Chapter 1.10 (Financial Management) : Year-end Adjustments စာရင်းများရဲ့ အမှန်တရားကို ပုံဖော်ခြင်း

 

Chapter 1.10 (Financial Management) : Year-end Adjustments စာရင်းများရဲ့ အမှန်တရားကို ပုံဖော်ခြင်း

စာရင်းကိုင်လောကမှာ "Accrual Basis" ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ အဓိပ္ပာယ်ကတော့ ပိုက်ဆံပေးရသည်ဖြစ်စေ၊ မပေးရသေးသည်ဖြစ်စေ ဒီနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကုန်ကျစရိတ်နဲ့ ဝင်ငွေမှန်သမျှကို ဒီနှစ်စာရင်းထဲမှာပဲ ရှိနေစေရမယ်ဆိုတာပါ။ ဒါကြောင့် နှစ်ကုန်တဲ့အခါမှာ လက်ကျန်ခြေပြစာရင်း (Trial Balance) ကို ပြင်ပလောကက တကယ့်အဖြစ်အပျက်တွေနဲ့ ကိုက်ညီအောင် "ညှိနှိုင်း" ရပါတော့တယ်။ 

ဒါအတွက် အဆင့်ဆင့် အောက်ပါအတိုင်း ဖြတ်ရပါတယ် (Kieso et al., 2016)။

၁။ Depreciation (တန်ဖိုးလျော့ခြင်း) 

၂။ Provision (လျာထားချက်များ) 

၃။ Accruals (ပေးရန်ကျန်/ရရန်ကျန်များ)

၄။ Prepayments (ကြိုတင်ပေးစာရင်းများ)

၁။ Depreciation (တန်ဖိုးလျော့ခြင်း) 

လုပ်ငန်းမှာ သုံးဖို့ ကားဝယ်တယ်၊ ကွန်ပျူတာဝယ်တယ်ဆိုတာ ငွေကုန်တာထက် "ရင်းနှီးမြှုပ်နှံမှု" လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေက သုံးဖန်များလာတော့ ဟောင်းနွမ်းသွားတယ်၊ တန်ဖိုးကျသွားတယ်။ ဒါကို စာရင်းထဲမှာ Depreciation အဖြစ် ကုန်ကျစရိတ်ပြရပါတယ်။

  • ဥပမာ - ကွန်ပျူတာတစ်လုံးကို ၅ နှစ်သုံးမယ်ဆိုရင် သူ့တန်ဖိုးကို ၅ နှစ်ခွဲပြီး စရိတ်ပြတာဟာ တရားမျှတပါတယ်။ ဒါပေမဲ့ ထူးခြားတာက "မြေ" (Land) ပါပဲ။ မြေကတော့ အချိန်ကြာလေ တန်ဖိုးတက်လေမို့ သူ့ကို တန်ဖိုးလျော့စာရင်း လုံးဝမတွက်ရပါဘူး။ ဒါဟာ စာရင်းကိုင်တွေ သိထားရမယ့် အခြေခံ သီအိုရီတစ်ခုပါ။

Depreciation Methods (တန်ဖိုးလျော့တွက်ချက်နည်းများ)

လုပ်ငန်းခွင်မှာ အသုံးအများဆုံး နည်းလမ်း (၂) ခု ရှိပါတယ်-

  • Straight Line Method - နှစ်စဉ် တန်ဖိုးလျော့ပမာဏကို အညီအမျှ သတ်မှတ်တာပါ။ (ဥပမာ- တစ်နှစ်ကို ၁ သိန်းနှုန်းနဲ့ ၅ နှစ်တိတိ ဖြတ်တာမျိုး)

  • Reducing Balance Method - ကျန်ရှိနေတဲ့ တန်ဖိုးအပေါ်မှာ ရာခိုင်နှုန်းနဲ့ တွက်တာပါ။ (ပထမနှစ်တွေမှာ စရိတ်ပိုများပြီး နောက်ပိုင်းနှစ်တွေမှာ နည်းသွားတဲ့ ပုံစံမျိုးပါ)


လုပ်ငန်းမှာ တန်ဖိုးလျော့တွက်ရသည့် ပစ္စည်းများ (Depreciable Assets)

  • စက်ပစ္စည်းနှင့် ကိရိယာများ (Machinery and Equipment) - စက်ရုံသုံးစက်ကြီးများ၊ လျှပ်စစ်ပစ္စည်းများ။

  • မော်တော်ယာဉ်များ (Vehicles) - လုပ်ငန်းသုံး ကား၊ ဆိုင်ကယ်၊ ကုန်တင်ကားများ။

  • ရုံးသုံးပရိဘောဂများ (Furniture and Fixtures) - စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ လေအေးပေးစက်များ။

  • ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများ (Computers and IT Equipment) - Laptop, Printer များ။

  • အဆောက်အအုံများ (Buildings) - ဆိုင်ခန်း၊ ရုံးခန်းနှင့် စက်ရုံအဆောက်အအုံများ (ဒါပေမယ့် မြေကွက်မပါဝင်ပါ)။

ဘယ်လိုပစ္စည်းတွေကို တန်ဖိုးလျော့ "မတွက်" ဘူးလဲ?

  • မြေကွက် (Land) - မြေကြီးဟာ အချိန်ကြာပေမဲ့ ဟောင်းနွမ်းသွားတာမျိုးမရှိဘဲ ပုံမှန်အားဖြင့် တန်ဖိုးတက်လေ့ရှိလို့ တန်ဖိုးလျော့ မတွက်ရပါဘူး။

  • ရောင်းရန်ရှိသော ကုန်ပစ္စည်းများ (Inventory) - ဒါတွေက လုပ်ငန်းမှာ ရေရှည်သုံးဖို့မဟုတ်ဘဲ ပြန်ရောင်းဖို့ဖြစ်လို့ တန်ဖိုးလျော့မတွက်ဘဲ ကုန်ကျစရိတ် (Cost of Goods Sold) အနေနဲ့ပဲ တွက်ပါတယ်။

  • အသေးအမွှား ပစ္စည်းများ (Low-value items) - ခဲတံ၊ စာအုပ်၊ ဘောပင် စတဲ့ ပစ္စည်းလေးတွေက တန်ဖိုးနည်းပြီး ခဏပဲခံလို့ သူတို့ကို ဝယ်တဲ့နှစ်မှာပဲ အသုံးစရိတ် (Expense) အဖြစ် တိုက်ရိုက်ပြလိုက်ပါတယ်။

၂။ Provision (လျာထားချက်များ) - အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

"မဖြစ်သေးပေမဲ့ ဖြစ်လာမှာ သေချာတာတွေ" အတွက် ကြိုတင်ဖယ်ထားတာပါ။ အထူးသဖြင့် အစိုးရအခွန် (Tax) ပေါ့။ ဒီနှစ်ထဲမှာ ရခဲ့တဲ့ အမြတ်အပေါ်မှာ လာမယ့်နှစ်မှ အခွန်ဆောင်ရမှာ ဖြစ်ပေမယ့်၊ ဒီနှစ်ရဲ့ ကုန်ကျစရိတ်အဖြစ် ကြိုတင်လျာထားရပါတယ်။

ဒါအတွက်လည်အမျိုးအစားတွေကိုအောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

  1. Provision for Income Tax (ဝင်ငွေခွန်အတွက် လျာထားခြင်း)
  2. Provision for Bad Debts (အကြွေးမရနိုင်မှုအတွက် လျာထားခြင်း)
  3. Provision for Warranties (အာမခံချက်များအတွက် လျာထားခြင်း)

Provision for Income Tax (ဝင်ငွေခွန်အတွက် လျာထားခြင်း)

 ဥပမာ - ၂၀၂၄ ခုနှစ်မှာ ကိုယ့်လုပ်ငန်းက အမြတ် သိန်း ၁၀၀ ရတယ်ဆိုပါစို့။ အစိုးရကို အခွန်ပေးရမှာက ၂၀၂၅ ခုနှစ်ကျမှပါ။

  • ၂၀၂၅ ကျမှ ပိုက်ဆံရှာပြီး ပေးမယ်လို့ တွေးထားရင် အဲ့ဒီအချိန်မှာ လုပ်ငန်းအခြေအနေမကောင်းလို့ ပိုက်ဆံမရှိရင် ဒုက္ခရောက်နိုင်ပါတယ်။

  • ၂၀၂၄ အမြတ်ရတဲ့အချိန်မှာတင် "သိန်း ၂၀ ကတော့ အခွန်ဆောင်ဖို့ပဲ" ဆိုပြီး အမြတ်ထဲကနေ ကြိုဖယ်လိုက်တာပါ။ ဒါမှ ၂၀၂၄ ရဲ့ Net Profit (အသားတင်အမြတ်) က ပိုပြီး မှန်ကန်တိကျမှာ ဖြစ်ပါတယ်။

Provision for Bad Debts (အကြွေးမရနိုင်မှုအတွက် လျာထားခြင်း)

လုပ်ငန်းတစ်ခုမှာ အကြွေးနဲ့ ရောင်းထားတာတွေ (Accounts Receivable) ရှိတတ်ပါတယ်။ အဲ့ဒီထဲမှာ "တချို့ကတော့ ပေးမှာမဟုတ်ဘူး" ဆိုတာကို အတွေ့အကြုံအရ ကြိုသိနေတတ်ပါတယ်။

  • ဥပမာ - လူ (၁၀) ယောက်ကို အကြွေးရောင်းထားတယ်။ အဲ့ဒီထဲက (၁) ယောက်ကတော့ ဆိုင်ပိတ်ပြီး ထွက်ပြေးသွားတာမျိုး၊ ဒါမှမဟုတ် ဆက်သွယ်လို့မရတော့တာမျိုး ဖြစ်နိုင်ပါတယ်။

  • အဲ့ဒီမရနိုင်တော့တဲ့ အကြွေးပမာဏ (ဥပမာ- ရစရာရှိတဲ့အထဲက ၅%) ကို ဒီနှစ်ထဲမှာပဲ အရှုံး (Expense) အဖြစ် ကြိုတင်လျာထားလိုက်တာပါ။ ဒါမှ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုက အရှိအတိုင်း မှန်ကန်မှာ ဖြစ်ပါတယ်။

Provision for Warranties (အာမခံချက်များအတွက် လျာထားခြင်း)

ကိုယ်က ဖုန်းရောင်းတဲ့ဆိုင် ဆိုပါစို့။ ဖုန်းဝယ်တဲ့သူတွေကို "၁ နှစ်အတွင်း ပျက်ရင် အခမဲ့ပြင်ပေးမယ်" လို့ အာမခံ (Warranty) ပေးထားပါတယ်။

  • ဒီနှစ်ထဲမှာ ဖုန်းအလုံး ၁၀၀၀ ရောင်းရတယ်။ အတွေ့အကြုံအရ အလုံး ၃၀ လောက်ကတော့ ပျက်လို့ ပြန်လာပြင်မှာ သေချာပါတယ်။

  • အဲ့ဒီ အလုံး ၃၀ ကို ပြုပြင်ပေးရမယ့် စရိတ်ကို ခန့်မှန်းပြီး ဒီနှစ်စာရင်းထဲမှာ Provision အဖြစ် ကြိုဖယ်ထားရပါတယ်။ ဒါမှသာ ဖုန်းရောင်းရတဲ့ "ဝင်ငွေ" နဲ့ အဲ့ဒီဖုန်းအတွက် ကုန်ကျမယ့် "ပြုပြင်စရိတ်" က ကာလတစ်ခုတည်းမှာ ကိုက်ညီနေမှာ ဖြစ်ပါတယ်။

၃။ Accruals (ပေးရန်ကျန်/ရရန်ကျန်များ)

ဒီနေရာမှာလည်း Accrued Expense (ပေးရန်ကျန်) နဲ့ Accrued Income (ရရန်ကျန်) ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမြင်သာဆုံး ဥပမာကတော့ မီတာဆောင်တာမျိုးပါ။  ဥပမာ- ဒီဇင်ဘာလရဲ့ မီတာခကို ဇန်နဝါရီကျမှ ဆောင်ရမယ်။ ဒါပေမဲ့ မီတာသုံးခဲ့တာက ဒီဇင်ဘာ (ဒီနှစ်ထဲမှာ) မို့လို့ ငွေမချေရသေးပေမယ့် ပေးရန်ကျန်အဖြစ် စာရင်းသွင်းရပါတယ်။

 ပိုရှင်းအောင်ထပ်ကြည့်လိုက်ပါဦး

Accrued Expense (ပေးရန်ကျန်စရိတ်)

ကိုယ်က သူတပါးရဲ့ ဝန်ဆောင်မှုကို ယူထားပြီးပြီ၊ ဒါပေမဲ့ ပိုက်ဆံ မပေးရသေးတာပါ။

  •  ဝန်ထမ်းလစာ: ဝန်ထမ်းတွေက ဒီဇင်ဘာ (၁) ရက်ကနေ (၃၁) ရက်ထိ အလုပ်လုပ်ပေးသွားပြီ။ ဒါပေမဲ့ ကုမ္ပဏီက လစာကို ဇန်နဝါရီ (၅) ရက်ကျမှ ပေးမယ်ဆိုပါစို့။

    • စာရင်းသွင်းပုံ - ဒီဇင်ဘာလကုန်စာရင်းကို ပိတ်တဲ့အခါ အဲ့ဒီလစာဟာ ဒီဇင်ဘာအတွက် "စရိတ်" ဖြစ်သွားပြီမို့လို့ ငွေမချေရသေးပေမဲ့ Accrued Salaries အဖြစ် စာရင်းသွင်းရပါတယ်။

  • အိမ်ငှားခ - ဆိုင်ခန်းငှားခကို လကုန်မှ ပေးရတာမျိုး။ (၁) လလုံး ဖွင့်လှစ်အသုံးချပြီးပြီဖြစ်လို့ ပိုက်ဆံမပေးရသေးပေမဲ့ ပေးရန်တာဝန် (Liability) ရှိနေပါပြီ။

Accrued Income (ရရန်ကျန်ဝင်ငွေ)

ဒါကတော့ ကိုယ်က သူတပါးကို ဝန်ဆောင်မှု ပေးပြီးပြီ၊ ဒါပေမဲ့ ပိုက်ဆံ မရသေးတာပါ။

  • အတိုးဝင်ငွေ (Interest Income) - ကိုယ်က ဘဏ်မှာ ပိုက်ဆံအပ်ထားတယ်။ ဘဏ်က အတိုးကို (၆) လမှ တစ်ခါပဲ ထည့်ပေးတယ်။ ဒါပေမဲ့ ဒီဇင်ဘာလကုန်မှာ အတိုးက (၃) လစာ ရပိုင်ခွင့်ရှိနေပြီ။

    •  ဘဏ်ထဲကို ပိုက်ဆံမဝင်သေးပေမဲ့ ဒီ ၃ လစာ အတိုးဟာ ဒီနှစ်အတွက် "ဝင်ငွေ" ဖြစ်လို့ Accrued Interest Income အဖြစ် စာရင်းသွင်းရပါတယ်။

  • Project အလုပ်များ - အဆောက်အဦးတစ်ခု ဆောက်ပေးနေတယ်။ အမိုးမိုးတာ ပြီးသွားပြီ။ စာချုပ်အရ ပိုက်ဆံကတော့ နောက်လမှ တောင်းလို့ရမယ်။ ဒါပေမဲ့ အလုပ်က ပြီးသွားပြီဖြစ်လို့ ဒါဟာ ကိုယ့်ရဲ့ ရရန်ကျန်ဝင်ငွေ ပါပဲ။

ဘာကြောင့် Accruals တွေက အရေးကြီးလဲ

တကယ်လို့သာ Accruals တွေကို စာရင်းမသွင်းဘူးဆိုရင်- 

၁။ အမြတ်အစွန်း လွဲမှားခြင်း - ဒီနှစ်မှာ သုံးခဲ့တဲ့ မီတာခတွေ၊ လစာတွေကို စာရင်းမသွင်းရင် ဒီနှစ်မှာ အမြတ်တွေ အရမ်းများနေပြီး၊ နောက်နှစ်မှာမှ စရိတ်တွေပုံပြီး အမြတ်တွေ နည်းသွားပါလိမ့်မယ်။ 

၂။ အခြေအနေမှန်ကို မသိရခြင်း - လုပ်ငန်းမှာ တကယ်ပေးရမယ့် အကြွေးတွေ (Liabilities) ဘယ်လောက်ရှိနေပြီလဲဆိုတာကို မျက်ကွယ်ပြုထားသလို ဖြစ်သွားပါလိမ့်မယ်။


၄။ Prepayments (ကြိုတင်ပေးစာရင်းများ) - အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု

ဒါကတော့ Accruals ရဲ့ ပြောင်းပြန်ပါ။ ပိုက်ဆံကတော့ အိတ်ထဲက ထွက်သွားပြီ၊ ဒါပေမဲ့ ဝန်ဆောင်မှုကိုတော့ မရသေးတဲ့ အခြေအနေမျိုးပါ။

  • ဘာကြောင့် Asset (ပိုင်ဆိုင်မှု) လို့ ခေါ်တာလဲ?

    ပိုက်ဆံကြိုပေးထားတဲ့အတွက် ကိုယ့်မှာ အဲ့ဒီဆိုင်ခန်းကို ဆက်သုံးပိုင်ခွင့် (Right of use) ရှိနေပါပြီ။ ဒါကြောင့် သူ့ကို လက်ရှိပိုင်ဆိုင်မှု (Current Asset) အဖြစ် သတ်မှတ်တာပါ။

  • လက်တွေ့ဥပမာ (၁) - အာမခံကြေး (Insurance)

    လုပ်ငန်းသုံးကားအတွက် အာမခံကို ၁ နှစ်စာ ဒေါ်လာ ၁၂၀၀ ကြိုပေးလိုက်တယ်။ အဲ့ဒီအာမခံက ဒီနှစ် ဇူလိုင်မှာ စပြီး နောက်နှစ် ဇွန်လမှာ ဆုံးမယ်ဆိုပါစို့။

    • ဒီနှစ်စာရင်း - ဇူလိုင်ကနေ ဒီဇင်ဘာထိ (၆ လစာ) ဖြစ်တဲ့ $600 ကိုပဲ စရိတ်ပြရပါမယ်။

    • Prepayment - ကျန်တဲ့ $600 ကတော့ နောက်နှစ်အတွက် ကြိုပေးထားတာမို့လို့ ဒီနှစ်စာရင်းပိတ်ရင် Asset ဘက်မှာ ခဏသွားထားရပါမယ်။

  • အင်တာနက်/ဖုန်းဘေလ်

    လုပ်ငန်းသုံး အင်တာနက်ကို Package လိုက် ၆ လစာ ကြိုတင်ငွေဖြည့်ထားတာမျိုးပေါ့။ အသုံးမပြုရသေးသရွေ့ ဒါဟာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုပါပဲ။

Accruals နှင့် Prepayments နှိုင်းယှဉ်ချက်

အချက်အလက်Accruals (ပေးရန်ကျန်)Prepayments (ကြိုတင်ပေး)
ငွေပေးချေမှုမပေးရသေး (Cash not yet paid)ပေးပြီးပြီ (Cash already paid)
ဝန်ဆောင်မှုရပြီးပြီ (Service received)မရသေး (Service not yet received)
စာရင်းအမျိုးအစားLiability (ပေးရန်တာဝန်)Asset (ပိုင်ဆိုင်မှု)

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း 

၁။ Depreciation (တန်ဖိုးလျော့ခြင်း) 

၂။ Provision (လျာထားချက်များ) 

၃။ Accruals (ပေးရန်ကျန်/ရရန်ကျန်များ)

၄။ Prepayments (ကြိုတင်ပေးစာရင်းများ) လုပ်ပြီးရင် year end adjustment လုပ်လို့ရပါပြီ။

Year-end Adjustment လုပ်ရတဲ့အချိန်ဟာ အသေးစိတ်ဆုံးနဲ့ အာရုံအစိုက်ရဆုံးအချိန်ပါ။ ဘာလို့လဲဆိုတော့ ဒီညှိနှိုင်းချက်တွေက လုပ်ငန်းရဲ့ "အမြတ်" ကို တိုက်ရိုက် ပြောင်းလဲစေလို့ပါ။

  • Prepayment တွေကို သေသေချာချာ မနှုတ်မိရင် အမြတ်တွေ နည်းသွားနိုင်ပါတယ်။

  • Accruals တွေကို မေ့သွားရင်တော့ အမြတ်တွေ လိမ်ပြီး တက်နေတတ်ပါတယ်။

စစ်မှန်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ Trial Balance ကြီးကို ကိုင်ပြီး "ဒီနှစ်ထဲမှာ ငါတို့ တကယ်ဘာတွေ သုံးခဲ့လဲ၊ ဘာတွေ ရခဲ့လဲ" ဆိုတာကို အမှန်တရားအတိုင်း ပုံဖော်ပေးရပါတယ်။ ဒီညှိနှိုင်းချက်လေးခု (Depreciation, Provision, Accruals, Prepayments) ဟာ စာရွက်ပေါ်က စာရင်းတွေကို အသက်ဝင်စေတဲ့ အရာတွေပါပဲ။


References 

Kieso, D. E., Weygandt, J. J., & Warfield, T. D. (2016). Intermediate accounting (16th ed.). Hoboken, NJ: John Wiley & Sons.

Comments

Popular posts from this blog

Chapter 1 (Financial Management) : စီမံခန့်ခွဲမှု အနုပညာ

Chapter 1.1 (Financial management) : စီမံခန့်ခွဲသူတစ်ဦးရဲ့ အသက်သွေးကြော - Managerial Skills (၃) သွယ်

Chapter 2.6 (Financial Management) : Business Ownership စီးပွားရေးခရီးကို ပုံဖော်မည့် ပုံစံ (၃) မျိုး