Chapter 1.16 (Financial Management) : Liabilities (ပေးရန်တာဝန်) လုပ်ငန်း၏ တရားဝင် ရုန်းကန်ရမည့် တာဝန်များ

 

Chapter 1.16 (Financial Management) : Liabilities (ပေးရန်တာဝန်) လုပ်ငန်း၏ တရားဝင် ရုန်းကန်ရမည့် တာဝန်များ

Assets (ပိုင်ဆိုင်မှု) ပြီးရင်တော့ စာရင်းကိုင်ညီမျှခြင်းရဲ့ နောက်တစ်ဖက်မှာရှိတဲ့ Liabilities (ပေးရန်တာဝန်) အကြောင်းကို ဆက်ရပါမယ်။ အကြွေး ဒါမှမဟုတ် ပေးရန်တာဝန်ဆိုတာ မြင်ရုံနဲ့တင် စိတ်လေးစရာလို့ ထင်ရပေမယ့်၊ စာရင်းကိုင်ပညာမှာတော့ Liabilities စစ်စစ်ဖြစ်ဖို့ ခိုင်မာတဲ့ စံနှုန်း (၃) ချက်နဲ့ တိုင်းတာရပါတယ်။လုပ်ငန်းတစ်ခုမှာ "ငါတော့ သူများကို ပေးဖို့ရှိတယ်" လို့ တွေးလိုက်ရုံနဲ့ Liabilities လို့ ခေါ်လို့မရသေးပါဘူး။ တကယ့် Liabilities စစ်စစ်ဖြစ်ဖို့ဆိုရင် ကိုက်ညီရမယ့်အချက် (၃) ချက်က

၁။ Past Event (အတိတ်က ဖြစ်ရပ်တစ်ခု ရှိခဲ့ရမည်)

ဒီပေးရန်တာဝန်ဟာ လေထဲကနေ ပေါ်လာတာမျိုး မဟုတ်ရပါဘူး။ အတိတ်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့လို့သာ ပေါ်ပေါက်လာတာ ဖြစ်ရပါမယ်။ ဥပမာ- ဘဏ်ကနေ ငွေချေးခဲ့တာ၊ ကုန်သည်ဆီကနေ ပစ္စည်းကို အကြွေးနဲ့ ဝယ်ယူခဲ့တာမျိုးပေါ့။ အတိတ်က ဒီဖြစ်ရပ်ကြောင့်သာ အခုမှာ တာဝန်ရှိလာတာ ဖြစ်ပါတယ်။

၂။ Present Obligation (လက်ရှိတွင် ပေးရန်တာဝန် ရှိနေရမည်)

"နောင်ကျရင်တော့ ငါပေးရဦးမှာပဲ" ဆိုတဲ့ စိတ်ကူးမျိုး မဟုတ်ဘဲ၊ လက်ရှိအချိန် (Current Moment) မှာကိုက ဥပဒေအရဖြစ်စေ၊ လုပ်ငန်းကျင့်ဝတ်အရဖြစ်စေ မဖြစ်မနေ ပေးဆပ်ရမယ့် တာဝန် (Obligation) ရှိနေရပါမယ်။

၃။ Outflow of Economic Benefits (စီပွားရေးအကျိုးအမြတ်များ ထွက်ခွာသွားရမည်)

ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့အတွက် လုပ်ငန်းထဲကနေ ငွေသား၊ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခု အပြင်ကို ထွက်သွားရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ အရင်းအမြစ်တွေ လျော့နည်းသွားစေမယ့် အရာမျိုး ဖြစ်ရပါမယ်။

ဒါကို ပိုမိုရှင်းလင်းသွားအောင် လက်တွေ့လုပ်ငန်းခွင်က "ကုန်ပစ္စည်း အကြွေးဝယ်ယူခြင်း" ဥပမာတစ်ခုနဲ့ ရှင်းပြပေးပါမယ်။

မြင်သာထင်သာရှိသွားအောင် ဥပမာဆိုရင် ကုန်ကြမ်းပစ္စည်းများကို အကြွေးဝယ်ယူတယ်ဆို

ကိုယ်က အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ ချည်ထည်လိပ်တွေကို ပေးသွင်းသူ (Supplier) ဆီကနေ သိန်း ၁၀၀ ဖိုး အကြွေး နဲ့ ဝယ်ယူလိုက်တယ်။

၁။ Past Event (အတိတ်က ဖြစ်ရပ်)

  • ဇန်နဝါရီလ ၁ ရက်နေ့မှာ ကုန်ပစ္စည်းကို လက်ခံရရှိပြီး လက်မှတ်ထိုးခဲ့တာဟာ "အတိတ်က ဖြစ်ရပ်" ပါ။

  •  ဒီအရောင်းအဝယ် စာချုပ်/ဘောက်ချာ ရှိခဲ့လို့သာ ကိုယ့်မှာ အခုတာဝန်ရှိလာတာပါ။ ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်း သိန်း ၁၀၀ ပေးဖို့ တာဝန်ပေါ်မလာပါဘူး။

၂။ Present Obligation (လက်ရှိ တာဝန်ရှိမှု)

  • ပစ္စည်းရပြီးတဲ့ အချိန်ကစလို့ ကိုယ့်မှာ ငွေပေးဖို့ တာဝန်ရှိသွားပါပြီ။

  • ဥပဒေအရ Supplier က ကိုယ့်ကို တရားစွဲဆို တောင်းခံနိုင်တဲ့ အခွင့်အရေးရှိသလို၊ ကိုယ်ကလည်း စာရင်းပိတ်တဲ့နေ့ (ဥပမာ- ဇန်နဝါရီလ ၃၁) မှာ ဒီငွေကို ပေးရမယ်ဆိုတာ သိနေပါတယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ "လက်ရှိတာဝန်" ပါ။

၃။ Outflow of Economic Benefits (စီးပွားရေးအကျိုးအမြတ် ထွက်ခွာခြင်း)

  • အဲဒီအကြွေးကို ဆပ်ဖို့အတွက် သင့်ဘဏ်အကောင့်ထဲက "ငွေသား" (Cash) ကို ထုတ်ပေးရပါမယ်။

  • ငွေသားဆိုတာ လုပ်ငန်းရဲ့ စီးပွားရေးအရ အဖိုးတန်တဲ့ အရင်းအမြစ် (Resource) ဖြစ်ပါတယ်။ အကြွေးဆပ်လိုက်တဲ့အတွက် ကိုယ့်ဆီက အကျိုးအမြတ် (Assets) တွေ လျော့နည်းသွားပါတယ်။



အခြားဥပမာတွေ


ဖြစ်ရပ် (Scenario)

Past EventPresent ObligationOutflow

ဝန်ထမ်းလစာ

ဝန်ထမ်းက တစ်လလုံး အလုပ်ဆင်းပေးခဲ့ခြင်းလကုန်လျှင် လစာပေးရန် တာဝန်ရှိခြင်းငွေသား (Cash) ပေးရခြင်း

ဘဏ်ချေးငွေ

ဘဏ်မှ ငွေလွှဲလက်ခံရရှိခြင်းလစဉ် အရစ်ကျ ပြန်ဆပ်ရန် တာဝန်ရှိခြင်းငွေသား + အတိုး (Interest) ပေးရခြင်း

အာမခံ (Warranty)

ပစ္စည်းတစ်ခုကို အာမခံဖြင့် ရောင်းချခြင်းပစ္စည်းပျက်လျှင် ပြင်ပေးရန် တာဝန်ရှိခြင်းအပိုပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ပေးရခြင်း


လုပ်ငန်းခွင်မှာ Liabilities ကို ကြည့်တဲ့အခါ လူတော်တော်များများက "ကြောက်စရာ" လို့ပဲ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ 

စာရင်းကိုင်တွေရဲ့ အမြင်မှာတော့ Liabilities ဆိုတာ "ရင်းနှီးမြှုပ်နှံသူ (Investor)" တစ်မျိုးပါပဲ။

ပိုင်ရှင်ဆီက ပိုက်ဆံမယူဘဲ ဘဏ်ဆီက ယူသုံးတာ၊ ဒါမှမဟုတ် Suppliers တွေဆီက ပစ္စည်းကို အရင်ယူသုံးတာဟာ လုပ်ငန်းရဲ့ Cash Flow (ငွေစီးဆင်းမှု) ကို အသက်ရှူချောင်စေပါတယ်။ ဒါပေမဲ့ သတိထားရမှာက အထက်ပါ (၃) ချက်နဲ့ ကိုက်ညီတဲ့ Liabilities တွေကို စာရင်းမှာ အတိအကျ မှတ်တမ်းတင်ဖို့ပါပဲ။ အကြွေးကို ဖုံးကွယ်ထားခြင်းဟာ လုပ်ငန်းရဲ့ အခြေအနေမှန်ကို လိမ်ညာတာနဲ့ အတူတူပါပဲ။

"ပိုင်ဆိုင်မှု (Assets) က လုပ်ငန်းရဲ့ အင်အားဆိုရင်၊ ပေးရန်တာဝန် (Liabilities) ကတော့ လုပ်ငန်းရဲ့ ကတိကဝတ်တွေပါပဲ"။

ကတိတည်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ဖို့ဆိုရင် ကိုယ့်မှာရှိတဲ့ ပေးရန်တာဝန်တွေကို အတိအကျ သိရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။

Reference

International Accounting Standards Board. (2010). The conceptual framework for financial reporting. London, United Kingdom: IFRS Foundation Publications Department.


Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး