Chapter 1.18 (Financial Management) : Liabilities Classification ပေးရန်တာဝန်များကို အချိန်ကာလဖြင့် တိုင်းတာခြင်း
Chapter 1.18 (Financial Management) : Liabilities Classification ပေးရန်တာဝန်များကို အချိန်ကာလဖြင့် တိုင်းတာခြင်း
Assets (ပိုင်ဆိုင်မှု) တွေကို အမျိုးအစားခွဲခြားသလိုပဲ၊ လုပ်ငန်းရဲ့ Liabilities (ပေးရန်တာဝန်) တွေကိုလည်း အချိန်ကာလ အပေါ်မူတည်ပြီး ခွဲခြားရပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုရဲ့ ကာလတိုအသက်ရှူနှုန်း နဲ့ ရေရှည်ဝန်ထုပ်ဝန်ပိုး ဘယ်လောက်ရှိလဲဆိုတာကို ပြသတာပါ။
ကျွန်တော်တို့ လုပ်ငန်းခွင်မှာ အကြွေးလို့ပြောလိုက်ရင် အားလုံးတူတူပဲလို့ ထင်ရပေမယ့်၊ စာရင်းကိုင်တစ်ယောက်အနေနဲ့ကတော့ ဘယ်တော့ ဆပ်ရမှာလဲ ဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးရပါတယ်။
၁။ Current Liabilities (ကာလတို ပေးရန်တာဝန်)
ဒါကတော့ (၁) နှစ်အတွင်း ပြန်လည်ပေးဆပ်ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ နေ့စဉ်လည်ပတ်မှုထဲမှာ အမြဲတမ်း ရှိနေတတ်တဲ့ အကြွေးမျိုးတွေပေါ့။
Accounts Payable (ကုန်သွယ်မှုပေးရန်ရှိစာရင်း) - ကုန်ပစ္စည်းတွေ အကြွေးဝယ်ထားလို့ Suppliers တွေကို ပြန်ပေးရမယ့်ငွေ။
Bank Overdraft (ဘဏ်စာရင်းပိုထုတ်ငွေ) - လက်ထဲမှာ ပိုက်ဆံမရှိပေမယ့် ဘဏ်နဲ့ ညှိနှိုင်းပြီး ခဏတဖြုတ် ပိုထုတ်သုံးထားတာမျိုး။
Short-term Loans - ဥပမာ (၇) လအတွင်း ပြန်ဆပ်ရမယ့် ချေးငွေတိုလေးတွေ။
သတိပြုရမှာက - Current Liabilities ကာလတို ပေးရန်တာဝန်တွေကို ဒီနေ့၊ ဒီလအတွက် ရင်ဆိုင်ရမယ့် တိုက်ပွဲငယ်တွေ လို့ မြင်နိုင်ပါတယ်။ ဒါတွေကို အချိန်မီ မဆပ်နိုင်ရင် လုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှု ချက်ချင်း ထိခိုက်နိုင်ပါတယ်။
၂။ Non-Current Liabilities (ကာလရှည် ပေးရန်တာဝန်)
ဒါကတော့ (၁) နှစ်ထက်ကျော်ပြီး (၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် စသဖြင့်) ရေရှည်စီမံပြီး ဆပ်ရမယ့် တာဝန်ကြီးတွေ ဖြစ်ပါတယ်။
Long-term Loans - ဥပမာ - လုပ်ငန်းချဲ့ထွင်ဖို့ ဘဏ်ကနေ (၁၅) နှစ် သက်တမ်းနဲ့ ချေးထားတဲ့ ငွေကြီးမျိုး။
Mortgages - အဆောက်အအုံ ဒါမှမဟုတ် မြေယာဝယ်ဖို့အတွက် အပေါင်ခံချေးယူထားတဲ့ ငွေများ။
မှတ်ချက်- Non-Current Liabilities (ကာလရှည် ပေးရန်တာဝန်) တွေကိုတော့ "ရေရှည်သယ်ပိုးရမယ့် ဝန်ထုပ်ဝန်ပိုးကြီးများ" လို့ တင်စားနိုင်ပါတယ်။ ဒါတွေဟာ လုပ်ငန်းကို ကြီးထွားဖို့ အထောက်အကူပြုပေမယ့် ရေရှည်မှာ အတိုးနှုန်းဝန်ထုပ်ဝန်ပိုး ဖြစ်မလာအောင် သေချာ စီမံခန့်ခွဲရပါတယ်။
Liabilities (ပေးရန်တာဝန်) နှစ်မျိုးကို ရှင်းလင်းသွားအောင် အိမ်တစ်လုံး ဝယ်ယူ/ပြင်ဆင်တဲ့ ဥပမာနဲ့ ယှဉ်ကြည့်ရအောင်ပါ။ ဒါဆိုရင် ဘယ်ဟာက ရေရှည်ဝန်ထုတ်ဝန်ပိုး၊ ဘယ်ဟာက နေ့စဉ်ဖြေရှင်းရမယ့် တိုက်ပွဲဆိုတာ ကွဲကွဲပြားပြား မြင်သာသွားပါလိမ့်မယ်။
ကိုယ်ကသိန်း ၁၅၀၀ တန် အိမ်တစ်လုံး ဝယ်ယူလိုက်တယ်ဆိုပါစို့။
၁။ Non-Current Liabilities (ကာလရှည် ပေးရန်တာဝန်)
ဒါဟာ အိမ်ဝယ်ဖို့အတွက် ဘဏ်ကနေ သိန်း ၅၀၀ ကို (၁၀) နှစ်အတွင်း ဆပ်ပါ့မယ်ဆိုပြီး ချေးယူလိုက်တဲ့ အိမ်ရာချေးငွေ (Mortgage) ပြီ။
သဘောက ဒီငွေကို တစ်လချင်းစီ ခွဲဆပ်ရမှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုစာလောက် သယ်ပိုးရမယ့် ဝန်ထုပ်ဝန်ပိုးကြီးပါ။
အကျိုးရသွားတာက - ဒီအကြွေးရှိလို့သာ ကိုယ်ဟာ အိမ်တစ်လုံးကို ပိုင်ဆိုင်ခွင့်ရတာ ဖြစ်ပါတယ်။
သိရမှာက ကာလရှည် ပေးရန်တာဝန် ဆိုတာ လုပ်ငန်းကြီးထွားဖို့ (သို့မဟုတ်) ပိုင်ဆိုင်မှုရဖို့အတွက် ယူထားတဲ့ ကျောပိုးအိတ်ကြီး နဲ့ တူပါတယ်။
၂။ Current Liabilities (ကာလတို ပေးရန်တာဝန်)
အိမ်မှာ နေထိုင်ရင်းနဲ့ နေ့စဉ် ကြုံတွေ့ရမယ့် ပေးစရာတွေပါ။
လျှပ်စစ်ခ၊ ရေခိုင် (Bills Payable): ဒီလကုန်ရင် ပေးရတော့မယ့် ငွေတွေပါ။
ကုန်စုံဆိုင်က အကြွေး (Accounts Payable): အိမ်အတွက် ဆန်၊ ဆီ၊ ဆား ဝယ်ထားပြီး လကုန်မှ ပေးမယ်ဆိုတဲ့ အကြွေး။
သူငယ်ချင်းဆီက ခဏချေးငွေ: လခမထွက်ခင် ခဏတဖြုတ် လိုလို့ ချေးသုံးထားတာ။
အလွယ်မှတ်မယ်ဆိုရင် ကာလတိုပေးရန်တာဝန်တွေကတော့ အချိန်မီမဆပ်ရင် မီးဖြတ်ခံရတာ၊ ဆိုင်က နောက်ခါ အကြွေးမပေးတော့တာမျိုး ဖြစ်မယ့် ဒီနေ့၊ ဒီလရဲ့ တိုက်ပွဲငယ်တွေ ဖြစ်ပါတယ်။
Liabilities ကို ဇယားဖြင့် နှိုင်းယှဉ်ချက်
အချက် | Current (ကာလတို) | Non-Current (ကာလရှည်) |
ပေးဆပ်ရမည့်ကာလ | ၁ နှစ်အတွင်း | ၁ နှစ်ထက်ကျော်လွန် |
ရည်ရွယ်ချက် | နေ့စဉ်လည်ပတ်မှုအတွက် | ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် |
စီမံခန့်ခွဲမှု | ငွေသား (Cash) အမြဲရှိနေရန်လို | အတိုးနှုန်းနှင့် အမြတ်ကို ချိန်ညှိရန်လို |
ဥပမာ | ကုန်ဖိုးအကြွေး၊ မီးဖိုး၊ ဖုန်းဘေလ် | ဘဏ်ချေးငွေတွေ ၊ အပေါင်ခံချေးငွေ |
လုပ်ငန်းခွင်သတိ
လုပ်ငန်းတစ်ခုဟာ Current Assets (နေ့စဉ်ရမယ့်ငွေ) ထက် Current Liabilities (နေ့စဉ်ပေးရမယ့်
အကြွေး) က ပိုများနေပြီဆိုရင် သွေးလွန်တုပ်ကွေး ဖြစ်သလိုပါပဲ။ သွေးလည်ပတ်မှု ရပ်တန့်ပြီး လုပ်ငန်းဟာ
အကြွေးနွံထဲ နစ်သွားနိုင်ပါတယ်။ ဒါကြောင့် စာရင်းကိုင်ပညာမှာ Liquidity Ratio (ငွေဖြစ်လွယ်မှုအချိုး)
ကို ကြည့်ပြီး ဒီအကြွေးတွေကို အချိန်မီ ဆပ်နိုင်၊ မဆပ်နိုင် အမြဲတိုင်းတာရတာ ဖြစ်ပါတယ်။
အတွေ့အကြုံအရ ချိန်ပြီးပြောရမယ်ဆိုရင် အကြွေးဆိုတာ "ဓားသွားပေါ်က ပျားရည်" နဲ့ တူပါတယ်။ Non-Current Liabilities (ကာလရှည်ချေးငွေ) တွေကို အသုံးချပြီး လုပ်ငန်းအတွက် လိုအပ်တဲ့ စက်ကိရိယာတွေ၊ အဆောက်အအုံတွေ ဝယ်နိုင်တာကြောင့် လုပ်ငန်းကြီးထွားဖို့ အခွင့်အလမ်းရပါတယ်။
ဒါပေမဲ့ သတိထားရမှာက Current Liabilities ပါ။ တစ်နှစ်အတွင်း ဆပ်ရမယ့် အကြွေးတွေဟာ ကိုယ့်လက်ထဲမှာရှိတဲ့ Current Assets (ငွေသား) ထက် များနေပြီဆိုရင် အဲဒီလုပ်ငန်းဟာ "အသက်ရှူကျပ်" လာပါပြီ။
"အကြွေးကို မကြောက်ပါနဲ့၊ ဒါပေမဲ့ အကြွေးကို အချိန်ကာလအလိုက် မခွဲခြားနိုင်မှာကိုတော့ ကြောက်ပါ"
လို့ ကျွန်တော် ပြောချင်ပါတယ်။ စာရင်းကိုင်တစ်ယောက်အနေနဲ့ ဒီနှစ်မျိုးကို သေသေချာချာ ခွဲခြားပြခြင်းအားဖြင့် လုပ်ငန်းရှင်ကို "ဘယ်အချိန်မှာ ငွေဘယ်လောက် အဆင်သင့်ရှိနေဖို့ လိုမလဲ" ဆိုတဲ့ ကြိုတင်သတိပေးချက်ကို ပေးနိုင်တာ ဖြစ်ပါတယ်။

Comments
Post a Comment