဆိုင်မှုပုံစံပေါ်မူတည်ပြီး တာဝန်ယူရမှုနဲ့ အမြတ်ခွဲဝေမှုတွေက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားလို့ပါပဲ။
၁။ တစ်ဦးတည်းပိုင်လုပ်ငန်း (Sole Proprietorship) - "ငါပဲပိုင်၊ ငါပဲနိုင်"
ဒါကတော့ လောကမှာ အရှင်းဆုံးနဲ့ အလွယ်ဆုံး လုပ်ငန်းပုံစံပါ။ လမ်းထိပ်က ကွမ်းယာဆိုင်ကနေ ကိုယ်ပိုင် အကြံပေးလုပ်ငန်း (Consultancy) အထိ ပါဝင်ပါတယ်။
အနှစ်သာရ - လုပ်ငန်းတစ်ခုလုံးကို လူတစ်ယောက်တည်းကပဲ ပိုင်ဆိုင်ပြီး ဆုံးဖြတ်ချက်အားလုံးကို တစ်ဦးတည်း ချမှတ်တာပါ။
အားသာချက်- မြန်ဆန်တယ်။ အမြတ်အားလုံးကို ကိုယ်တစ်ယောက်တည်း ခံစားရတယ်။
စိန်ခေါ်မှု (ခါးသီးတဲ့အမှန်တရား) - အမြတ်ကို တစ်ယောက်တည်းယူသလို၊ အရှုံးပေါ်ရင်လည်း ကိုယ်တစ်ယောက်တည်း ခေါင်းခံရပါတယ်။ လုပ်ငန်းမှာ အကြွေးတွေတင်လာရင် ကိုယ့်ရဲ့ အိမ်၊ ခြံ၊ မြေ အထိ ရောင်းပြီး ဆပ်ရတတ်တဲ့ (Unlimited Liability) အန္တရာယ် ရှိပါတယ် (Kimmel et al., 2011)။
၂။ အစုစပ်လုပ်ငန်း (Partnership) - "လက်တွဲဖော်နဲ့ ခရီးနှင်ခြင်း"
တစ်ယောက်တည်း မနိုင်တဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်မှာမရှိတဲ့ အရည်အချင်းကို တခြားသူဆီက လိုချင်တဲ့အခါမှာ လူ (၂) ယောက်ကနေ (၂၀) အထိ စုပေါင်းတည်ထောင်တာမျိုးပါ။
အနှစ်သာရ - အရင်းအနှီးကို စုထုတ်ကြသလို၊ အတတ်ပညာတွေကိုလည်း ပေါင်းစပ်ကြပါတယ်။
လုပ်ငန်းခွင်အမြင် - "ပေါင်းရင် သန်တယ်" ဆိုပေမယ့် လက်တွဲဖော် ရွေးချယ်မှု မှားသွားရင်တော့ စီးပွားရေးပြိုကွဲရုံတင်မကဘဲ လူချင်းပါ အဆင်မပြေဖြစ်တတ်တဲ့ ပုံစံမျိုးပါ။
၃။ ကုမ္ပဏီလုပ်ငန်း (Company/Corporation) - "ဥပဒေအရ လူအဖြစ် ရပ်တည်ခြင်း"
ဒါကတော့ စီးပွားရေးလောကရဲ့ အမြင့်ဆုံး အဆင့်အတန်းပါ။ ကုမ္ပဏီဆိုတာ ပိုင်ရှင်တွေနဲ့ သီးခြားခွဲထွက်နေတဲ့ "ဥပဒေအရ ဖန်တီးထားတဲ့ လူ" (Artificial Person) တစ်ယောက်လိုပါပဲ။
ကုမ္ပဏီမှာမှ (၂) မျိုး ထပ်ခွဲနိုင်ပါတယ် -
ပုဂ္ဂလိကပိုင်ကုမ္ပဏီ (Private Company) - လူတစ်စု (မိသားစု သို့မဟုတ် သူငယ်ချင်းများ) ကပဲ စုပေါင်းတည်ထောင်ထားတာပါ။ အစုရှယ်ယာတွေကို အပြင်လူတွေကို ရောင်းချခွင့်မရှိပါဘူး။ (ဥပမာ - မြန်မာနိုင်ငံက မိသားစုပိုင် ကုမ္ပဏီအများစု)။
- City Mart Holding Co., Ltd - မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပေမယ့် သူတို့ရဲ့ ရှယ်ယာတွေကို စတော့အိတ်ချိန်းမှာ တင်မထားပါဘူး။ ပိုင်ရှင်မိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဖက်တွေကပဲ ပိုင်ဆိုင်တဲ့ Private ကုမ္ပဏီ ဖြစ်ပါတယ်။
- Shwe Taung Co., Ltd - ဆောက်လုပ်ရေးလောကမှာ နာမည်ကြီးပေမယ့် ဒါဟာလည်း Private ပိုင်ဆိုင်မှု ပုံစံပါပဲ။
အများပိုင်ကုမ္ပဏီ (Public Company) - ဒါကတော့ အဆင့်မြင့်ဆုံးပါ။ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို အများပြည်သူ (Public) ထံ ရောင်းချပြီး ရင်းနှီးမြှုပ်နှံသူ ထောင်ပေါင်းများစွာနဲ့ လည်ပတ်တာပါ။ (ဥပမာ - ရန်ကုန်စတော့အိတ်ချိန်းမှာ တင်ထားတဲ့ ကုမ္ပဏီများ)။
မြန်မာနိုင်ငံက ဥပမာများ (ရန်ကုန်စတော့အိတ်ချိန်း - YSX စာရင်းဝင်) -
- FMI (First Myanmar Investment) - ကိုယ့်မှာ ငွေပိုရှိရင် FMI ရဲ့ ရှယ်ယာကို ဝယ်ပြီး ဒီကုမ္ပဏီရဲ့ ပိုင်ရှင်တစ်ယောက် (Shareholder) အဖြစ် ပါဝင်နိုင်ပါတယ်။
- MTSH (Myanmar Thilawa SEZ Holdings) - သီလဝါ အထူးစီးပွားရေးဇုန်ကို ပိုင်ဆိုင်တဲ့ ဒီကုမ္ပဏီဟာလည်း အများပိုင်ဖြစ်လို့ ပြည်သူတွေက ရှယ်ယာဝယ်ပြီး ရင်းနှီးမြှုပ်နှံထားကြတာပါ
- MCB (Myanmar Citizens Bank) - ဒါဟာ အများပိုင်ဘဏ်တစ်ခု ဖြစ်ပါတယ်။
လုပ်ငန်းခွင်ထဲမှာ ကျွန်တော် သတိထားမိတာတစ်ခုကတော့ "တာဝန်ယူမှု" (Liability) ပါပဲ။
တစ်ဦးတည်းပိုင်လုပ်ငန်းမှာ လုပ်ငန်းရှုံးရင် ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ပစ္စည်းပါ ပါသွားနိုင်ပေမယ့်၊ ကုမ္ပဏီ (Limited Company) မှာတော့ လုပ်ငန်းရှုံးလို့ ကုမ္ပဏီ ဖျက်သိမ်းရရင်တောင် ပိုင်ရှင် (ရှယ်ယာရှင်) အနေနဲ့ ကိုယ်ထည့်ဝင်ထားတဲ့ ရှယ်ယာတန်ဖိုးလောက်ပဲ ဆုံးရှုံးရတာပါ။ ဒါကို "Limited Liability" လို့ ခေါ်ပါတယ်။
လုပ်ငန်းရှင်အတော်များများကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို မထိခိုက်ချင်လို့ Private အနေနဲ့ပဲ ရပ်တည်ချင်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းကို နိုင်ငံတကာအဆင့်အထိ ကြီးထွားချင်တယ်၊ အရင်းအနှီး အများကြီး လိုချင်တယ်ဆိုရင်တော့ Public က အကောင်းဆုံးလမ်းပါပဲ။ စာရင်းကိုင်တဲ့အခါမှာတော့ Public ကုမ္ပဏီတွေဟာ စည်းကမ်း (Regulation) အရမ်းများလို့ စာရင်းကိုင်တွေအတွက် ပိုပြီး တာဝန်ကြီးလှပါတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် "ငါ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လုပ်မလား" ဒါမှမဟုတ် "ဥပဒေအရ အကာအကွယ်ရအောင် ကုမ္ပဏီထောင်မလား" ဆိုတာကို သေချာစဉ်းစားရပါတယ်။ စာရင်းကိုင်တဲ့အခါမှာလည်း ကုမ္ပဏီစာရင်းဟာ တစ်ဦးတည်းပိုင်စာရင်းထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပြီး စနစ်ကျဖို့ လိုအပ်တာ ဒီအချက်ကြောင့်ပါပဲ။
Reference
Kimmel, P. D., Weygandt, J. J., & Kieso, D. E. (2011). Financial accounting: Tools for business decision making (6th ed.). Hoboken, NJ: John Wiley & Sons.

Comments
Post a Comment