Chapter 1.17 (Financial Management) : Equity & Assets လုပ်ငန်း၏ အသားတင်တန်ဖိုးနှင့် ပိုင်ဆိုင်မှုအင်အားစုများ


Chapter 1.17 (Financial Management) : Equity & Assets လုပ်ငန်း၏ အသားတင်တန်ဖိုးနှင့် ပိုင်ဆိုင်မှုအင်အားစုများ

စာရင်းကိုင်ညီမျှခြင်းရဲ့ နောက်ဆုံးပဟေဠိတစ်ခုဖြစ်တဲ့ Equity (အရင်းအနှီး) နဲ့ လုပ်ငန်းရဲ့ အင်အားစုတွေဖြစ်တဲ့ Assets (ပိုင်ဆိုင်မှု) အမျိုးအစားတွေအကြောင်းကို ဆက်ကြည့်ရအောင်ဗျာ။  

လုပ်ငန်းတစ်ခုရဲ့ ကျန်းမာရေးကို စစ်ဆေးတဲ့အခါ "ငါတို့ တကယ်တမ်း ဘယ်လောက်ချမ်းသာသလဲ" ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ Equity မှာ ရှိပါတယ်။

၁။ Capital or Equity (အသားတင် ရင်းနှီးမြှုပ်နှံမှု)

Equity ဆိုတာ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုအားလုံးထဲကနေ သူများပေးဖို့ရှိတဲ့ အကြွေးတွေကို နှုတ်လိုက်ရင် ကျန်တဲ့ အသားတင်တန်ဖိုး ဖြစ်ပါတယ်။

  • မြင်သာအောင်ပြောရမယ်ဆိုရင် Capital or Equity (အသားတင် ရင်းနှီးမြှုပ်နှံမှု) ဆိုတာက အပေါ်ယံ အသိုင်းအဝိုင်းကြားမှာ ပြရတဲ့ ဂုဏ်ဒြပ်ထက်၊ တကယ့်ကိုယ့်အိတ်ထဲမှာ ကျန်တဲ့ ပိုက်ဆံစစ်စစ်နဲ့ တူပါတယ်။ ဥပမာ- သိန်း ၁၅၀၀ တန် အိမ်မှာ နေပေမယ့် သိန်း ၅၀၀ က ဘဏ်ချေးငွေဆိုရင်၊ သင့်ရဲ့ တကယ့် Equity (အသားတင်ပိုင်ဆိုင်မှု) က သိန်း ၁၀၀၀ ပဲ ရှိတာမျိုးပါ။



၂။ Assets (ပိုင်ဆိုင်မှုများ) - အမျိုးအစား ခွဲခြားခြင်း

လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ အသုံးပြုမယ့် ကာလအပေါ် မူတည်ပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

(က) Non-Current Assets (ကာလရှည် ပိုင်ဆိုင်မှုများ)

ဒါတွေကတော့ လုပ်ငန်းအတွက် တစ်နှစ်ထက်ကျော်ပြီး ရေရှည်အကျိုးပြုမယ့် အရာတွေပါ။ ရောင်းဖို့ထက် သုံးဖို့ ဝယ်ထားတာမျိုး ဖြစ်ပါတယ်။

  • မြေယာနှင့် အဆောက်အအုံ - လုပ်ငန်းရဲ့ အခြေခံအုတ်မြစ်တွေပါ။

  • စက်ယန္တရားနှင့် မော်တော်ယာဉ် - လုပ်ငန်းလည်ပတ်ဖို့အတွက် အင်အားဖြည့်ပေးတဲ့ ကိရိယာတွေပါ။

  • အလွယ်ပြောရရင်  ဒါတွေက စိုက်ပျိုးထားတဲ့ အပင်ကြီးတွေ လို့ ပြောနိုင်ပါတယ်။ အချိန်ကြာမှ အသီးအပွင့် ပေးမယ့်အရာတွေပေါ့။

(ခ) Current Assets (ကာလတို ပိုင်ဆိုင်မှုများ)

တစ်နှစ်အတွင်း ငွေသားအဖြစ် ပြောင်းလဲလွယ်တဲ့ အရာတွေ ဖြစ်ပါတယ်။

  • Inventory (ကုန်ပစ္စည်းလက်ကျန်) - မကြာခင် ရောင်းရတော့မယ့် ပစ္စည်းများ။

  • Accounts Receivable (ရရန်ရှိစာရင်း) - ရောင်းပြီးသား ပစ္စည်းအတွက် ရဖို့ကျန်တဲ့ ငွေများ။

  • Cash & Bank (လက်ဝယ်ရှိငွေနှင့် ဘဏ်အပ်ငွေ) - လုပ်ငန်းရဲ့ လည်ပတ်ငွေသား (Liquidity)။

  • Prepayments (ကြိုတင်ပေးငွေ) - နောင်အတွက် ကြိုပေးထားတဲ့ ငွေများ။

  • အလွယ်မှတ်ရမယ်ဆိုရင် -Current Assets (ကာလတို ပိုင်ဆိုင်မှုများ) တွေက နေ့စဉ်သုံးဖို့ အိတ်ထဲက ပိုက်ဆံ တွေနဲ့ တူပါတယ်။ လည်ပတ်မှု မြန်ဆန်နေဖို့ လိုပါတယ်။


သစ်သီးခြံစိုက်ပျိုးရေး လုပ်ငန်းကို  ဥပမာ အနေနဲ့ ကြည့်ရအောင်

လုပ်ငန်းတစ်ခုကို သစ်သီးခြံကြီးတစ်ခုလို့ မြင်ယောင်ကြည့်ပါ။

၁။ Non-Current Assets (ကာလရှည် ပိုင်ဆိုင်မှု)

ဒါတွေက ခြံထဲမှာ အမြဲရှိနေရမယ့် "အခြေခံအဆောက်အအုံ" တွေပါ။

  • ခြံမြေ - သီးပင်တွေ စိုက်ထားတဲ့ မြေကြီး (Land)။

  • သစ်ပင်ကြီးတွေ- ရေရှည်မှာ အသီးပေးမယ့် သရက်ပင်၊ ဒူးရင်းပင်ကြီးများ (ဒီအပင်တွေကို ရောင်းဖို့စိုက်တာမဟုတ်ဘဲ အသီးရဖို့ စိုက်ထားတာပါ)။

  • ရေစုပ်စက်နှင့် ထွန်စက် - ခြံကို ပြုစုပျိုးထောင်ဖို့ သုံးတဲ့ ကိရိယာတွေ (Equipment/Machinery)။

မှတ်ချက် - ဒါတွေကို ရောင်းလိုက်ရင် လုပ်ငန်းရပ်သွားပါလိမ့်မယ်။ ဒါကြောင့် တစ်နှစ်ထက်ကျော်ပြီး သိမ်းထားရတာပါ။

၂။ Current Assets (ကာလတို ပိုင်ဆိုင်မှု)

ဒါတွေကတော့ နေ့စဉ်၊ လစဉ် ပြောင်းလဲနေမယ့် "လည်ပတ်စရာ" တွေပါ။

  • ခူးဆွတ်ပြီး အသီးများ (Inventory) - မကြာခင် ဈေးထဲပို့ရောင်းတော့မယ့် အသီးတွေ။ ဒါတွေက ငွေအဖြစ် ချက်ချင်းပြောင်းတော့မှာပါ။

  • ဝယ်သူထံမှ ရရန်ရှိငွေ (Accounts Receivable) -  အသီးတွေတော့ ပေးလိုက်ပြီ၊ ပိုက်ဆံကတော့ နောက်တစ်ပတ်မှ လာပေးမယ်ဆိုတဲ့ အကြွေး။

  • မျိုးစေ့နှင့် မြေသြဇာ - မကြာခင် သုံးပစ်တော့မယ့် ပစ္စည်းများ။

  • လက်ဝယ်ရှိငွေ (Cash) - အလုပ်သမားခပေးဖို့နဲ့ နေ့စဉ်သုံးဖို့ အိတ်ထဲမှာရှိတဲ့ ငွေ။

မှတ်ချက် - ဒါတွေကတော့ သစ်သီးခြံထဲမှာ အမြဲစီးဆင်းနေရပါမယ်။ လည်ပတ်မှု မြန်လေလေ (အသီးတွေ မြန်မြန်ရောင်းရလေလေ) လုပ်ငန်းက ပိုအောင်မြင်လေလေပါပဲ။

မြင်သာထင်သာရှိသွားအောင်  ဇယား နဲ့ နှိုင်းယှဉ်ကြည့်ရအောင်



Non-Current (ကာလရှည်)

Current (ကာလတို)

ရည်ရွယ်ချက်

အသုံးပြုရန် (To use)ရောင်းရန်/သုံးပစ်ရန် (To sell/consume)

သက်တမ်း

၁ နှစ်ထက် ပိုသည်၁ နှစ်အတွင်း

ငွေအဖြစ်ပြောင်းလဲမှု

ခက်ခဲသည် (နှေးသည်)လွယ်ကူသည် (မြန်သည်)

ဥပမာ

အဆောက်အအုံ၊ စက်ပစ္စည်းကုန်ပစ္စည်း၊ ငွေသား

လုပ်ငန်းတစ်ခုရဲ့ Balance Sheet ကို ကြည့်တဲ့အခါ Current Assets တွေဟာ "သွေးလည်ပတ်မှု" လိုပဲ။ သွေးမလျှောက်ရင် လူတစ်ယောက် မရှင်သန်နိုင်သလိုပဲ၊ Current Assets (ငွေသား) မလည်ပတ်ရင် လုပ်ငန်းဟာ ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဒုက္ခရောက်နိုင်ပါတယ်။

တစ်ဖက်မှာလည်း Non-Current Assets တွေဟာ လုပ်ငန်းရဲ့ "အရိုးအဆစ်" တွေပါ။ သူတို့က ခိုင်မာတောင့်တင်းနေမှသာ လုပ်ငန်းဟာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ Equity ပါပဲ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Equity ဟာ အမြတ်တွေကြောင့် တိုးပွားလာတာလား၊ ဒါမှမဟုတ် အကြွေးတွေကြောင့်ပဲ Assets တွေ တိုးနေတာလားဆိုတာကို အမြဲမျက်ခြေမပြတ် ကြည့်ဖို့ လိုပါတယ်။

"ပိုင်ဆိုင်မှုတွေ များနေရုံနဲ့ မလုံလောက်ပါဘူး၊ တကယ့် ကိုယ့်အပိုင် (Equity) တွေ ဘယ်လောက် တိုးတက်လာသလဲဆိုတာကမှ လုပ်ငန်းအောင်မြင်မှုရဲ့ တကယ့် မှတ်ကျောက်ပဲ ဖြစ်ပါတယ်" လို့ ကျွန်တော် ယူဆမိကြောင်း.....။



Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး